Saturday, July 12, 2014
လူတိုင်းကိုယ်စီရှိနိုင်သည်
တစ်ခါက ရေသည်တစ်ဦးတွင် အသက်မွေးဝမ်းကျောင်းဖို့ ရေပုံးနှစ်လုံးရှိ၏။ ရေပုံးတစ်လုံးမှာအက်နေပြီး ကျန်တစ်လုံးမှာ အကောင်းပကတိဖြစ်သည်။ ရေသည်ရေထမ်းသွားရာ လမ်းတစ်လျောက်တွင် ရေပုံးအကောင်းတစ်လုံးမှာ အိမ်ရောက်သည်အထိ အမြဲတမ်း ရေအပြည့် သယ်သွားနိုင်သော်လည်း အက်နေသည့်တစ်လုံးမှာ ထက်ဝက်မျှသောရေသာ သယ်သွားနိုင်သည်။ ဖြစ်တတ်သည့်သဘောအတိုင်း ရေအပြည့် အမြဲသယ်နိုင်သော ပုံးကောင်းမှာ ဘဝလေဟပ်လေသည်။ အက်နေသောပုံးက ကိုယ့်အားနည်းချက်ကြောင့် ရေအပြည့် သယ်မပေးနိုင်သဖြင့် တာဝန်မကျေပွန်ဟု ခံစားရကာ ရှက်ရွံ့အားငယ်ပြီး စိတ်မကောင်းဖြစ်လေသည်။
တစ်နေ့တွင် အက်နေသည့်ရေပုံးက ထိုသို့ စိတ်အားငယ်နေသည်ကို မအောင့်နိုင်သည့်အဆုံး ရေသည်အား ရင်ဖွင့်လေသည်။
“အားနာလို့ တောင်းပန်မလို့ပါ”
“ဘာကြောင့်လဲ...ဘာဖြစ်လို့ အားနာရတာလဲ”
“အက်နေတဲ့ကျွန်တော့်ကြောင့် လမ်းတစ်လျောက်ရေတွေဖိတ်ပြီး အိမ်အရောက် ရေအပြည့် မသယ်ပေးနိုင်ခဲ့တာ လွန်ခဲ့တဲ့နှစ်တွေ ကတည်းကပါ။ ခင်ဗျားဟာ အလုပ်အပြည့်ကိုလုပ်ခဲ့လည်း ကျွန်တော့်ရဲ့အားနည်းချက်ကြောင့် အကျိုးတဝက်ကိုသာ ရခဲ့တဲ့အတွက်ကြောင့်ပါ”
“ကျွန်တော်တို့ပြန်တဲ့ လမ်းတစ်လျောက် ဘေးဝဲယာကို ခင်ဗျားသတိပြုမိစေချင်တယ်” ရေသည်က စိတ်မကောင်းစွာ နှစ်သိမ့်လေသည်။
သူတို့ပြန်ရာလမ်းတစ်လျောက်တွင် ရောင်စုံပန်းများက လှပသော နေရောင်ခြည်အောက်တွင် ဖူးပွင့်ဝေဆာနေသည်ကို အက်နေသောရေပုံးက သတိထားမိလိုက်သည်။ ခေတ္တမျှ သူပျော်ရွှင်သွားပြီး လမ်းဆုံးခါနီးတွင် စိတ်မကောင်း ဖြစ်သွားမိပြန်သည်။ အကြောင်းမှာ အက်နေသော သူ့ကြောင့် ရေတဝက်ခန့်ကလမ်းပေါ်တွင် ဖိတ်စင်ကုန်သောကြောင့်ဖြစ်သည်။
ရေသည်ကို သူထပ်တောင်းပန်ပြန်သည်။ ရေသည်က....
“လမ်းဘေးဝဲယာကို ခင်ဗျား သတိထားမိလား! ခင်ဗျားရှိတဲ့ဖက်မှာပဲ ပန်းတွေပွင့်ပြီး ဟိုဖက်ခြမ်းက ပန်းမပွင့်ဘူး။ ခင်ဗျားရဲ့အားနည်းချက်ကို ကျွန်တော်သိလို့ အဲဒီအားနည်းချက်ကို အသုံးပြုပြီး လမ်းရဲ့ဒီဖက်ခြမ်းမှာ မျိုးစေ့တချို့ကို ကျွန်တော်ကျဲခဲ့တယ်။ ကျွန်တော် ရေထမ်းပြန်တိုင်း ခင်ဗျားကပဲ အဲဒီ မျိုးစေ့တွေကို ရေလောင်းပေးခဲ့တာပါ။ အိမ်က ထမင်းစား စားပွဲခုံပေါ်မှာ လှပတဲ့ပန်းတွေ ထိုးနိုင်တာ လွန်ခဲ့တဲ့ နှစ်တွေကတည်းကပါ။ တကယ်လို့ ခင်ဗျားသာ မအက်နေဘူး၊ အဲလိုအားနည်းချက်တွေသာ မရှိခဲ့ဘူးဆိုရင် စားပွဲခုံပေါ်မှာ ပန်းတွေဝေနေခဲ့မှာ မဟုတ်ဘူး” ဟု ပြောလေသည်။
လူတိုင်းတွင် အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြသည်။ မည်သူကမျှ ခြောက်ပစ်မကင်းနိုင်ကြပါ။ အဆိုးထဲက အကောင်း၊ အကောင်းထဲက အကောင်းအဖြစ် အမြဲအကောင်းမြင်တတ်လျှင် အရာရာသည် လှပနေလိမ့်မည်။ အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြသလို အကောင်းမြင်တတ်သည့်စိတ်လည်း လူတိုင်းတွင် ရှိနိုင်ပါသည်။
original post from : http://www.youthwant.com.tw/
Subscribe to:
Post Comments (Atom)
No comments:
Post a Comment