Saturday, June 28, 2014

Put the glass down!


ယနေ့ သင်ရုံးမှ ပြန်တဲ့အခါ ဒီဇာတ်လမ်းလေးကို ဖတ်ပြီးဆင်ခြင်ပေးပါ။ဒီဇာတ်လမ်းလေးဟာသင့်အတွက် ကြီးမားတဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်မယ်လို့မျှော်လင့်ပါတယ်။

တစ်နေ့မှာ ပါမောက္ခကြီးတစ်ဦးဟာ ရေထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ကို ကိုင်ပြီးသင်တန်းခန်းမထဲကိုဝင်လာပါတယ်။ သူဟာ အဲဒီဖန်ခွက်ကိုအားလုံးမြင်နိုင်အောင်မြှောက်ပြီး “တပည့်တို့ ဒီဖန်ခွက်ဘယ်လောက်လေးတယ်ထင်သလဲ”လို့သင်တန်းသား၊ သင်တန်းသူများကိုမေးလိုက်ပါတယ်။

သင်တန်းသား/သူ တွေက “50g! …..  ‘100g!’ ….. ‘125g’ လို့တစ်ယောက်တစ်ပေါက်နဲ့
ထင်တာကို ဖြေကြတာပေါ့။

အဲဒီမှာ ပါမောက္ခကြီးက “ဒီ ဖန်ခွက်ကို မချိန်ကြည့်ပဲနဲ့တော့ ဆရာကိုယ်တိုင်လဲသိမှာမဟုတ်ပါဘူး” လို့ပြန်ဖြေပြီး “ဒါပေမယ့် ဆရာတစ်ကယ်သိချင်တာက ဒီဖန်ခွက်ကိုမိနစ်အနည်းငယ်ကြာ ဒီလိုမြှောက်ပြီးကိုင်ထားရင်ကော ဘာတွေဖြစ်လာမလဲဆိုတာပါပဲ”
လို့ သင်တန်းသား/သူ တွေကို မေးလိုက်ပါတယ်။

သင်တန်းသား/သူများက “ဘာမှ မဖြစ်နိုင်ပါဘူးဆရာ” လို့ပြန်ဖြေကြတာပေါ့။

ပါမောက္ခကြီးကဆက်ပြီးတော့ “တကယ်လို့ အခုလို ၁နာရီလောက်ဆရာကိုင်ထားရင်ကောဘာဖြစ်လာမလဲ တပည့်တို့” လို့ထပ်မေးတော့ ကျောင်းသားတစ်ယောက်က “ဆရာ့လက်တွေနာကျင်ကိုက်ခဲလာလိမ့်မယ် လို့ဖြေပါတယ်။

ပါမောက္ခကြီးက “သိပ်မှန်တာပေါ့ကွာ၊ ကဲ ဆရာတကယ်လို့တစ်နေကုန်ကိုင်ထားရင်ကောကွာ’’ လို့မေးတော့ နောက်ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီး“အဲလိုသာတစ်နေကုန်ကိုင်ထားရင်တော့ ဆရာရေ ဆရာ့လက်မောင်းထုံကျင်ပြီးကြွက်သားတွေဆိုးဆိုးရွားရွားထိခိုက်ပြီး သွက်ချာပါဒဖြစ်လို့ ဆေးရုံကိုရောက်မှာ
သိပ်သေချာတယ်” လို့ဖြေတော့ အခြားအတန်းသားများက အဖြေကိုသဘောကျပြီးရယ်မောကြပါတယ်။

“သိပ်မှန်တာပေါ့ကွာ၊ ဒါနဲ့ အဲဒီလိုတစ်နေကုန်ကိုင်ထားတုန်းဖန်ခွက်ရဲ့အလေးချိန်ကပြောင်းသွားသေးလား” လို့ ပါမောက္ခကြီးကမေးတော့သင်တန်းသား/သူ များက “မပြောင်းပါဘူးဆရာ” လို့တခဲနက်ပြန်ဖြေတော့ ပါမောက္ခကြီးက
“ဒါဆို ဘာကြောင့်လက်မောင်းတွေနာကျင်ပြီး ကြွက်သားတွေကိုက်ခဲလာရတာလဲ”လို့ထပ်မေးတော့ ကျောင်းသားများကမဖြေနိုင်တော့ပဲ
ဖြစ်သွားကြပါတယ်။

“ဒါဆိုရင် ဆရာ့လက် မနာကျင်အောင် ဘယ်လိုလုပ်ရမလဲတပည့်တို့” လို့ထပ်မေးတော့ကျာင်းသားတစ်ယောက်က “ဖန်ခွက်ကို မကိုင်တော့ပဲ ချလိုက်ပါဆရာ” လို့ပြန်ဖြေတော့ပါမောက္ခကြီးက “သိပ်မှန်တာပေါ့” “ဘ၀မှာကြုံတွေ့ရမယ့် အခက်အခဲ ပြဿနာတွေက
အဲဒီလိုပါပဲ” လို့ပြန်ဖြေပါတယ်။

“တကယ်လို့သင်ဟာ အဲဒီ အခက်အခဲ ပြဿနာတွေကို ခေါင်းထဲမှာမိနစ်အနည်းငယ်ပဲထည့်ထားရင် ဘာမှမဖြစ်နိုင်ပေမယ့် အချိန်ကြာကြာသာတွးတောနေမယ်ဆိုရင်တော့ သင်တို့ဟာ တစ်ဖြည်းဖြည်းခေါင်းကိုက်လာပါမယ်”“ဒီထက်ပိုပြီးကြာလာရင်တော့ အဲဒီ အခက်အခဲ ပြဿနာတွေက သင့်ကိုသွက်ချာပါဒပါဖြစ်စေနိုင်ပါတယ်” “အဲဒီအချိန်ဆိုရင် သင်ဘာမှ လုပ်ဆောင်နိုင်တော့မှာ
မဟုတ်တော့ပါဘူး”

သင့်ဘ၀မှာကြုံတွေ့ရမယ့် အခက်အခဲ ပြဿနာတွေကြောင်းကိုတွေးတောစဉ်းစားတာဟာသင့်အတွက် အရေးပါ ပါတယ်။

ဒါ့ထက်ပိုအရေးကြီးတာကတော့ သင်အိပ်ရာမ၀င်ခင် အဲဒီ အခက်အခဲတွေကို ခေါင်းထဲကထုတ်လိုက်တာပါပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ စိတ်ဖိစီးမှုမရှိပဲ နေ့စဉ်အားပြည့်လန်းဆန်းစွာနဲ့ အိပ်ရာကနိုးထနိုင်တဲ့ အပြင်၊ ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် ကိုင်တွယ်ဖြေရှင်းနိုင်ပြီး စိန်ခေါ်မှုများကိုသင်အမြဲအနိုင်ယူနိုင်မှာပဲဖြစ်ပါတယ်။ (Enervon C သောက်စရာ မလိုတော့ဘူးပေါ့ :P)

ဒါ့ကြောင့် *သင့်ရဲ့ဖန်ခွက်ကို ချထားခဲ့ဖို့ မမေ့ပါနဲ့။*

No comments:

Post a Comment