Saturday, July 5, 2014

ခွဲစိတ်လို့ရတဲ့ ဆေးရုံ



နယူးယောက်ကနေ လန်ဒန်ကိုသွားတဲ့ လေယာဉ်ပေါ်မှာ ကျွန်တော်ဘေးက ခရီးသည်တစ်ဦး တော်တော်လေး ဖော်ရွေတာကို ကျွန်တော်သတိထားလိုက်မိတယ်။ သူဟာ ဗဟုသုတ ကျယ်ပြန့်တဲ့အပြင် သိပ္ပံနည်းပညာမှာလည်း အတော်တတ်ကျွမ်းတယ်။ အာဖရိကက အခြေအနေတွေကို သူသိနားလည်နေတာကိုက ကျွန်တော့်ကို ပိုစိတ်ဝင်စားစေခဲ့တယ်။

သူနဲ့ကျွန်တော် စကားတွေ အများကြီးပြောဖြစ်တယ်။ သားသမီးတွေအကြောင်းရောက်တော့ ကျွန်တော့်သားက လိုင်စင်ရဆရာဝန် ဖြစ်ပြီဆိုတဲ့အကြောင်း၊ မကြာခင် ဆေးရုံကြီးတစ်ခုမှာ တာဝန်သွားထမ်းဆောင်တော့မယ့် အကြောင်းကို ကျွန်တော်ဝင့်ကြွားစွာ ပြောဖြစ်တယ်။

ကျွန်တော့်စကားကြားတော့ ရုတ်တရက် သူခဏ ငြိမ်ကျသွားတယ်။ ပြီးမှ သူမှာလည်း ဆရာဝန်သားတစ်ယောက် ရှိခဲ့ဖူးတဲ့အကြောင်း ပြောပြတယ်။ ဘာဖြစ်လို့ “ရှိခဲ့ဖူးတယ်”လို့ သူပြောရသလဲ? လက်ရှိမှာ သူ့သားဟာ ဆရာဝန် မဟုတ်တော့လို့လား?

ကျွန်တော့်ကို ဓာတ်ပုံတစ်ပုံ သူထုတ်ပြတယ်။ ဓာတ်ပုံထဲမှာ ငယ်ရွယ်တဲ့ ဆရာဝန်တစ်ဦးက လူနာကို ဆေးကုသ ပေးနေတယ်။ လူနာက ဆင်းရဲသား၊ အာရှတိုက်သားမှန်း ပုံကြည့်တာနဲ့တင် သိနိုင်တယ်။ ပြီးတော့ သူက ဆက်ပြီး သူ့သားဟာ အသက် ၃ဝမှာပဲ သေဆုံးသွားပြီဖြစ်တဲ့အကြောင်း ကျွန်တော့်ကို ပြောပြတယ်။

ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော့်သားကို ဂုဏ်ယူ ဝင့်ကြွားမိတဲ့ စကားက ဒီလို စိတ်မကောင်းစရာ စကားဝိုင်းဖြစ်သွားမယ်လို့ ကျွန်တော် မထင်ခဲ့မိဘူး။ အဲဒီအတွက် ကျွန်တော်နောင်တရမိပါတယ်။

ရှက်ရွံ့သွားတဲ့ ကျွန်တော့်ကို သူရိပ်မိသွားပေမယ့် သူ့သားအကြောင်း ကျွန်တော့်ကို သဘောရိုးနဲ့ ပြောပြခဲ့တယ်။ သူသားမှာ ကြီးမားတဲ့ ရည်ရွယ်ချက်ရှိပြီး ဆေးကျောင်းတက်ရတဲ့ အဓိကအကြောင်းရင်းက ဆင်းရဲသားတွေကို ဆေးကုသပေးဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခုထဲ သူပါဝင်လိုက်တယ်။ အဲဒီအဖွဲ့အစည်းက ဆရာဝန်တွေကို ဆင်းရဲတဲ့ နေရာတွေမှာ ဆေးကုသနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နောက်တော့ သားဟာ ပါကစ္စတန်ရဲ့ ဝေသီတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

သားရဲ့စာထဲကနေ အဲဒီနေရာဒေသဟာ အလွန်ဆင်းရဲတဲ့အကြောင်း အနည်းအများ သိလိုက်ရတယ်။ ဒါပေမယ့် သား ဘယ်တော့မှ မညည်းတွားခဲ့ဘူးလို့ သူက ကျွန်တော့်ကို ပြောပြပြန်တယ်။

တစ်နေ့မှာ သားဆုံးသွားပြီဆိုတဲ့အကြောင်း အဝေးကလာတဲ့ ဖုန်းကို သူလက်ခံလိုက်ရတယ်။ ရာသီဥတု ပူပြင်းတာကြောင့် သားအလောင်းကို ကြာရှည်မထားနိုင်ဘဲ ချက်ချင်း မီးသင်္ဂြိုလ်လိုက်ရတယ်လို့ ပြောပါတယ်။ ဖုန်းဆက်လာသူက သား တာဝန်ထမ်းဆောင်တဲ့ ပါကစ္စတန်က ကိုယ်စားလှယ်ဖြစ်ပြီး မတတ်သာတဲ့ အခြေအနေမှာ ဖြစ်သွားတဲ့အကြောင်းရင်းကို ထပ်သလဲလဲ သူ့ကို ရှင်းပြခဲ့တယ်။ ဖြစ်လာသမျှကို သူလက်ခံလိုက်ပြီး သားရဲ့ပြာအိုးကို ကိုယ့်နေရပ်မှာ မြုပ်နှံဖို့ လေယာဉ်ကွင်းမှာ သူသွားယူခဲ့တယ်။

သေဆုံးသွားတဲ့ သားမှာ ပစ္စည်းတစ်ချို့ ကျန်ရစ်ခဲ့တယ်။ အဲဒီပစ္စည်းတွေကို သားနဲ့အတူ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်က ပါကစ္စတန်ကနေ သူ့ကို ပို့ပေးခဲ့တယ်။ စာအဆက်အသွယ်တွေ ရှိပြီးနောက် အဲဒီဆရာဝန်အကြောင်းကို သူ အနည်းအကျဉ်း သိလာခဲ့ရတယ်။ အဲဒီ ပါကစ္စတန် ဆရာဝန်ဟာ တစ်ချိန်က အမေရိကားမှာ တစ်နှစ်ကြာ Research လုပ်ခဲ့ဖူးတဲ့အကြောင်း၊ တစ်အိမ်သားလုံး အမေရိကားကို ပြောင်းရွေ့သွားခဲ့ပေမယ့် ခိုင်မြဲတဲ့ ရည်ရွယ်ချက်ကြောင့် သူတစ်ဦးတည်း ပါကစ္စတန်မှာပဲ “ခြေဗလာ” ဆရာဝန် လုပ်ခဲ့တဲ့အကြောင်းတွေဖြစ်တယ်။

သားသေဆုံးသွားတဲ့ နေရာ ပါကစ္စတန်ကို သူ တော်တော် စိတ်ဝင်စားခဲ့တယ်။ ဒါကြောင့် သား တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ နေရာကို သူအရောက်သွားခဲ့တယ်။

မရောက်ဖူးတဲ့ နေရာဒေသကို ခြေအချမှာပဲ သူအရမ်း အံသြသွားခဲ့မိတယ်။ ဆင်းရဲလွန်းတဲ့ မြို့ငယ်လေးအတွက် နှိုင်းပြစရာ မရှိခဲ့ဘူး။ သားတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆေးရုံကို ပြောရမယ်ဆိုရင် ဆေးရုံတစ်ခုလုံးမှာ ပန်ကာတစ်ခုပဲရှိတယ်။ မီးသီးတွေရှိပေမယ့် အုပ်ဆောင်းတွေ မရှိဘူး။ မီးက လာလိုက်၊ မလာလိုက်။ ဆေးရုံရဲ့ အသုံးအဆောင်တွေက သာမန်လွန်းတယ်ဆိုတာထက် ပိုဆိုးနေတယ်။ x-ray ရိုက်ဖို့ စက်တောင် မရှိခဲ့ပါဘူး။

နယ်ခံဆရာဝန်တွေက လခစားတွေဖြစ်တယ်။ ရတဲ့လခက နည်းပေမယ့် စားဝတ်နေရေးအတွက် ဖူလုံတယ်လို့ ပြောရမယ်။ ခက်တာက ဆေးရုံမှာ ဆေးဝါးတွေ မရှိသလောက်ဘဲ။ နယ်ခံတွေက ဆင်းရဲသားတွေ ဖြစ်တဲ့အတွက် ဆေးဖိုးဝါးခ တစ်ပြားတစ်ချပ်မှ မထုတ်နိုင်ခဲ့ကြဘူး။ အစိုးရ ထောက်ပံ့ကြေးတွေကလည်း အင်မတန် နည်းတဲ့အတွက်ကြောင့် ဆရာဝန်တွေက အရပ်တကာလှည့်ပြီး အလှူငွေ ကောက်ခံခဲ့ရသေးတယ်။ ဆေးရုံအတွက် အခြေခံဖြစ်တဲ့ ပတ်တီး၊ ပိုးမွှားသတ်ဆေးရည်နဲ့ ဆေးရုံမှာရှိသင့်တဲ့ ဆေးဝါးတွေအတွက် ဖြစ်တယ်။

သားဆရာဝန်သေဆုံးရတဲ့ အကြောင်းရင်းကို သူမေးတော့ အူအတက်ပေါက် ရောဂါကြောင့်ဖြစ်ပြီး ချက်ချင်း ခွဲစိတ်ကုသနိုင်ရင် အသက် မဆုံးရှုံးနိုင်တဲ့အကြောင်း သိလိုက်ရတယ်။ ဒါပေမယ့် ဆေးရုံမှာ ခွဲစိတ်ဖို့ အသုံးအဆောင် မရှိခဲ့ဘူး။ သူဟာ (သားရဲ့လုပ်ဖော်ကိုင်ဖက် ဆရာဝန်) Surgeon တစ်ဦးမဟုတ်တဲ့အတွက် စက်ဘီးစီးပြီး နီးစပ်ရာ ရဲငှာနတစ်ခုမှာ အရေးပေါ်ယာဉ်တစ်စီးကို ဖုန်းဆက်ခေါ်ခဲ့တယ်။ ၂နာရီကျော်ကြာမှ ယာဉ်ရောက်လာခဲ့တယ်။ ခွဲစိတ်လို့ရတဲ့ အနီးဆုံးဆေးရုံက ကီလိုမီတာ ၁၂ဝ ကျော်မှာဖြစ်တယ်။ နာသထက်နာလာတဲ့ ဝေဒနာနဲ့သားကို ဆေးရုံပို့ဆောင်ပေးခဲ့ပေမယ့် လမ်းတဝက်မှာပဲ သေဆုံးသွားခဲ့ရတယ်။

နယ်ခံဆရာဝန်ကို “ဒီဆေးရုံရဲ့ အနီးအနားမှာ ခွဲစိတ်လို့ရတဲ့ ဆေးရုံတစ်ဆောင် အစိုးရ ဆောက်ပေးနိုင်မလား?” လို့ သူမေးခဲ့တယ်။

မြို့ငယ်နဲ့ ၁ဝကီလိုမီတာအကွာမှာ ဒိထက်ကောင်းတဲ့ ဆေးရုံဆောက်ဖို့ အစိုးရက စီမံကိန်းတွေ ဆွဲခဲ့တဲ့အကြောင်း၊ ဆေးရုံဆောက်ဖို့ မြေကွက်လည်းရပြီ၊ အဆောက်အဦးပုံစံလည်း ဆွဲပြီးတဲ့ချိန်မှာ ဆေးရုံဆောက်ဖို့ ငွေကြေးတွေ မရှိတော့ကြောင်း အစိုးရက သူတို့ကို အသိပေးခဲ့တယ်လို့ ဆရာဝန်က ပြောပြတယ်။

"ဆေးရုံဆောက်ဖို့ လျာထားတဲ့ ငွေတွေ ဘယ်ရောက်ကုန်သလဲ? လို့ သူဆက်မေးခဲ့တယ်။

(Patriot missile) ဒုံးခွင်းဒုံးကျည် တစ်ချို့ဝယ်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ အဖြေကို သူရလိုက်တယ်။ အဲဒီဒုံးကျည်တစ်ခုဟာ အမေရိကန် ဒေါ်လာ ၁ဝသန်းရှိတဲ့အကြောင်း၊ ဆေးရုံတစ်ရုံဆောက်ဖို့ အမေရိကန် ဒေါ်လာ ၁သိန်းသာ ကုန်ကျမည့်အကြောင်း၊ ပါကစ္စတန် အစိုးရက ဒုံးခွင်းဒုံးကျည်တွေ ဝယ်ခဲ့တာကြောင့် ခွဲစိတ်လို့ရတဲ့ ဆေးရုံကို မဆောက်ဖြစ်ခဲ့တဲ့အကြောင်း သိလိုက်ရတယ်။

နယ်ခံဆရာဝန်က ဆက်ပြီး ပါကစ္စတန်နဲ့ အိန္ဒိယဟာ ကမ္ဘာ့ရန်သူတွေဖြစ်တယ်။ အိန္ဒိယကလည်း ကုန်ကောက်စရာ မရှိအောင် ဆင်းရဲပေမယ့် Aircraft carrierတွေ၊ အဝေးပစ် ဒုံးကျည်နဲ့ Nuclear submarine မဏုမြူ ရေငုပ်သဘောင်္တွေ ရှိတဲ့အတွက် ပါကစ္စတန်ကလည်း ဒုံးကျည်တွေ ဝယ်ခဲ့တယ်လို့ ရှင်းပြပြန်တယ်။

ဆရာဝန်က ဆက်ပြီး သူဟာ သိပ္ပံနည်းပညာကိုလည်း သင်ကြားဖူးတာကြောင့် ဒီဒုံးကျည် အဆမတန် ဈေးပေးရခြင်းကိုလည်း သူနားလည်တယ်လို့ ဆိုပါတယ်။ ပညာရှိ သိပ္ပံပညာရှင်တစ်ချို့က ဒီလိုလက်နက်တွေကိုသာ ထီထွင်ဖို့ ကြိုးစားခဲ့ကြပြီး သူတို့သာလည်း လက်နက်တည်ဆောက်ပုံတွေကို သိတာကြောင့် ဒီလိုလက်နက်ထုတ်တဲ့ ကုမ္ပဏီတွေက ဈေးနှုန်းကိုအဆမတန် ကြီးမြင့်နိုင်ကြောင်း၊ သနားစရာကောင်းတာက ဆင်းရဲတဲ့နိုင်ငံက ပြည်သူလူထုတွေဖြစ်ပြီး နဂိုကတည်းက ငွေကြေးမရှိတဲ့ အစိုးရက ဒီလိုလက်နက်တွေ ပိုင်ဆိုင်ဖို့ ငွေတွေ သုံးပစ်တာကြောင့် နိုင်ငံအတွက် ဘာမှမတည်ဆောက်ပေးတဲ့အကြောင်း ပြောပြန်တယ်။ တကယ်လို့ သိပ္ပံပညာရှင်တွေ ဒီလို လက်နက်တွေ ထီထွင်ဖို့ မကြိုးစားခဲ့ရင် ဆင်းရဲတဲ့နိုင်ငံကငွေတွေ လက်နက်ဝယ်ယူတဲ့နေရာမှာ သုံးဖြုန်းမိမှာ မဟုတ်ဘူးလို့လည်း ဆိုတယ်။

အဲဒီနောက် ဒေသခံကျောင်းတွေကို သူ (ကျွန်တော့်ဘေးက ခရီးသည်) သွားရောက်လေ့လာခဲ့တယ်။ ကျောင်းတွေမှာ ကျောက်သင်ပုန်းတွေ မရှိဘဲ ကျောင်းသားတွေက သဲပြင်ပေါ်မှာပဲ ရေးခြစ်နေတာကို သူတွေ့ခဲ့တယ်။

ကျွန်တော့်ကို သူပြောပြနေတဲ့အချိန်မှာပဲ ရုတ်တရက် သူ့နာမည်ကို ကျွန်တော်သတိထားလိုက်မိတယ်။ လက်ကိုင်အိတ်ပေါ်က သူ့နာမည်ဟာ ကျွန်တော်နဲ့ အရမ်းရင်းနှီးသလို ခံစားမိတယ်။ သူ့ကို ကျွန်တော်ပြန်ကြည့်လိုက်မိတယ်။ တကယ်တော့ သူဟာ အာရုံခံကရိယာဗေဒသင်တဲ့ နာမည်ကြီး ဆရာတစ်ဦးဖြစ်တယ်။ သူ့ရဲ့ စမ်းသပ်ထီထွင်မှုမှာ ဆုတွေအများကြီး ရခဲ့ဖူးသူဖြစ်တယ်။ သူရေးတဲ့ စာအုပ်ဆိုရင် ဘယ်ပြောကောင်းမလဲ .. ကျွန်တော် PhD ဖြေတုန်းက သူ့စာအုပ်ကို အလွတ်ရနီးပါး ဖတ်ခဲ့ဖူးတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်လောက်ကပဲ ပညာရေးလောက ကနေ သူပျောက်သွားခဲ့တယ်။

သူဟာ အဲဒီနာမည်ကြီး ဆရာဖြစ်ကြောင်း ဝန်ခံပါတယ်။ ဘာကြောင့် စာတွေမရေးတော့တာလဲလို့ ကျွန်တော်မေးတော့ လွန်ခဲ့တဲ့၁၅နှစ်ကပဲ ပညာရေးလောကကနေ သူနုတ်ထွက်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်အတွက် လက်နက်တွေ ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့အလုပ်က Patriot missile ဒုံးကျည်တွေ ထီထွင်ဖို့ဖြစ်တယ်လို့ ကျွန်တော့်ကို မချိတင်ကဲ ပြောပြတယ်။ သူမှာနာမည်ဝှက်တစ်ခုရှိပြီး အဲဒီနာမည်က ဒုံးကျည်ရဲ့ဖခင်ဖြစ်တယ်လို့ ပြောပါတယ်။

သူက ဆက်ပြီး အဲဒီဒုံးကျည်တွေ ထီထွင်တုန်းက လိပ်ပြာမသန့်ဘူးလို့ မခံစားမိခဲ့ဘူးလို့ ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ Patriot missile က ချည်းနင်းဝင်ရောက်လာတဲ့ ဒုံးကျည်တွေကို ကြားဖြတ် တားဆီးဖို့ဖြစ်တယ်။ ခုခံကာကွယ်ဖို့ ဖြစ်တဲ့အတွက် လူတွေကို ထိခိုက်သေကြေဖို့ မဟုတ်ဘူးလို့ ရှင်းပြခဲ့တယ်။

ဒါပေမယ့် လူတွေရဲ့ ငွေကြေးအကန့်အသတ်ကြောင့် အခုတော့ သူ့သဘောထားတွေ ပြောင်းလဲသွားပြီလို့လည်း ပြောပြန်တယ်။ Patriot missile က လူတွေကို တိုက်ရိုက်မသေကြေစေနိုင်ပေမယ့် ဆင်းရဲတဲ့နိုင်ငံက ဒီလို ဒုံးကျည်တွေဝယ်ဖို့ ခွဲစိပ်လို့ရတဲ့ ဆေးရုံကိုတောင် မဆောက်နိုင်ခဲ့ဘူး။ ကျောင်းတွေမှာလည်း ကျောက်သင်ပုန်းမရှိခဲ့ဘူး။ ပြည်သူလူထုတွေ ခံစားထိုက်တဲ့ အကျိုးတွေလည်း အလဟသဖြစ်ကုန်ရတယ်။ တကယ်လို့ Patriot missile ကိုသာ မဝယ်ခဲ့ရင် သူ့သားဆရာဝန်လည်း အသက်ရှင်နေဦးမှာ ဖြစ်တယ်။

ပါကစ္စတန်ကနေ အမေရိကန်ကို ပြန်ရောက်ပြီးနောက် သူဟာ လက်ရှိအလုပ်က ထွက်လိုက်ပြီး ကမ္ဘာ့ကယ်ဆယ်ရေး အဖွဲ့အစည်းထဲ ဝင်ခဲ့တယ်။ ဒါကြောင့် အာဖရိကနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သူပိုရင်းနှီးခဲ့ခြင်းဖြစ်တယ်။

ကျွန်တော့်ကို ပိုအံသြစေတဲ့ ကိန်းဂဏန်းတစ်ခု သူပြောခဲ့သေးတယ်။ စစ်ပွဲအတွင်းမှာ လက်နက်ဝယ်ယူမှုအပေါ် လူတွေသုံးစွဲခဲ့တဲ့ ငွေကြေးက တစ်နှစ်မှာ အမေရိကန်ဒေါ်လာ One trillion ဖြစ်ပြီး စစ်ပွဲပြီးနောက် သန်း ၉သောင်းအထိ ကျဆင်းသွားကြောင်း၊ ပျှမ်းမျှ တစ်နေ့မှာ သန်း ၂၅ဝ ဟာ လက်နက်ဝယ်ယူဖို့ ကုန်ကျကြောင်း၊ လူတွေကို ဒုံးကျည်တိုက်ရိုက်ထိပြီး သေတာ မရှိခဲ့ပေမယ့် ဒီဒုံးကျည်တွေ ဝယ်ယူဖို့အတွက် လူတွေသေပေးရကြောင်း ပြောပြခဲ့တယ်။

လေယာဉ်က ဦးတည်ရာကို ရောက်လုပြီ။ လေယာဉ်ပေါ်က ပိတ်ကားပေါ်မှာ သတင်းတစ်ခု ပြသနေတယ်။ သတင်းက အာကာသယာဉ် တည်ဆောက်ဖို့ အမေရိကန်နဲ့ ရုရှားတို့ ပူးပေါင်းမယ့် စီမံကိန်းဖြစ်တယ်။ စီမံကိန်းက အဆင်ပြေချောမွေ့ခဲ့တယ်။ အမေရိကန် အာကာသမှူးတွေက ရုရှားရဲ့အာကာသစခန်းထဲ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တယ်။ နောက်သတင်းတစ်ခုက အမေရိကန်က ကုလသမဂ္ဂ အစိုးရ ကူညီပံ့ပိုးနေတဲ့ ကျောင်းသားတွေရဲ့ အာဟာရ နေ့လယ်စာ အသုံးစရိတ်ကို လျှော့ချဖို့ဖြစ်တယ်။

အာကာသယာဉ် တည်ဆောက်မယ့် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်သင့် မဖော်သင့် သူက ကျွန်တော့်ကို မေးခဲ့တယ်။ လူသန်းပေါင်း ၁၃ဝဟာ စားဝတ်နေရေး ဆင်းရဲမွေတေနေတဲ့ အတွက်ကြောင့် အာကာသယာဉ်ဆောက်ဖို့ လူတွေ ငွေကြေးအမြောက်အမြား ကုန်ကျသင့်သလား? လို့ သူက ဆက်မေးခဲ့တယ်။ လေယာဉ် မတက်ခင်တုန်းက အမေရိကန် အာကာသရဲ့ ပျံသန်းခြင်းအတတ်နဲ့ စီမံခန့်ခွဲမှု စာအုပ်ကို ကျွန်တော်ဖတ်နေတာ သူမြင်လိုက်ဟန်တူတယ်။ ကျွန်တော့်ကိုလည်း အဲဒီစခန်းမှာ အလုပ်လုပ်ကြောင့် ခန့်မှန်းခဲ့ပုံ ရတယ်။

လေယာဉ်ပေါ်က ဆင်းပြီးနောက် ကျွန်တော့်ကို စာအုပ်တစ်အုပ် သူလက်ဆောင်ပေးခဲ့တယ်။ စာအုပ်တစ်အုပ်လုံးမှာ ကြည့်သူတိုင်း စိတ်မချမ်းမြေ့စေတဲ့ ဆင်းရဲတဲ့နိုင်ငံက ပုံတွေဖြစ်တယ်။

လေယာဉ်ကွင်းကနေထွက်တော့ ကျွန်တော့်ကို အင်္ဂလိပ်လူမျိုးတစ်ဦး လာကြိုခဲ့တယ်။ ကျွန်တော့်ကိုတွေ့တော့ ဝမ်းသာအားရပါပဲ။ ကျွန်တော်တို့ အာကာသ ပညာရှင်တွေ ဥရောပအဖွဲ့အစည်းကို တင်ပြခဲ့တဲ့ နယ်နိမိတ်လွန် စမ်းသပ်ရေး စီမံကိန်း အတည်ပြုခံရလို့ဖြစ်တယ်။ ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၁ဝသန်းဖြစ်တယ်။ နောက်တစ်ကြိမ် အာကာသလေ့လာရေးမှာ စမ်းသပ်ဖို့အတွက် ကျွန်တော်တို့က တိကျသေချာတဲ့ ကိရိယာတွေ တည်ဆောက်ဖို့ဖြစ်တယ်။ ဝမ်းသာအားရဖြစ်နေတဲ့ အင်္ဂလိပ်က ကျွန်တော်ရဲ့အေးစက်စက်တုန့်ပြန်မှုကို အံ့သြနေခဲ့တယ်။

ကျွန်တော်စိတ်ထဲမှာတော့ ဒီလိုကိရိယာတွေ ဆောက်လိုက်တာက ကျွန်တော်တို့ ပညာရှင်တွေရဲ့ ဝံ့ကြွားချင်တဲ့စိတ်၊ စူးစမ်းချင်တဲ့စိတ်ကို ဖြည့်ဆည်းပေးတာကလွဲလို့ ဘာမှ အသုံးမဝင်ခဲ့ဘူး။ ဒါနဲ့ ဒေါ်လာ ၁ဝသန်းကရော? အနည်းဆုံးတော့ ဒီငွေတွေကို အသုံးပြုပြီး ခွဲစိတ်လို့ရတဲ့ဆေးရုံ အရုံ၁ဝဝကို ကျွန်တော်တို့ ဆောက်နိုင်ပါသေးတယ်။

မူရင်း -- ထိုင်ဝမ် စာရေးဆရာ လီဂျာထုံ၏ “ခွဲစိတ်လို့ရတဲ့ဆေးရုံ”အား ဘာသာပြန် ခံစားသည်။


နိုင်းနိုင်းစနေ (Saturday, October 11, 2008)

No comments:

Post a Comment