နှစ်ယောက်အတူတွေ့ဖို့
ချိန်းတိုင်း ချစ်သူက ဖုန်းတစ်ဖက်ကနေ "ဘာဖြစ်လို့ အလှပြင်နေသေးလဲ! ခင့်ရဲ့
ဘာမှလိမ်းမထားတဲ့ ဖြူဖြူစင်စင် မျက်နှာလေးကိုပဲ မောင်ကချစ်တာ" လို့
အမြဲပြောတတ်တယ်။
ချစ်သူရဲ့
အဲဒီလိုစကားမျိုးကို ယောင်လို့တောင် နားမဝင်လိုက်ပါနဲ့! ယောက်ျားအများစုက
ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ချိန်တစ်ခါက ဒီလို "နားဝင်ချို"
တဲ့စကားမျိုး ပြောဖူးကြပါလိမ့်မယ်။ တကယ်တမ်းကျတော့ စိတ်ရှည်သည်းခံမှုနည်းတဲ့
ယောက်ျားတွေမှာမှ ဒီလိုစကားမျိုးကို ကြားရတတ်ပါတယ်။ သူတို့ရဲ့ စကားကို နားဝင်ပြီး
သူတို့နဲ့ချိန်းတွေ့တဲ့အချိန် ဘာမှလိမ်းမထားဘဲ သွားခဲ့ရင် အဲဒီနေ့တစ်နေ့လုံး
ကိုယ်က တစ်ခြားမိန်းကလေးထက် ပိုရုပ်ဆိုးနေသလို ခံစားရပြီး ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းကို
တစ်ခြားမိန်းမလှလေးတွေ ကြည့်ရှူဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
အကြံ
(၁) ကိုယ်လှတယ် ထင်တဲ့အရာကို ယောက်ျားတွေက လှတယ်လို့ မခံစားမိဘူး
အလှပြင်ထားတဲ့
မိန်းကလေးတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင်ကို လန်းဆန်းတက်ကြွမှုတွေ ဖြစ်စေသလို မြင်ရသူကိုလည်း
စိတ်ချမ်းသာစေပါတယ်။ ဒါပေမယ့် ယောက်ျားနဲ့မိန်းမတို့ရဲ့ အတွေးအခေါ်က ခြားနားမှု
ကြီးမားတတ်တော့ တစ်ခါတလေ ကိုယ်ဆိုးလိုက်ရင် ဆွဲဆောင်မှုပိုရှိသွားမယ်လို့ ထင်တဲ့
နုတ်ခမ်းနီအရောင်က သူတို့အတွက် မလှမပ ဖြစ်သွားတတ်ပါတယ်။
အကြံ
(၂) အလှဆိုတဲ့ ယဉ်ကျေးမှုက ကိုယ့်သွင်ပြင်လဏ္ခာကို ဖော်ပြနေသလိုပဲ
မိန်းကလေးတွေ
အလှပြင်တာနဲ့ ပတ်သက်ပြီး ယောက်ျားတွေမှာ ပြောစရာစကားက ရှိလာတယ်။ ယောက်ျားတစ်ချို့က
မပြင်မဆင်တဲ့ သဘာဝအလှရှင် မိန်းကလေးတွေကို ကြိုက်ကြသလို တစ်ချို့က
ပြင်ပြင်ဆင်ဆင်ရှိတဲ့ ရင့်ကျက်အလှရှင် မိန်းကလေးတွေကို သဘောကျကြတယ်။ မိန်းကလေး
အလှပြင်တာကို ယောက်ျားတစ်ချို့က လက်ခံကြတယ်။ ဥပမာ- ကိုအောင်မင်းက မိန်းကလေးတွေ
အလှပြင်တာကို နှစ်သက်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်တယ်။ မိန်းကလေးတွေ အလှပြင်ပြီးနောက်
မျက်နှာတွေ ပိုဝင်းပလာတယ်လို့ သူထင်တယ်။ မိန်းကလေးတစ်ယောက်ရဲ့ သွင်ပြင်လဏ္ခာကို
သူပြင်ထားတဲ့ အလှထဲကနေ မြင်နိုင်တယ်လို့ သူထင်တယ်။ ဒါကြောင့် အလုပ်က မိန်းကလေး
ဝန်ထမ်းတွေ အလှပြင်တာကို သူနှစ်သက်တယ်။ ကြည့်သူကို ကြည်လင်သန့်ရှင်းမှုတွေ
ပေးတဲ့အပြင် အလုပ်လုပ်နေတဲ့အချိန်မှာ ပိုတက်ကြွမှုရှိစေတယ်။ မိန်းကလေးတွေ
အလှပြင်တာလည်း ယဉ်ကျေးမှုတစ်ခုပါပဲ။ ချစ်သူနဲ့ချိန်းတွေ့ချိန်မှာ ချစ်သူအပေါ်
သူဘယ်လောက် အရေးထားတယ်ဆိုတာကို သူပြင်ထားတဲ့ အလှကနေ ခွဲခြားနိုင်ပါတယ်။
အကြံ
(၃) အလှပြင်တဲ့အခါ သိပ်Over မဖြစ်စေနဲ့
ကွန်ပြူတာ
အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ ကိုမင်းမင်းက သူ့အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်က
မိန်းကလေးတွေ အလှသိပ်မပြင်ကြဘူးလို့ ဆိုပါတယ်။ နုတ်ခမ်းနီလောက်နဲ့ပဲ ပြီးသွားကြတဲ့
မိန်းကလေးတွေ များတယ်လို့ သူပြောပါတယ်။ အလုပ်ထဲမှာ မိန်းကလေးတွေများပေမယ့်
အလှပြင်တဲ့ မိန်းကလေးတွေကို သူနှစ်သက်ကြောင်း ကိုမင်းမင်းက ဝန်ခံပါတယ်။ ဒါပေမယ့်
မိတ်ကပ်၊ နုတ်ခမ်းနီတွေနဲ့ over ဖြစ်အောင် ပြင်ဆင်ထားရင်တော့ သူကြည့်မရကြောင်း
ပြောပါသေးတယ်။ မိန်းကလေးတွေ နုတ်ခမ်းနီဆိုတာကို သူပိုနှစ်သက်ကြောင်း၊
မိတ်ကပ်တွေနဲ့ လွန်လွန်ကျွံကျွံ မပြင်ထားရင်တောင် အနည်းဆုံး နုတ်ခမ်းပေါ်
အရောင်လေးတင်လိုက်ရုံနဲ့တင် မြင်သူကို စိတ်ချမ်းသာစေကြောင်း ကိုမင်းမင်းက
ဆက်ပြောပါတယ်။
အကြံ
(၄) မလိုက်ဖက်တဲ့အရောင်က မြင်သူကို စိတ်ပျက်စေတယ်
အားကစားမှူးတစ်ဦးဖြစ်တဲ့
ကိုရဲက မိန်းကလေးတွေရဲ့ မျက်လုံးကို ကြည့်ရတာ နှစ်သက်ကြောင်း ပြောပါတယ်။ ဒါကြောင့်
မျက်လုံးပေါ်မှာ အရောင်လေးတင်မယ်၊ ဥပမာ မျက်ရစ်၊ လိုင်နာတွေ ဆိုးထားတဲ့
မိန်းကလေးဆိုရင် ကိုရဲက အမှတ်တိုးပေးတတ်တယ်။ မျက်လုံးတစ်ဝိုက် အရောင်ခြယ်တတ်ရင်
အဲဒီမိန်းကလေး အရမ်းလှတယ်လို့ သူခံစားရတယ်။ ဒါပေမယ့် အရောင်အရမ်းတောက်ရင်၊
လွန်လွန်ကျူးကျူးဖြစ်နေရင်တော့ မြင်ရသူကို စိတ်ပျက်စေတယ်။ တစ်ချို့မိန်းကလေးတွေက
ကိုယ်နဲ့ မလိုက်ဖက်တဲ့ မိတ်ကပ်ရောင်၊ နုတ်ခမ်းနီအရောင်တွေကို သုံးစွဲတတ်တယ်။ အဲဒီအခါ
နဂိုရှိရင်းစွဲ မျက်နှာအလှက ပိုမပေါ်လွင်တော့ဘဲ မိတ်ကပ်အရောင်ကြောင့် ပိုအကြည့်ရ
ရုပ်ဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အလှပြင်ပစ္စည်းတွေကို မဝယ်ခင် ကိုယ်နဲ့လိုက်ဖက်မှု
ရှိမရှိ အရောင်းဝန်ထမ်း ဒါမှမဟုတ် သူငယ်ချင်းတွေကို မေးမြန်းပြီးမှ ဝယ်သင့်ပါတယ်။
အကြံ
(၅) မျက်နှာပေါ်ကအလှ သုံးမိနစ်နဲ့ ပေါ်လွင်ရအောင်
မိန်းကလေးတွေ
အလှပြင်တာကို ပတ်ဝန်းကျင်က ယောက်ျားလေးတွေ ဘယ်လိုပဲမြင်မြင်၊ ဘယ်လိုပဲပြောပြော
သူတို့ရဲ့အကြံကို လက်ခံတာ ကိုယ့်အတွက်တော့ မမှားပါဘူး။ အထက်က ယောက်ျားလေးတွေရဲ့
အကြံကို ကြည့်ခြင်းအားဖြင့် ယောက်ျားအများစုက မိန်းကလေးတွေ အလှပြင်တာကို
ပိုနှစ်သက်ကြတယ်ဆိုတာကို တွေ့ရတယ်။ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုအပြင်အဆင်မျိုး
ပြင်ဆင်သင့်တယ်ဆိုတာကို မိန်းကလေးတွေ နားလည်ဖို့ လိုပါတယ်။ ဒါကြောင့်
နောင်တစ်ကြိမ်မှာ ချစ်သူ ဒါမှမဟုတ် ယောက်ျားက စောင့်ဆိုင်းဖို့ စိတ်ရှည်သည်းခံမှု
မရှိခဲ့ရင်တောင် သုံးမိနစ် အလှပြင်နည်းနဲ့ ကိုယ့်ကိုယ်ကို လန်းဆန်းတက်ကြွအောင်
ပြင်ပါ။ သူတို့ပြောတဲ့ "နားဝင်ချို" စကားကို နားယောင်ပြီး
မျက်နှာပြောင်နဲ့ အိမ်ကနေ ထွက်မသွားလိုက်ပါနဲ့....
မူရင်း
ရေးသားသူ .. ပန်းကလေး (花ㄦ) ရဲ့ "မိန်းကလေးတွေ
အလှပြင်တာနဲ့ ပတ်သက်ပြီး ယောက်ျားတွေမှာ ပြောစရာစကား ရှိတယ်" ကို
ဆီလျှော်အောင် ဘာသာပြန်ပါတယ်။
No comments:
Post a Comment