(က)
လွန်ခဲ့တဲ့ဆယ်နှစ်က
ဆွေမျိုးရှိရာ အမေရိကားကို သားလေးနဲ့အတူ ကျွန်မအလည်အပတ် ရောက်ခဲ့တယ်။ မိတ်ဆွေက
ကျွန်မတို့ အမေရိကားမှာ ရှိနေတဲ့အတောအတွင်း သုံးဖို့ဆိုပြီး ကလေးပုခက်
တစ်ခုပေးပါတယ်။
“ဒီမှာက
ကားမောင်းရင် ကလေးကိုပုခက်ထဲ ထည့်ထားရတယ်။ ဒါကလေးသုံးဖို့... အတတ်နိုင်ဆုံး မပျက်၊
မညစ်ပတ်စေနဲ့နော် အစ်မ.... ကျွန်မ သူများဆီက ငှါးလာတာ”
နှစ်ပတ်နေပြီး
ကျွန်မတို့ ပြန်ခါနီးမှာ မိတ်ဆွေက သူငှားလာတယ်ဆိုတဲ့ မသစ်မဟောင်းတော့တဲ့
ကလေးပုခက်ကို ဆိုင်သွားပြီးပြန်အပ်ခဲ့တယ်။ ဆိုင်ရှင်က ဘာမှမပြောတဲ့အပြင်
တန်ဖိုးငွေကို အကုန်ပြန်ပေးခဲ့တယ်။ မိတ်ဆွေက “ဒီကဆိုင်တွေမှာ
လက်ခံဖြတ်ပိုင်းရှိရင် နှစ်ပတ်အတွင်း ဝယ်ထားတဲ့ပစ္စည်းကို မကြိုက်ခဲ့ရင် ပြန်လှဲ၊
ပြန်အပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့် လိုတဲ့ပစ္စည်းတွေကို ကျွန်မဒီမှာ အမြဲလာ “ငှား”
တယ်။ တချို့လူတွေက တီဗွီတောင် “ငှား”သေးတယ်။ အမေရိကားတွေ သိပ်တုံးတာပဲနော်။
ဒီလိုဝယ်ပြီး ပြန်အပ်တဲ့ ယိုပေါက် တော်တော်ကြီးတယ်ဆိုတာတောင် မသိကြဘူး”
လို့ဆိုပါတယ်။
(ခ)
နောက်နှစ်မှာ
ဂျပန်နိုင်ငံကို ကျွန်မရောက်ခဲ့ပြန်တယ်။ ဂျပန်မှာ အလုပ်လုပ်နေတဲ့
သူငယ်ချင်းအိမ်မှာ ကျွန်မတည်းခဲ့တယ်။ သူငယ်ချင်းက ကျွန်မသွားချင်တဲ့နေရာကို
ကားမောင်းပြီး လိုက်ပို့ခဲ့တယ်။
“လူတွေဒီလောက်များပြီး
ကျပ်သိပ်နေတဲ့တိုကျိုမှာ ကားရပ်ရတာ မခက်ဘူးလား” လို့ သူငယ်ချင်းကို ကျွန်မမေးတော့
“အဲဒီလောက် မခက်ပါဘူး။ ဒီက အစိုးရက ကားရပ်ဖို့နေရာရှိမှ ကားဝယ်ရမယ်လို့
သတ်မှတ်ထားတယ်။ ဒါကြောင့် ကိုယ်ပိုင်ကားတွေက နင်ထင်သလောက် မများပါဘူး”
“ဟာ
.. ဒါဆို နင့်မှာ ကားရပ်ဖို့နေရာရှိတယ်ပေါ့။ ဈေးကြီးမှာပဲနော်”
“နင်လည်း
ဂျပန်တွေလောက် တုံးတာပဲ.. ကားရပ်ဖို့နေရာ တစ်နေရာ အရင်ငှားပြီး ကားဝယ်လိုက်...
ကားနံပါတ်ချိတ်ပြီဆိုရင် ငှားထားတဲ့နေရာကို ပြန်အပ်လိုက်ရင် ပြီးသွားတာပဲ”
နောက်ရက်တွေမှာ
ဂျပန်လူမျိုး သူငယ်ချင်းတစ်ဦးက ကျွန်မကိုဧည့်ခံပါတယ်။ သူနဲ့သွားတဲ့နေရာတိုင်း
ကျွန်မတို့ရဲ့စီးတော်ယာဉ်ကတော့ ဘတ်စ်ကားနဲ့ မြေအောက်ရထားပဲဖြစ်တယ်။ သူက ကျွန်မကို
အားနာစွာနဲ့ “တိုကျိုမှာ ကားရှိဖို့ဆိုတာ လွယ်ပေမယ့် ကားရပ်ဖို့နေရာက ဈေးကြီးတယ်။
ဒါကြောင့် ငါတို့ဘတ်စ်ကားနဲ့ ရထားပဲ တိုးကြစို့နော်” လို့ ပြောတော့ ကျွန်မက သူ့ကို
အရင်သူငယ်ချင်းရဲ့အကြံကို ပေးလိုက်မိတယ်။
ကျွန်မရဲ့
အကြံကိုကြားတော့ သူကဝမ်းမသာတဲ့ အပြင် “ယိုပေါက်ထဲဝင်ချင်ရင် နေရာတကာမှာ
ယိုပေါက်တွေရှိပါတယ်။ ဥပမာ- ငါ့အိမ်ထောင်စုကို ရွာမှာနေတဲ့ ငါ့မိဘတွေစီ
ခဏပြောင်းထည့်လိုက်တာနဲ့ ငါကားဝယ်လို့ရပြီ။ ဒါပေမယ့် ငါက တိုကျိုမှာပဲနေပြီး
ကားရပ်ဖို့နေရာ မရှိဘဲ ကားဝယ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်က လူတွေ
ငါ့ကိုဘယ်လိုမြင်ကြမလဲ! အလုပ်သွားရင် ကားမောင်းသွားတဲ့ငါ့ကို လုပ်ဖော်ကိုင်ဖက်တွေက
ဘယ်လိုထင်မလဲ? သူတို့တတွေ ဒီလို မလုပ်တတ်ကြဘူး”လို့ ပြောပါတယ်။
အမေရိကားက
ဝယ်ပြီးပစ္စည်း ပြန်လဲလှယ်ခွင့်နဲ့ ဂျပန်ကယိုပေါက်တွေဟာ “ယုံကြည်မှု” အပေါ်
အခြေခံထားခြင်းပဲဖြစ်တယ်။ “ယုံကြည်မှု” ကို အလွဲသုံးစားလုပ်ပြီး ကြာလာတော့ လူတွေက
အကျင့်တွေပျက်လာခဲ့တော့တယ်။ ကျွန်မနေတဲ့ တိုင်းပြည်မှာရော... အကျင့်ပျက်တွေက
များလာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာခဲ့တော့တယ်။ လူတွေက “အကျင့်ပျက်”ဆိုတဲ့
နေရာမှာပဲ တဝဲဝဲလည်နေခဲ့ကြတော့တယ်။
(ဂ)
ရောမကို
ကျွန်မရောက်ခဲ့စဉ်က ရထားစီးတော့ ရထားလက်မှတ်ဝယ်တဲ့စက်ပဲရှိပြီး လက်မှတ်စစ်တဲ့စက်
မတွေ့မိတော့ စိတ်ထဲမှာ အလိုလိုနေရင်း လူတွေ လက်မှတ်ဝယ်ကြပါ့မလားလို့
သံသယဖြစ်မိသေးတယ်။ လက်မှတ်မဝယ်ကြရင် သူတို့မြတ်ပါ့မလားလို့ တွေးပူနေမိသေးတယ်။ ဒါက
ကျွန်မတို့ရဲ့စိတ်နဲ့ နိုင်းပြီး တွေးလိုက်တာဖြစ်ပေမယ့် အီတလီလူမျိုးတွေက
ကျွန်မတို့ ဒီလိုတွေးမိတယ်ဆိုတာကို အံ့သြနေကြဦးမယ်။ သူတို့ရဲ့အတွေးက “ရထားစီးရင်
လက်မှတ်ဝယ်ရမယ်။ လက်မှတ်မဝယ်ရင် ရထားမစီးဘူး။ ရထားစီးပြီး ဘာလို့လက်မှတ် မဝယ်တာလဲ”
ရိုးရိုးရှင်းရှင်းလေးပဲဖြစ်တယ်။
တကယ်လို့
လက်မှတ်မဝယ်ဘဲ ရထားစီးလို့ရလားလို့ မေးလာခဲ့ရင် စီးလို့ရပါတယ်။ ဒါပေမယ့်
အကျင့်မပျက်တဲ့ အီတလီတွေကို မသိစေ၊ မမြင်စေနဲ့... တကယ်လို့ သိခဲ့ရင်
သင့်ကိုပြစ်ဒဏ်ပေးဖို့ သူတို့က အရင်ဆုံး လက်မြှောက်လိမ့်မယ်။ ပြစ်ဒဏ်က လက်မှတ်ဖိုးထက်
အဆများစွာကြီးသလို တိုင်းပြည်နဲ့ လူမျိုးဆိုတဲ့ ဂုဏ်ကိုတောင် ထိခိုက်နိုင်ပါတယ်။
(ဃ)
တစ်ခါက
နယူးယောက်နာမည်ကြီး ပြတိုက်တစ်ခုကို ကျွန်မတို့ သွားလည်ခဲ့တယ်။
အဝင်လက်မှတ်ဝယ်ရပြီး လက်မှတ်က မှုးစေ့လောက်ရှိတဲ့ ရွှေရောင်အပြားလေးဖြစ်တယ်။
မိတ်ဆွေက ပြတိုက်ထဲကိုမဝင်ခင် “ပြတိုက်ထဲဝင်ပြီး အပြင်ပြန်ထွက်ချင်တဲ့လူတွေ
လက်မှတ်ကိုပြန်မအပ်နဲ့ဦး... အထဲကို နောက်ထပ်ပြန်ဝင်ချင်ရင် အဲဒီလက်မှတ်
ပြန်ပြလိုက်ရုံပဲ။ တကယ်လို့ ထွက်ပြီး ပြန်မဝင်ချင်တော့ဘူးဆိုရင် လက်မှတ်ကို
တံခါးဝက မှန်သေတ္တာထဲ ထည့်လိုက်ရုံပဲ” လို့ မှာပါတယ်။ ကျွန်မက သိချင်တာနဲ့ “
ဒီလက်မှတ်ရဲ့အရောင်နဲ့ သဏ္ဍာန်က နေ့တိုင်းပြောင်းနေလား” လို့ မေးလိုက်တော့
မပြောင်းတဲ့အကြောင်း မိတ်ဆွေက ပြောပါတယ်။
“ဒါဆိုရင်
တချို့က လက်မှတ်ကို ပြန်မထားခဲ့ဘဲ ယူသွားပြီး နောက်ရက်မှာ ပြန်လာလို့ရတာပဲ။
ဒါမှမဟုတ် ၁ဝယောက်စာကို လက်မှတ်၅စောင်ပဲ ဝယ်ပြီး ကျန်၅စောင်ကို ဝင်သွားတဲ့လူက
ပြန်ယူထွက်လာလို့ရတာပဲ” ကိုယ့်အတွေးနဲ့ကိုယ် ပြောမိတဲ့ကျွန်မစကားကို မိတ်ဆွေက
ရယ်ပါတယ်။
“နင်တို့ပဲ
ဒီလိုတွေးကြမယ်.. ဒီကလူတွေ ဒီလိုတွေးကြမှာ မဟုတ်ဘူး။ ဝင်ရင် လက်မှတ်ဝယ်မယ်။
လည်ပတ်ပြီးလို့ ထပ်မဝင်တော့ဘူးဆိုရင် လက်မှတ်ကို အပ်ခဲ့မယ်။ သူတို့ရဲ့အတွေးက
ရှင်းရှင်းလေး”
အမေရိကားတွေက
လူတိုင်းဟာ စည်းကမ်းလိုက်နာကြတဲ့ လူတွေလို့ ယုံကြည်ထားကြတယ်။ ဒါကြောင့် တံခါးဝမှာ
အစောင့်တောင် မထားကြပါဘူး။ ကျွန်မရဲ့အတွေးနဲ့ ကျွန်မကိုယ်ကျွန်မ ရှက်မိပါတယ်။
ကျွန်မရဲ့အတွေးနဲ့ ကျွန်မတို့ရဲ့လုပ်ရပ်တွေက ကျွန်မတို့တိုင်းပြည်မှာ
ယဉ်ကျေးမှုတစ်ခု ဖြစ်လို့နေခဲ့ပါပြီ။
(င)
ကျွန်မ
သင်တန်းသွားပေးတဲ့ ကုမ္ပဏီက စားသောက်ခန်းတွေဟာ သပ်ရပ်ပြီး သန့်ရှင်းပါတယ်။
အစားအစာတွေကို ကိုယ်တိုင်ခပ်ယူ စားသောက်ရအောင် စီစဉ်ထားပေးတယ်။ ကိုယ်ကြိုက်တာ
ကိုယ်ယူစားရုံပါပဲ။ သစ်သီးထားတဲ့ စင်ဖက်မှာတော့ “တစ်ဦးကို တစ်ထုပ်သာ ယူရန်”
ဆိုတဲ့ စာရွက်လေးကပ်ထားပါတယ်။ အသီးတွေက ဆေးပြီးသား လှီးပြီးသားတွေပါ။
တံခါးဝမှာလည်း အစောင့် မရှိပါဘူး။ သုံးဆောင်မယ့်လူတွေက ကိုယ့်ဝန်ထမ်းကဒ်နဲ့
စက်ထဲထည့်လိုက်ရုံပါပဲ။ ကျသင့်ငွေကို လကုန်ရင် လစာထဲကနေ နုတ်ယူပါတယ်။
ကုမ္ပဏီ
အကြီးအကဲတစ်ဦးက ကျွန်မကို “ဝန်ထမ်းတစ်ဦးက ထမင်းစားပြီး စက်ထဲကဒ်မထည့်လို့
မိသွားတယ်။ ပထမတစ်ကြိမ် သတိပေးတယ်။ ဒုတိယအကြိမ်မှာ အလုပ်ထုတ်ပစ်လိုက်တယ်”
လို့ပြောပြပါတယ်။ ယုံကြည်မှုကို တည်ဆောက်ဖို့ရာ မလွယ်ကူသလို တန်ဖိုးလည်း
ကြီးမားပါတယ်။
တစ်ဦးကိုတစ်ဦး
ယုံကြည်မှုမြင့်လေ ကြီးကြပ်မှုက နည်းလေဖြစ်တယ်။ ယုံကြည်မှုရှိလေ
နှစ်ဦးနှစ်ဖက်အဆင်ပြေလေ၊ အလုပ်လုပ်ရာမှာ လွယ်ကူ မြန်ဆန်ပြီး
စိတ်ချမ်းသာလေဖြစ်တယ်။ လျှောက်ဖို့လမ်းက ရွေးတာမှန်သွားပြီဆိုရင် ခရီးဝေးမှာကို
မကြောက်ရတော့ပါဘူး။
အင်တာနက်ပေါ်
ဖတ်မိတာလေး ဘာသာပြန်ထားတာပါပဲ.. ကြာခဲ့ပါပြီ...ဒါပေမဲ့ ခံစားလို့ကောင်းနေတုန်းပဲ...
No comments:
Post a Comment