Saturday, July 5, 2014
သူဌေးတွေ ငွေကိုဘယ်လိုဖြုန်းသလဲ ?
အမေရိကန် မိုက်ခရိုဆော့ဖ်ဖခင် ဘီလ်ဂိတ်နှင့် မိတ်ဆွေတစ်ဦးသည် ဟိုတယ်တစ်ခုတွင် အစည်းအဝေး တက်ရောက်ရန် သွားရောက်ခဲ့သည်။ အသွားနောက်ကျသဖြင့် ကားရပ်နားရန်နေရာ ရှာမရဖြစ်နေခဲ့သည်။ ထိုအခါ မိတ်ဆွေက ဟိုတယ်၏ အထူးယာဉ်ရပ်နားရန်နေရာတွင် ရပ်ရန် အကြံပေးသည်။
“တစ်နာရီ ၁၂ ဒေါ်လာပေးရတာ မတန်ဘူး” ဟု ဘီလ်ကပြောပြီး လက်မခံခဲ့ပေ။ မိတ်ဆွေက ထိုငွေအား မိမိပေးမည်ဟု ပြောသော်လည်း ဘီလ်က အဆမတန် ဈေးမြင့်ထားသော ကားရပ်နားခကြောင့် ငြင်းဆန်ခဲ့သည်။ နောက်ဆုံးတွင် ဘီလ်၏ ခေါင်းမာမှုကြောင့် အထူးယာဉ်ရပ်နား နေရာတွင် မရပ်နားခဲ့ရပေ။ ကမ္ဘာ့ထိပ်တန်း ချမ်းသာသူများစာရင်းတွင် ဘီလ်ဂိတ်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ၁၉၉၈ခုနှစ် ဇန်န၀ါရီမှ ဇွန်လအထိ သူ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁၆၀ ဘီလီယံထိ တိုးမြင့်ခဲ့သည်။ ထိုငွေများသည် တစ်စက္ကန့်တွင် ဒေါ်လာ ၂၅၀၀ ၀င်ငွေနှင့်ညီမျှသည်။
လူတစ်ချို့က ဘီလ်ဂိတ်နှင့် ပတ်သက်ပြီး ဤသို့ ဟာသထုတ်သည်။ မြေပေါ်တွင် ကျနေသော ဒေါ်လာတစ်သောင်းတန် ချက်လက်မှတ်ကို ဘီလ်ဂိတ်တွေ့သော်လည်း ကောက်ယူဖို့ရန် မသင့်။ အကြောင်းမှာ သူခါးညွှတ်ပြီး ကောက်ယူချိန် ၅စက္ကန့်၏ ၀င်ငွေ ဒေါ်လာ ၁၂၅၀၀သည် ထိုချက်လက်မှတ်ထက် ပိုတန်ဖိုးရှိသောကြောင့်ဖြစ်သည်။
ထိုသို့ ကျိကျိတက် ချမ်းသာနေသော ဘီလ်ဂိတ်သည် အဘယ်ကြောင့် တစ်နာရီ ၁၂ဒေါ်လာ ပေးရသော နေရာတွင် ယာဉ်မရပ်သနည်း?
“ခင်ဗျား ဒေါ်လာ ဝမ်းဘီလီယံ ပိုင်ဆိုင်လာတဲ့အခါ ငွေကြေးဆိုတာ သင်္ကေတတစ်ခုပါပဲလားလို့ ခင်ဗျား သဘောပေါက်လာလိမ့်မယ်” ဟု တစ်ခါက ဘီလ်ဂိတ် ပြောခဲ့ဖူးသည်။
ဘီလ်ဂိတ်နှင့် သူ့ဇနီးသည် ၅နှစ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံကို လှူခဲ့ပြီးသလို အသက် ၆၀ ရောက်လျှင် သူပိုင်ဆိုင်သမျှ ငွေကြေးများအား လူ့အဖွဲ့အစည်းအတွက် လှူဒါန်းမည်ဟု ကြော်ညာခဲ့ဖူးသည်။
လွန်ခဲ့သော ၁ဝနှစ်ခန့်က စတီးဘုရင် Carnegie က “လူတစ်ယောက်ဟာ ချမ်းသာရက်နဲ့ သေသွားတာ ရှက်ဖို့ကောင်းတယ်” ဟု ပြောခဲ့ဖူးသည်။ သူလည်း ပိုင်ဆိုင်သမျှ အရာအားလုံးကို လူ့အဖွဲ့အစည်းအတွက် လှူဒါန်းခဲ့သည်။
“လောကမှာ အပျော်ဆုံးအရာက ပေးဆပ်ခြင်းပဲ။ အဓိပ္ပါယ်ရှိရှိနဲ့ ပေးဆပ်လိုက်ရတာထက် ပျော်တဲ့အပျော်မရှိဘူး” ဟု အမေရိကန် Time Warner ကုမ္ပဏီပိုင်ရှင်က ၁၉၉၇ အစည်းအဝေးတစ်ခုတွင် ပြောခဲ့သည်။
××××××××××××
Yun Zhong Tian စုစည်းသည်လို့ ရေးထားတဲ့ ဝယ်ဖတ်ဖြစ်ခဲ့တဲ့ပုံပြင်(၃ဝဝ) စာအုပ်ထဲကပါ။
ဘလော့မှာ ဘာသာပြန်တင်ပြီးသားတွေပါ။ ရေးခဲ့တဲ့ခုနှစ်တွေကိုလည်း နာမည်ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ဖော်ပြထားပါတယ်။ ကြိုက်နှစ်သက်တဲ့ ပုံပြင်လေးတွေကို FBမှာ ပြန်မျှဝေပါတယ်။
နိုင်းနိုင်းစနေ (Thursday, November 08, 2007)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment