Sunday, July 13, 2014

ဝမ်အမ် ဂွတ်နိုက်



ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား? ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင် ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်ပါတယ်။

တစ်နေ့မှာ အားလပ်ရက်ရတဲ့ အိန်ဂျယ်တစ်ပါး လူ့ပြည်ကိုအလည်ရောက်လာခဲ့တယ်။ လူ့ပြည်ကိုရောက်ပြီး ပျင်းတာနဲ့ အိန်ဂျယ်ဟာ ကောင်မလေးတစ်ယောက်ကို "မင်းရဲ့လိုအင်ဆန္ဒတွေအားလုံး ငါဖြည့်ပေးနိုင်တယ်။ အာဏာ... ငွေကြေး... ရုပ်ရည်... အချစ်.. ဘာတွေလိုချင်သလဲ" လို့ မေးလိုက်တယ်။

အိန်ဂျယ်အမေးကို ကောင်မလေး အသေချာစဉ်းစားလိုက်တယ်။

ကောင်မလေး တောင်းဆိုသမျှကို သူအစွမ်းကုန်ဖြည့်ပေးပြီး သူ့ကို လေးစားကြည်ညိုလာအောင် ဘုန်းတန်ခိုးတွေ ပြလိုက်မယ်လို့ အိန်ဂျယ်စိတ်ကူးနေခဲ့တယ်။

"ညတိုင်း ကျွန်မအိပ်ရာမဝင်ခင် အရှင့်ဆီက ဝမ်အမ်ဆိုတဲ့စကားတစ်ခွန်းကို ကြားချင်ပါတယ်"

ကောင်မလေးရဲ့ ရိုးရှင်းတဲ့စကားကိုကြားတော့ အိန်ဂျယ်အံ့သြသွားတယ်။ သူထင်ထားတာက ရုပ်ရည်၊ ငွေကြေး စတာတွေကို ကောင်မလေး တောင်းလိုက်မယ်လို့ ထင်ခဲ့တယ်။

"ကောင်းပြီ.. ဒါ အလွယ်ကူဆုံးပဲ" ဆိုပြီး အိန်ဂျယ်က ဘာမှမစဉ်းစားဘဲ ကောင်မလေးကို လွယ်လွယ်ကူကူ ဂတိပေးလိုက်တယ်။ ကောင်မလေးက မျှော်လင့်ချက်အပြည့်နဲ့ ညတိုင်း အိန်ဂျယ်ဆီက "ဝမ်အမ်" ဆိုတဲ့စကားတစ်ခွန်းကို စောင့်နေခဲ့တယ်။ အိန်ဂျယ်က ကောင်းကင်ပေါ်ပြန်ရောက်သွားလည်း ကောင်မလေးကို "ဝမ်အမ်" ဆိုတဲ့စကားတစ်ခွန်းနဲ့ အသဲပုံလေးပါဆွဲပြီး ဂွတ်နိုက် kiss:-*လေးကို အင်တာနက်ကတစ်ဆင့် အမြဲပေးခဲ့တယ်။ အိန်ဂျယ်ဆီက နှစ်သိမ့်စကားတွေနဲ့ ညတိုင်း ကောင်မလေးကျေကျေနပ်နပ် အိပ်ရာဝင်ခဲ့တယ်။ သူ့အိပ်မက်ထဲမှာတောင် ကြည်နူးခြင်းရနံ့တွေနဲ့ သင်းပျံ့မွှေးကြိုင်လို့နေခဲ့တယ်။

ဒီလိုနဲ့ တစ်ခါတလေ အင်တာနက်လိုင်း ပြတ်တောက်သွားရင် အိန်ဂျယ်ကဖုန်းဆက်ပြီး ကောင်မလေးကို ဝမ်အမ်လို့ပြောတတ်တယ်။ ဖုန်းတစ်ဖက်ကနေ ကောင်မလေးနဖူးလေးကို နမ်းပြီး အိပ်မက်လှလှမက်ပါစေလို့ ဆုတောင်းပေးတတ်တယ်။

ဒါပေမယ့် ဘယ်အချိန်ကစပြီး အိန်ဂျယ် အလုပ်စရှုပ်ခဲ့မှန်း မသိဘူး! အလုပ်တွေများလွန်းလို့ ကောင်မလေးကို ဝမ်အမ်လို့ နှုတ်ဆက်ရမှာကို အိန်ဂျယ်တဖြေးဖြေး မေ့သွားခဲ့တယ်။ ကောင်မလေးက ညတိုင်း အိန်ဂျယ်ရဲ့"ဝမ်အမ်"ဆိုတဲ့ စကားတစ်ခွန်းကိုပဲ စောင့်မျှော်နေခဲ့တယ်။ စောင့်ခဲ့ပေမယ့် ညတိုင်းစိတ်ပျက်အားငယ်စွာနဲ့ အိပ်ရာဝင်ခဲ့ရတယ်။

အိန်ဂျယ်ရဲ့နှစ်သိမ့်သံတွေ မကြားရတော့ ကောင်မလေးလည်း အိပ်မက်တွေ ကယောင်ချောက်ချားမက်လို့။ အိပ်မက်ထဲမှာ အဝေးတစ်နေရာကနေ အလုပ်များနေတဲ့ အိန်ဂျယ်ကိုပဲ သူငေးကြည့်နေခဲ့မိတယ်။ အလုပ်မများတော့တဲ့တစ်ရက် ဝမ်အမ်ပြောဖို့ သူသတိရကောင်း ရလာလိမ့်မယ်လို့ထင်ပြီး ကောင်မလေးစောင့်နေခဲ့တယ်။ အိန်ဂျယ်အတိုးချပြီး ပြောလာမယ့် ဝမ်အမ်တွေကို ကောင်မလေး မျှော်နေခဲ့မိတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ကောင်မလေးကိုပါ အိန်ဂျယ်မေ့သွားခဲ့တယ်။ လုံးဝမေ့သွားပြီး ဝမ်အမ်အကြွေး တသီကြီးနဲ့ အဝေးကို ပျံသန်းသွားခဲ့တယ်။

နှစ်အတန်ကြာတဲ့အခါ ကောင်းကင်ပိတ်ရက်ရတဲ့ အိန်ဂျယ်တချို့ လူ့ပြည်ကို အလည်လာပြန်တယ်။ ကောင်မလေးကိုတွေ့တော့ သူ့ရဲ့လိုအင်ဆန္ဒတွေ ဖြည့်ဆည်းပေးမယ်လို့ ဆိုပြန်တယ်။ အာဏာ၊ အချစ်၊ ငွေကြေး... စတာတွေ ဘာအလိုရှိသလဲလို့ မေးတော့ ကောင်မလေးက ဘာမှ ပြန်မဖြေခဲ့တော့ဘူး။ ရိုးရှင်းလွယ်ကူတဲ့ သူ့ဆန္ဒကို တန်ခိုးကြီးတဲ့အိန်ဂျယ်လည်း ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း သူသိနေခဲ့တယ်။

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား? ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင် ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်း WAN AN

"WAN AN" ဆိုတဲ့စကားလုံးကို ဖြန့်လိုက်ရင် ထိပ်စီးစာလုံးတွေက စာလုံးတစ်လုံးစီကို ကိုယ်စားပြုနေတာတွေ့ရလိမ့်မယ်။

WAN AN = Wo Ai Ni, Ai Ni (ဝေါ်အိုက်နီ, အိုက်နီ) နင့်ကိုငါချစ်တယ်၊ ချစ်တယ် တဲ့။

ဝမ်အမ်လျှို့ဝှက်ချက်ကိုသိသွားပြီးရင် ကိုယ်ချစ်တဲ့သူနဲ့ စကားပြောပြီးတိုင်း "ဝမ်အမ်" (ဂွတ်နိုက်)လို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့နော်..

No comments:

Post a Comment