လူ့ဘဝတစ်သက်က
စာဖတ်တဲ့တစ်သက်ဖြစ်တယ်။ ငယ်ငယ်လေးကစ ကြီးပြင်းအိုမင်းသေဆုံးတဲ့အထိ စာဖတ်ကြတယ်။
အသိပညာက
စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
နှစ်လရာသီက
စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
သဘာဝက
စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။
လူ့ဘဝဆိုတာ
ပိုကြီးပိုထူတဲ့စာအုပ်ဖြစ်တယ်။
ဒီစာအုပ်ကို
နေ့တိုင်းဖတ်ရတယ်။ တစ်သက်လုံးလည်း ဖတ်လုံးမကုန်နိုင်ခဲ့ဘူး။ ရောက်ရာအရပ်မှာ
ဖတ်တယ်။ အသက်သေဆုံးတဲ့အထိ ဖတ်တယ်။ မဖတ်တာပဲရှိမယ်... ဖတ်စရာမရှိဘူးဆိုတာတော့
မရှိဘူး။ ဖတ်လို့မကုန်နိုင်သလို ဖတ်ပြီး အသိပညာမရဘူးဆိုတာလည်း မရှိဘူး။ ဖတ်လေ
အကျိုးရှိလေဖြစ်တယ်။
လမ်းပေါ်လျှောက်ရင်း
လမ်းကိုဖတ်တယ်။ ဖြောင့်မတ်တဲ့လမ်း၊ ကွေးကောက်တဲ့လမ်း၊ ကျဉ်းတဲ့လမ်း၊
ကျယ်တဲ့လမ်း... ကမ္ဘာပေါ်မှာ လမ်းတွေအများကြီး လမ်းတိုင်းလမ်းတိုင်းက တစ်ခုနဲ့တစ်ခု
မတူကြဘူး။ ဒါကြောင်း လမ်းဆိုတဲ့"စာအုပ်"က "အထူ"ဆုံးဖြစ်တယ်။
ဘယ်သူမှ နောက်ဆုံးစာမျက်နှာထိ ပြီးအောင် မဖတ်နိုင်ခဲ့ကြဘူး။ ခရီးတစ်ထောက်ရောက်ရင်း
တစ်ခါဖတ်တယ်။ ဖတ်ရင်း အသိတွေရကြတယ်။ အသိတွေရရင်း တွေးတောကြတယ်။ တွေးတောကြရင်း
လျှောက်လှမ်းကြတယ်။ မြင့်မြင့်ကိုလှမ်းတယ်။ ဝေးဝေးကို လှမ်းတယ်။ ခြေရာဆိုတာ
သင်လျှောက်ခဲ့တဲ့ လမ်းပေါ်မှာ တစ်ကြောင်းပြီးတစ်ကြောင်း၊ တစ်ပုဒ်ပြီးတစ်ပုဒ် အတိမ်၊
အနက်လိုက်ပြီး သင်ဖော်ညွှန်းခဲ့တဲ့အရာတွေဖြစ်တယ်။
မနက်ပိုင်းမှာ
မနက်အာရုဏ်ကိုဖတ်တယ်။ တစ်နေ့ တစ်ကျော့ဖတ်တယ်။ တစ်သက်မှာ ဘယ်နှကျော့ဖတ်နိုင်မလဲ?
လေပြင်းမုန်တိုင်းကျချိန်နဲ့တိုးရင်း တစ်သက်မှာ ဘယ်နှကျော့ဖတ်ပြီးနိုင်မလဲ?
မနက်နေရောင်က သင့်ဖတ်တာကို စောင့်နေလိမ့်မယ် မဟုတ်ဘူး။ သူ့ကို သင်မဖတ်ရင်
သူ့အချိန်နဲ့သူ သူထွက်ခွာသွားမှာပဲ။ သင့်ကို သူက မလွဲချော်ဘူး။ သင်ကသာ သူ့ကို
လွဲချော်မှာဖြစ်တယ်။ သူ့ကို သင်ဘယ်လောက်ဖတ်နိုင်မလဲ ဒါကတော့ သင့်ရဲ့ဇွဲလုံ့လနဲ့
ပျင်းရိခြင်းပေါ်မှာပဲ မူတည်လိမ့်မယ်။ အာရုဏ်နေရောင်ကို မဖတ်ရင် သင့်ရင်ထဲမှာ
ဘယ်ကလာတဲ့ အလင်းရှိတော့မလဲ?
ရေတွေ့ရင်
ရေကိုဖတ်တယ်။ ရေဆိုတာ လောကမှာ အပျော့ပျောင်း၊ အနူးညံ့ဆုံးအရာဖြစ်သလို
ရေတစက်ချင်းနဲ့လည်း မာကြောတဲ့ ကျောက်ဆောင်ကိုဖောက်နိုင်ပါတယ်။ ရေအကြောင်း
သင်ကောင်းကောင်းဖတ်တတ်သွားရင် ဘယ်အရာကို သင်မဖောက်ထွင်းပဲရှိနိုင်ဦးမလဲ?
မိုးထဲမှာ
မိုးကိုဖတ်တယ်။ မိုးဟာ ကောင်းကင်ကစေလွှတ်လိုက်တဲ့ စေတမန်ဖြစ်တယ်။
မိုးသေးလေးဖြစ်ဖြစ်၊ မိုးကြီးကြီးဖြစ်ဖြစ်၊ မိုးထန်ထန်ဖြစ်ဖြစ်၊
မိုးဖွဲဖွဲဖြစ်ဖြစ် ရာစုပေါင်းများစွာ ရွာသွန်းခဲ့သလို ရွာသွန်းဆဲဖြစ်တယ်။
အဲဒီအပြင် မသန့်ရှင်းတဲ့လောကကြီးကိုလည်း သန့်စင်ပေးနေခဲ့ပါတယ်။
မိုးကိုတစ်ခေါက်ဖတ်တိုင်း သင့်စိတ်နှလုံး တစ်ခါသန့်ရှင်းရပါတယ်၊ စွတ်စိုရပါတယ်။
နှင်းထဲမှာ
နှင်းကိုဖတ်တယ်။ နှင်းဟာ ဘာစာလုံးမှရေးမထားတဲ့ အဖြူရောင်စာရွက်ကြီးဖြစ်တယ်။
အဖြူရောင်စာရွက်ပေါ်က စာလုံးတွေကိုမြင်တတ်မှ နှင်းရဲ့အတွင်းစိတ်ကို
သင်ဖတ်နိုင်မှာဖြစ်တယ်။ အဲဒီစာလုံးတွေကို နှင်းပဲသိတယ်၊ ဖတ်တဲ့လူပဲသိတယ်။ တချို့က
နှင်းရဲ့မရေရာတာကို ဖတ်ကြတယ်။ တချို့က ညိုမှိုင်းတာကို ဖတ်ကြတယ်။ တချို့က နွေဦးအကြိုကိုဖတ်ကြတယ်။
သင်ကော.. ဘာဖတ်ခဲ့သလဲ?
လေထဲမှာ
လေကိုဖတ်တယ်။ လေဆိုတာ တောတောင်တွေရဲ့ဝင်သက်ထွက်သက်ဖြစ်တယ်။ ပင်လယ်ရဲ့
ဝင်သက်ထွက်သက်ဖြစ်တယ်။ လွင်ပြင်လယ်ကွင်းတွေရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။
မြို့ရွာတွေရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ သဘာဝရဲ့ ဝင်သက်ထွက်သက်ဖြစ်တယ်။ ကမ္ဘာမြေကြီးရဲ့
ဝင်သက်ထွက်သက်ဖြစ်တယ်။ လေကို သင်ဖတ်တတ်ရင် ကမ္ဘာမြေကြီးရဲ့သွေးကြောကို
သင်ကိုင်တွယ်မိလိမ့်မယ်။ ဒီလိုမှ သင့်ဝင်သက်ထွက်သက်က ကမ္ဘာမြေကြီးရဲ့
ဝင်သက်ထွက်သက်နဲ့ တသားတည်းကျမှာဖြစ်တယ်။
နေ့လယ်မှာ
တိမ်ကိုဖတ်တယ်။ တိမ်ဆိုတာ အဆုံးမရှိတဲ့ ကောင်းကင်ပြင်ပေါ်မှာ ဖြူတစ်လှည့်၊
မည်းတစ်ခါ၊ နီနီညိုညိုနဲ့ ဟိုတစ ဒီတစ ချိတ်ဆွဲထားတဲ့ စာရွက်တွေဖြစ်တယ်။
အဲဒီစာရွက်တွေမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေ အပြည့်ရေးထားတယ်။ နေပူ၊ မိုးရွာ၊
နှင်းမြူစိုင်းမှိုင်းတာတွေ မနက်အာရုဏ်၊ အလင်းအမှောင် အားလုံးကို တိမ်တွေထဲမှာ
ရေးထားတယ်။ တိမ်တွေကိုမဖတ်ရင် ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို သင်ဘယ်လိုသိနိုင်မလဲ?
ညမှာ
ညကိုဖတ်တယ်။ ညက နက်ရှိုင်းကျယ်ပြောတယ်။ အစမရှိ အဆုံးမရှိ။ ညမရှိရင် ကြယ်ရဲ့အလင်းကို
မြင်ရမှာမဟုတ်ဘူး။ ညမရှိရင် လမရှိဘူး။ ညမရှိရင် မီးရောင်တွေမရှိဘူး။ ညကို ဖတ်တတ်မှ
ညအမှောင်လွန်မြောက်ပြီးရင် လှပတဲ့အလင်းရောင်ကို တွေ့ရမယ်ဆိုတာကို နားလည်တယ်။
မီးအိမ်အောက်မှာ
မီးကိုဖတ်တယ်။ မီးအိမ်ထဲမှာ တခြားကမ္ဘာတစ်ခုရှိတယ်။ မီးအိမ်က ကြည်လင်ထင်ရှားတဲ့
စာအုပ်တစ်အုပ်ဖြစ်တယ်။ ညအမှောင်ကို အလင်းပေးတဲ့စာအုပ်ဖြစ်တယ်။ ဒီစာအုပ်ထဲမှာ
စာတစ်ကြောင်းပဲ ရေးထားတယ်။ အဲဒီစာကြောင်းက ကိုယ့်ကိုယ်ကိုလောင်မြိုက်မှ
အလင်းထွက်တယ်ဆိုတဲ့စာဖြစ်တယ်။ မီးကိုဖတ်တတ်ပြီးရင် သင့်ဘဝဟာလဲ မီးအိမ်တစ်လုံးလို
ဘယ်တော့မှ အမှောင်မဖုံးတော့ဘူး။
တောင်ပေါ်တက်ရင်
တောင်ကိုဖတ်တယ်။ တောင်ဆိုတာ အရပ်မျက်နှာအဖက်ဖက်က မြင်ရတဲ့
စာအုပ်ကြီးတစ်အုပ်ဖြစ်တယ်။ ခြေထောက်နဲ့ တောင်ကိုတက်တယ်ဆိုတာထက် ခြေထောက်နဲ့
တောင်ကို"ဖတ်"တယ်ဆိုရင် ပိုမှန်လိမ့်မယ်။ တောင်တွေက ကိုယ့်ဆီမလာရင်
ကိုယ်က တောင်ဆီကိုသွားရတယ်။ တောင်က ကိုယ့်ကိုမဖတ်ရင် ကိုယ်ကတောင်ကို ဖတ်ရတယ်။
တောင်တက်တယ်ဆိုတာ တောင်ကိုဖတ်တာပါပဲ။ တောင်အကြောင်းနားလည်မှ ဘယ်လောက်မြင့် ဘယ်လောက်အန္တရာယ်ရှိတဲ့တောင်ပဲဖြစ်ဖြစ်
သင့်ခြေဖဝါးအောက် ရောက်ရတာပါပဲ။
တောင်ပေါ်ရောက်ရင်
ကျောက်တုံးကိုဖတ်တယ်။ ကျောက်တုံးဆိုတာ မြင့်မားတဲ့တောင်တန်းတွေထဲက
စာလုံးလေးတွေဖြစ်တယ်။ ပုံစံအမျိုးမျိုး၊ အရွယ်သဏ္ဍာန်အမျိုးမျိုးရှိကြတယ်။
ကျောက်တုံးတစ်တုံးတိုင်းမှာ အနှစ်နှစ်အလလ သိုဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေရှိတယ်။
ကျောက်တုံးသေးသေးလေးတွေ စုပြုံပြီးမှ မြင့်မားတဲ့ တောင်တန်းကြီးဖြစ်လာတာကြောင့်
တောင်ကိုဖတ်တတ်ဖို့ ကျောက်တုံးကို အရင်ဖတ်တတ်မှရတယ်။
တောအုပ်ထဲမှာ
သစ်ပင်ကိုဖတ်တယ်။ သစ်ပင်ဆိုတာ လောကကြီးထဲမှာ ပျံ့နှံ့မှုအရှိဆုံး
အစိမ်းရောင်စာအုပ်ကြီးဖြစ်တယ်။ သစ်ပင်ကိုဖတ်တတ်မှ ရှင်သန်ကြီးထွားခြင်းကို သိတယ်။
သစ်ပင်ရဲ့ ဖွံ့ဖြိုးတာ၊ ညှိုးခြောက်တာကို ဖတ်တတ်မှ အတက်အကျကိုသိတယ်။ ရွက်နု၊
ရွက်ဝါတွေကို ဖတ်တတ်မှ အသီးရဲ့ချိုမြိန်၊ ခါးသီးခြင်းကိုသိတယ်။
ပန်းရှေ့ရောက်ရင်
ပန်းကိုဖတ်တယ်။ ပန်းဆိုတာ လောကမှာ ပထမဦးဆုံးထွက်ပေါ်ခဲ့တဲ့ ရောင်စုံစာအုပ်ဖြစ်တယ်။
ပန်းတွေကိုများများဖတ်မှ ပန်းပွင့်တဲ့အသံကိုကြားတယ်။ ပန်းရဲ့လျှို့ဝှက်ချက်ကို
သိတယ်။ ပန်းဝတ်မှုံတွေကို ဖမ်းဆုပ်မိတယ်။ ဖတ်တဲ့လူသာမရှိရင် ပန်းတွေဘာကြောင့်
ပွင့်လိမ့်မလဲ?
ပင်လယ်ဘေးမှာ
ပင်လယ်ကိုဖတ်တယ်။ ပင်လယ်ရဲ့ကျယ်ပြောခြင်းက စိတ်သဘောထားကိုပြတယ်။ ကြီးမားခြင်းက
သေးငယ်တာတွေ ပေါင်းစုထားတာကိုပြတယ်။ များပြားခြင်းက နည်းတာတွေ
စုစည်းထားတာကိုပြတယ်။ နက်ရှိုင်းခြင်းက တိမ်တာတွေ စုစည်းထားတာဖြစ်တယ်။ ကျယ်ပြောတာက
ကျဉ်းတာတွေကို ပေါင်းစုထားတာဖြစ်တယ်။ အဆုံးအစမရှိခြင်းက အဆုံးအစရှိတာတွေကို
စုပ်ယူထားတာဖြစ်တယ်။ ပင်လယ်ကို ဖတ်တတ်မှ ပင်လယ်လိုကျယ်ပြော၊ နက်ရှိုင်းမှာဖြစ်တယ်။
မြစ်ကိုဖြတ်ရင်
မြစ်ကိုဖတ်တယ်။ မြစ်ကို ထဲထဲဝင်ဝင်ဖတ်မိရင် မြစ်ထဲမှာ စီးဆင်းနေတာတွေဟာ ရေမဟုတ်ဘဲ
"စက္ကန့်"တွေဆိုတာကို သင်သိလိမ့်မယ်။ ရေတစ်ခွက်ဟာ မိနစ်၊ ရေတစ်ပုန်းဟာ
နာရီ၊ ရေတစ်စည်ဟာ နေ့ရက်တွေဆိုရင် ရှည်လျားတဲ့မြစ်ရေမှာ
"ပေါက်ထွက်"တဲ့အပေါက်မရှိပါစေနဲ့။ အပေါက်ရှိခဲ့ရင် သင့်ရဲ့တစ်သက်က အလဟဿ
စီးဆင်းကုန်ခမ်းသွားလိမ့်မယ်။
လူတွေထဲမှာ
မျက်နှာကိုဖတ်တယ်။ လူကိုတွေ့တာနဲ့ မျက်နှာကိုအရင်တွေ့တယ်။
သူ့အကျင့်စရိုက်သိချင်ရင် သူ့မျက်နှာကို အရင်ကြည့်တယ်။ မျက်နှာက
ပြတင်းပေါက်တစ်ချပ်ဖြစ်တယ်။ မျက်နှာပေါ်မှာ ခံစားချက်တွေကို ရေးသားထားတယ်။
လူ့စိတ်ပြောင်းရင် မျက်နှာအရင်ပြောင်းတယ်။ အတွင်းစိတ်ကို မျက်နှာပေါ်
ထင်ဟပ်မြင်နိုင်တယ်။ မျက်နှာဆိုတာ အဆုံးမရှိတဲ့ ပြဇာတ်တစ်ပုဒ်ဖြစ်တယ်။ ဘယ်တော့မှ
ပြလို့ဆုံးမှာမဟုတ်သလို ဘယ်တော့မှလည်း ဖတ်လို့မကုန်နိုင်ဘူး။ ဒါပေမဲ့
မျက်နှာချိုတိုင်း စိတ်မလှဘူး။ စိတ်လှတိုင်းလည်း မျက်နှာမချိုဘူး။
မျက်နှာကိုဖတ်တယ်ဆိုပေမယ့် အတွင်းစိတ်ကို အကုန်မသိနိုင်ဘူး။ ဒါကြောင့်
မျက်နှာမဖတ်ခင် စိတ်ကို အရင်ဖတ်သင့်တယ်။
ကောင်းကင်အောက်မှာ
ကောင်းကင်ကိုဖတ်တယ်။ သင် ကြီးမားမြင့်မြတ်တယ်ဆိုတာ ကမ္ဘာမြေကြီးပေါ်မှာ
သဲတစ်ပွင့်သာသာလေးပါ။ ကမ္ဘာမြေကြီး ကြီးမားကျယ်ပြန့်တယ်ဆိုတာ နေထဲမှာ
သဲတစ်ပွင့်သာသာလေးပါ။ နေကြီးတယ်ဆိုတာ နဂါးငွေ့တန်းထဲမှာ သဲတစ်ပွင့်သာသာလေးပါ။
နဂါးငွေ့တန်း ကြီးမားတယ်ဆိုတာ စကြဝဠာထဲမှာ သဲတစ်ပွင့်သာသာလေးပါ။ ကဲ.....
သင်ဘယ်လောက် ကြီးမားမြင့်မြတ်လိမ့်မလဲ?
လပြည့်ညမှာ
လကိုဖတ်တယ်။ ကမ္ဘာပေါ်မှာ လတစ်စင်းထဲရှိပါတယ်။ လကို လူတိုင်းဖတ်ကြတယ်။
ကိုယ့်စိတ်ထဲရှိတဲ့ လကိုဖတ်မိနိုင်ဖို့ လူတိုင်းမျှော်လင့်ကြတယ်။ လူတိုင်း
လကိုဖတ်ကြတယ်။ ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့ဖတ်ကြတယ်။ လုံးဝန်းတဲ့လကို ဖတ်တယ်။
တခြမ်းပဲ့လကို ဖတ်တယ်။ တိမ်ကွယ်လကို ဖတ်တယ်။ ညိုမှိုင်းတဲ့လကို ဖတ်တယ်။
ဝင်းပတဲ့လကို ဖတ်တယ်။ ကွေးကောက်တဲ့လကို ဖတ်တယ်။ သင်ဖတ်တဲ့ လက ဘယ်လိုလမျိုးလဲ?
ဆည်းဆာမှာ
ဆည်းဆာနေကိုဖတ်တယ်။ ဆည်းဆာနေကို တစ်ဖက်ကကြည့်ရင်း ညအမှောင်ကို
ချည်းကပ်တော့မယ့်အချိန်ဖြစ်တယ်။ တခြားတစ်ဖက်ကကြည့်ရင်း နေထွက်မယ့်အချိန်ဖြစ်တယ်။
ဆည်းဆာနေရဲ့ခမ်းညားခြင်းကို ဆည်းဆာအချိန်မှာပဲ တွေ့နိုင်တယ်။
အတက်ကိုဖတ်မှ
အကျကိုသိတယ်။ အဝေးကိုဖတ်မှ အနီးကိုသိတယ်။ ရှေ့ကိုဖတ်မှ နောက်ကိုသိတယ်။
အမြန်ကိုဖတ်မှ အနှေးကိုသိတယ်။ အလေးကိုဖတ်မှ အပေါ့ကိုသိတယ်။ အကျယ်ကိုဖတ်မှ
အကျဉ်းကိုသိတယ်။ အနက်ကိုဖတ်မှ အတိမ်ကိုသိတယ်။ အထူကိုဖတ်မှ အပါးကိုသိတယ်။
လှုပ်ရှားတာကိုဖတ်မှ ဆိတ်ငြိမ်တာကိုသိတယ်။ အစစ်အမှန်ကိုဖတ်မှ အတုအယောင်ကိုသိတယ်။
ရုပ်ဆိုးတာကိုဖတ်မှ ချောလှတာကိုသိတယ်။ ကျရှုံးတာကိုဖတ်မှ အောင်နိုင်တာကိုသိတယ်။
မတရားတာကိုဖတ်မှ အမှန်တရားကိုသိတယ်။ ပင်ပန်းတာကိုဖတ်မှ ချိုမြိန်တာကိုသိတယ်။
လာဘ်ပေးလာဘ်ယူကိုဖတ်မှ သန့်ရှင်းတာကိုသိတယ်။ အမှောင်ကိုဖတ်မှ အလင်းကိုသိတယ်။
ညကိုဖတ်မှ မနက်ကိုသိတယ်။ ဆောင်းကိုဖတ်မှ နွေကိုသိတယ်။
ပင်လယ်ကိုဖတ်မှ
ကြီးမြတ်တာကိုသိတယ်။ ပေါင်းစုတာကိုဖတ်မှ အင်အားကိုသိတယ်။ သိမ်းစွန်ရဲတွေကိုဖတ်မှ
အမြင့်ပျံသန်းတာကိုသိတယ်။ မီးကိုဖတ်မှ နွေးထွေးတာကိုသိတယ်။ ဖျားနာတာကိုဖတ်မှ
ကျန်းမာတာကိုသိတယ်။ အိုမင်းတာကိုဖတ်မှ နုပျိုတာကိုသိတယ်။ သေဆုံးတာကိုဖတ်မှ
ရှင်သန်တာကိုသိတယ်။ မြက်ပင်လေးတွေကိုဖတ်မှ ကြံ့ခိုင်တာကိုသိတယ်။ အချိန်ကိုဖတ်မှ
အမြန်နှုန်းကိုသိတယ်။ ဆုံးရှုံးခြင်းကိုဖတ်မှ တန်ဖိုးထားတာကိုသိတယ်။
တိုင်းပြည်ကိုဖတ်မှ တိုးတက်တာ၊ ဆုတ်ယုတ်တာကိုသိတယ်။ သဘာဝကိုဖတ်မှ ခွန်အားကိုသိတယ်။
အချစ်ကိုဖတ်ရင်
အချစ်ကိုသိတယ်။ အမုန်းကိုဖတ်ရင် အမုန်းကိုသိတယ်။ လူကိုဖတ်ရင် လူကိုသိတယ်။
လူတစ်ယောက်ကိုဖတ်တာဟာ စာအုပ်တစ်အုပ်ကို ဖတ်သလိုပါပဲ။ မြင့်မြတ်ခြင်း၊
သစ္စာရှိခြင်းကို ဖတ်တယ်ဆိုတာ စန္ဒားရားပေါ် လမ်းလျှောက်သလိုပဲ
လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ နားဝင်ချိုတဲ့ သံစဉ်တွေထွက်တယ်။ မုသားကိုဖတ်တယ်၊
သစ္စာမဲ့တာကိုဖတ်တယ်ဆိုတာ ရွံ့နွံထဲလမ်းလျှောက်သလိုပဲ
လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ ညစ်ပတ်တဲ့ ရွံ့နွံတွေကပ်ညှိလိုနေတယ်။
ယောက်ျားကို
ဖတ်တယ်။ မိန်းမကို ဖတ်တယ်။
မိန်းမဆိုတာ
ယောက်ျားတွေအတွက် လောကမှာ အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့
စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ယောက်ျားဆိုတာ မိန်းမတွေအတွက် လောကမှာ
အကြိမ်တစ်ရာဖတ်လည်း ဖတ်မငြီးတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။ ဒီစာအုပ်ကို
နားလည်အောင်ဖတ်နိုင်ခဲ့ရင် သင့်တစ်သက်က ပျော်ရွှင်ခြင်းနဲ့ ပြည့်စုံနေလိမ့်မယ်။
အထီးကျန်ခြင်းကို
နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ အထီးမကျန်တော့ဘူး။
စိတ်ညစ်ခြင်းကို
နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ စိတ်မညစ်တော့ဘူး။
နာကျင်ခြင်းကို
နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ မနာကျင်တော့ဘူး။
ချစ်ခြင်းမေတ္တာကို
နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ချစ်ခြင်းမေတ္တာ တိုးပွားတယ်။
ပျော်ရွှင်ခြင်းကို
နားလည်အောင်ဖတ်နိုင်တဲ့သူတွေဟာ ပိုပျော်ရွှင်တယ်။
မည်းမှောင်တဲ့မိုးနေ့ထဲကနေ
နေထွက်တဲ့နေ့ကိုဖတ်တယ်။
ညအမှောင်ထဲကနေ
တိမ်ပြာပြာနေ့ကိုဖတ်တယ်။
ရွက်ဝါထဲကနေ
ရွက်နုဝေတာကိုဖတ်တယ်။
သဲကန္တာရထဲကနေ
အိုအေစစ်ကိုဖတ်တယ်။
ဒီလိုဆိုရင်
သာမန်လူမရနိုင်တဲ့ စိတ်ကူးအကြံကို သင်ရလိမ့်မယ်။
လောကမှာ
ဖတ်ရအခက်ခဲဆုံးက လူ့စိတ်ဖြစ်တယ်။ နောက်ပြီး သင်ကိုယ်တိုင်ဖြစ်တယ်။
တခြားလူကို
သင်နားလည်အောင် ဖတ်နိုင်ပေမယ့် သင့်ကိုယ်သင် နားလည်အောင်ဖတ်ဖို့ခက်တယ်။
လူ့ဘဝရဲ့တစ်သက်ဟာ
စာဖတ်တဲ့တစ်သက်ဖြစ်ရုံမက ကိုယ့်ကိုယ်ကိုဖတ်တာလည်းဖြစ်တယ်။
အရေးကြီးတာက
ကိုယ့်ကိုယ်နားလည်အောင် ဖတ်ပြီး ကိုယ့်ကိုယ်ချစ်မြတ်နိုးတတ်ဖို့ဖြစ်တယ်။
ကိုယ့်ကိုယ်ကို
အရင်မြတ်နိုးတတ်မှ တခြားလူကိုမြတ်နိုး၊ တန်ဖိုးထားတတ်မှာဖြစ်တယ်။
No comments:
Post a Comment