(၁)
ပန်းချီဆရာတစ်ဦးဖြစ်ဖို့
ငယ်ငယ်လေးတည်းက ကျွန်မစိတ်ကူးခဲ့တယ်။ ဒါကြောင့် အားလပ်ချိန်တိုင်း ကျွန်မ
ပန်းချီပဲဆွဲနေခဲ့တယ်။ ပန်းချီဆွဲတာကို နှစ်သက်စွဲလမ်းတဲ့ကျွန်မကို ဖေဖေက
ပန်းချီဆရာတစ်ဦးဆီ အပ်ပေးခဲ့တယ်။ ကျွန်မဆွဲတဲ့ပန်းချီကို ကြည့်ပြီး ပန်းချီဆရာက
ကျွန်မကိုမေးတယ်။
"သမီး...
ဘာဖြစ်လို့ ပန်းချီဆွဲသင်ရတာလဲ?"
"ပန်းချီဆရာတစ်ဦးဖြစ်ချင်လို့ပါ"
"ပန်းချီဆွဲသင်တဲ့သူတိုင်း
ပန်းချီဆရာ မဖြစ်ဘူးနော် သိလား? ပန်းချီဆွဲနေတဲ့အချိန် သမီး ပျော်လား?"
"ပျော်တယ်"
"ပျော်ရင်
ပြီးတာပဲ!"
ပန်းချီဆရာက
လောကမှာ ပန်းနှစ်မျိုးရှိကြောင်း ကျွန်မကိုပြောပြတယ်။ ပထမပန်းတစ်မျိုးက
အသီးသီးနိုင်တယ်။ နောက်ပန်းတစ်မျိုးက အသီးမသီးနိုင်ဘူး။ ဒါပေမယ့်
အသီးမသီးနိုင်တဲ့ပန်းက ပိုလှတယ်။ ဥပမာ - နှင်းဆီပန်းလိုပေါ့။ နှင်းဆီပန်းဟာ
လှပမွှေးကြိုင်တယ်။ သူဟာ အသီးမသီးနိုင်လို့ဆိုပြီး လှလှပပ
ပွင့်လန်းနိုင်တဲ့အပျော်ကို လက်မလွတ်ခဲ့ဘူး။
လူတွေကလည်း
ပန်းနဲ့တူတယ်။ လူတစ်မျိုးက စီးပွားရေး အလုပ်အကိုင်တွေနဲ့
ကြီးပွားအောင်မြင်နိုင်တယ်။ နောက်လူတစ်မျိုးက ဘာကြီးကြီးမားမား
အောင်မြင်မှုတွေမရှိဘူး။ သာမန်လူတစ်ယောက်ပဲဖြစ်တယ်။ သာမန်လူဆိုပေမယ့် ရင်ထဲမှာ
ပျော်ရွှင်မှုရှိမယ်။ မျက်နှာပေါ်မှာ အရယ်အပြုံးတွေရှိမယ်ဆိုရင် သူဟာ
နှင်းဆီပန်းလိုပဲ လှပမွှေးကြိုင်နိုင်တယ်။ လူတကာရဲ့ အားကျနှစ်သက်တာကို
ခံနိုင်ပါတယ်။
ပန်းချီဆရာအိမ်ကနေ
ကျွန်မ မထွက်ခွာခင် ပန်းချီဆရာက ကျွန်မပုခုံးကို ပုတ်ပြီး
"ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်အောင်လုပ်ပါ။ ပျော်ရွှင်တဲ့လူကမှ
ပျော်ရွှင်တဲ့ဘဝကိုရတယ်။ ပျော်ရွှင်တဲ့လူကမှ ဘဝရဲ့ပျော်ရွှင်တဲ့ နေရောင်ခြည်ကို
ရနိုင်တယ်... သမီး" လို့ ပြောခဲ့တယ်။
(၂)
တစ်ခုသော
နွေရာသီမနက်ခင်းမှာ ဝရံတာပေါ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။
ကောင်မလေးဟာ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး တုတ်ထိပ်မှာ လှပတဲ့
ဖဲကြိုးနီလေးတစ်ခု ချည်ထားတယ်။ ဖဲကြိုးက ဝရံတာအပြင်ဘက် လေထဲမှာ လွင့်ဝဲနေခဲ့တယ်။
ကောင်မလေးကို ဘာလုပ်နေသလဲလို့ ကျွန်မမေးတော့ လိပ်ပြာမျှားနေပါတယ်လို့
သူပြန်ဖြေတယ်။ ချိပ်မပါဘဲ လိပ်ပြာကို ဘယ်လိုမျှားမလဲလို့ ကျွန်မထပ်မေးတော့ သူက
သူဟာ လိပ်ပြာရဲ့ခန္ဓာကို မျှားနေတာမဟုတ်ဘူး။ လိပ်ပြာကိုမျှားတဲ့ ပျော်ရွှင်ခြင်းကို
မျှားနေတာပါလို့ ပြန်ဖြေတယ်။
ကောင်မလေးစကားကြောင့်
သူငယ်ချင်းတစ်ယောက်ရဲ့အပြောကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ အဲဒီသူငယ်ချင်းက
ငါးမျှားရတာကို နှစ်သက်သူဖြစ်တယ်။ ငါးမျှားဖို့ မနက်အစောကြီး သူထွက်သွားတတ်ပြီး
ညနေမှ အိမ်ပြန်တတ်တယ်။ တစ်ခါက ပုခြုပ်ထဲ ငါးတစ်ကောင်မှမပါဘဲ လေတချွန်ချွန်နဲ့
ငါးမျှားရာကနေ သူပြန်လာခဲ့တယ်။ ဒါကို တခြားသူငယ်ချင်းတစ်ယောက်က "ခင်ဗျား တစ်နေ့ကုန်ငါးထိုင်မျှားတာ
ငါးတစ်ကောင်မှ မရခဲ့တာတောင် ခင်ဗျားပျော်နိုင်တာပဲနော်" လို့ မေးခဲ့တယ်။
"ငါးမျှားချိပ်ကို
ငါးမဟပ်တာ ငါးနဲ့ပဲဆိုင်တယ်။ ကျွန်တော်ကတော့ ပျော်ရွှင်ခြင်းတွေကို တစ်နေကုန်
ထိုင်မျှားခဲ့တယ်"လို့ သူပြန်ဖြေပါတယ်။ တကယ့်မျှားသူတွေအတွက် အကောင်းဆုံးငါးဟာ
ပျော်ရွှင်ခြင်းတွေပဲဖြစ်တယ်။
"ကောင်းကင်မှာ
ငှက်တွေရဲ့ခြေရာ ထင်ကျန်မနေခဲ့ဘူး။ ဒါပေမယ့် ငှက်တွေ ပျံသန်းကြတယ်" ဒီကဗျာကို
ဖတ်ခဲ့ရတုန်းက ကဗျာဟာ အရမ်းလှတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမယ့် ဘယ်နေရာမှာ
လှနေမှန်း ကျွန်မ မပြောတတ်ခဲ့ဘူး။ အခုချိန်ကျမှ အဲဒီသူငယ်ချင်းရဲ့ကိုယ်ပေါ်ကနေ
ဒီကဗျာရဲ့အဓိပ္ပာယ်ကို ကျွန်မနားလည်လိုက်တယ်။ "ပျံသန်းရတဲ့ ရည်ရွယ်ချက်က
ခြေရာထင်ကျန်ဖို့ မဟုတ်ဘူး။ ပျံသန်းချိန်မှာ လွတ်လပ်တဲ့အရသာနဲ့ ပျော်ရွှင်ခြင်းကို
ခံစားဖို့ဖြစ်တယ်"
အဲဒီလိုပဲ
ဘဝဟာလည်း ကျွန်မတို့ပျော်ရွှင်ခဲ့တဲ့ ခြေရာကိုချန်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့်
ကျွန်မတို့ပျော်ရွှင်ခဲ့ဖို့ လိုတယ်။ ဘဝအတွက် အကောင်းဆုံးငါးဆိုတာ
ပျော်ရွှင်ခြင်းပဲဖြစ်တယ်။ ပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ မျှားတတ်ရမယ်။
(၃)
သိပ်မကြာခင်က
Icelandအကြောင်း မိတ်ဆက်ရေးသားထားတဲ့ စာတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရတယ်။
Icelandရဲ့တည်နေရာက ချမ်းအေးတဲ့ Atlantic သမုဒ္ဒရာရဲ့ မြောက်အရပ်မှာဖြစ်တယ်။
အဲဒီနေရာရဲ့ ၁၃%ဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာပေါ်မှာ မီးရှင်တောင်တွေ
အများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်လည်းဖြစ်ခဲ့တယ်။ ဆောင်းရာသီမှာ ညတာရှည်ပြီး
တစ်နေ့မှာ နာရီ(၂ဝ)လောက်ဟာ မှည်းမှောင်နေတယ်။ ဒါပေမယ့် Icelandမှာနေထိုင်သူတွေဟာ
သေဆုံးနှုန်းနည်းပြီး ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့တယ်။
ဆိုးရွားတဲ့
ရာသီဥတု ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ Iceland လူတွေဟာ သေဆုံးနှုန်းနည်းပြီး
ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့သလဲ?
ဒီလိုအမေးကို
အဖြေရှာဖို့ အမေရိကန်က The Gallup Organization ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဟာ
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ(၁၈)နိုင်ငံမှာနေထိုင်တဲ့ ပြည်သူလူထုတွေကို ရွေးပြီး
လေ့လာဆန်းစစ်ခဲ့တယ်။ နောက်ဆုံးရလဒ်က Iceland မှာနေထိုင်သူတွေဟာ ကမ္ဘာပေါ်မှာ
အပျော်ဆုံးလူတွေဖြစ်နေတာကို တွေ့ခဲ့ရတယ်။ Iceland က မေးမြန်းခံရသူပေါင်း
၂သိန်း၇သောင်းမှာ ၈၂%ရှိလူတွေဟာ သူတို့ရဲ့နေထိုင်မှုတွေကို သူတို့အားရကျေနပ်ကြောင်း
ဖော်ပြခဲ့တယ်။ Iceland က လူတွေအသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ဟာ
ပျော်ရွှင်လို့ဖြစ်တယ်။
ပျော်ရွှင်ခြင်းဟာ
ဘဝမှာ အကောင်းဆုံး ဆေးတစ်လက်ဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ ဘဝမှာ ပွင့်လန်းတဲ့
ပန်းတစ်ပွင့်ဖြစ်တယ်။ အဲဒီပန်းပွင့်ဟာ ကျွန်မတို့ရဲ့ အိုမင်းရင့်ရော်ခြင်းကို
တုံ့နှေးစေသလို ကျွန်မတို့ရဲ့ စိတ်နှလုံးကိုလည်း ကြည်နူးအေးချမ်းစေတယ်။ ဘဝရဲ့
အခက်အခဲကြားကနေ လောကရဲ့လှပတဲ့နေရောင်ခြည်ကိုလည်း တွေ့မြင်စေနိုင်ပါတယ်။
No comments:
Post a Comment