ဂရိဒဿနိကဗေဒပညာရှင်
ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေငေးမောနေသော လူငယ်တစ်ဦးကိုမြင်သော်
အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။
လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့
နာကျင်တာမခံစားရဘူးဆိုရင် ချစ်ခဲ့တာ အရသာမရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက
ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီးခံစားနေရသလဲ...?
လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့
ဆုံးရှုံးမှုဝေဒနာကို လူငယ်မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...!
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာဖြစ်လို့
ရှေ့ဆက်မလျောက်တာလဲ? ဒီထက်ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။
လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန်လှည့်လာမဲ့နေ့ကို
ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင်
တခြားတစ်ယောက်လက်ထဲ သူပါသွားတာကိုပဲ လူလေးကြည့်နေရလိမ့်မယ်။
လူငယ်....ကျွန်တော့်ကိုယ်ကျွန်တော် အဆုံးစီရင်ပြီး
သူ့ကိုချစ်တဲ့အကြောင်း သက်သေပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ
ဆုံးရှုံးမယ်။ ကိုယ့်ကိုယ်ကိုလည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို
လူလေးခံစားရလိမ့်မယ်။
လူငယ်....ဒါဆို သူ့ဘဝပျက်အောင်လုပ်မယ်။ ကျွန်တော်မရတာကို
သူတစ်ပါးလည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ
မဟုတ်လား။
လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော်
သူ့ကိုအရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?
လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?
လူငယ်.....ဒါပေါ့...ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက်
ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ရင်ကော...
လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့
အရင်က သူပြောခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက
ဒီလိုမထင်တော့ဘူးလေ။
လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက
လူလေးနဲ့အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့
သစ္စာမရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ ချစ်ချင်ဟန်ဆောင်ပြီး လူလေးနဲ့ သူအတူရှိနေမယ်၊
မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ်... ဒါကမှ တကယ့်လိမ်ညာတယ်လို့ခေါ်တယ်။
လူငယ်....သူ့ကို နစ်နစ်ကာကာချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့အချစ်တွေ အလဟဿ
ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့အချစ်တွေ အလဟဿ မဖြစ်ခဲ့ပါဘူး။
အချစ်မှာ အလျော်ဆိုတာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ
သူ့ကိုပေးဆပ်နေတဲ့အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေးအတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို
လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။
လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူကမချစ်တော့ဘူး။ ကျွန်တော်က
သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့ သူအတွက်
မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက
သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့
လွတ်လပ်တဲ့အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက်
ကိုယ်ချင်းစာစိတ် မရှိလိုက်သလဲ...!
လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ
ကျွန်တော့်အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို
ပျော်ရွှင်ခြင်းတွေပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာမဟုတ်ဘူး။
ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။
လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး
အချစ်တွေ အားလုံးပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..? သူဘာကြောင့်
ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့လူတစ်ယောက်ရဲ့
စက်ကွင်းကလွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ်မဟုတ်လား...? လူလေး
လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ
အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုယ်ကို ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့စိတ်မှာ
ကြီးမြတ်တာပဲရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း
မကောင်းလို့ မဟုတ်ဘူး။
လူငယ်....ဒါ ဘာအဓိပ္ပာယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို
ကျွန်တော်တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား
မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြောလိုက်သလဲ သိလား...? အဝတ်စက ညံ့လွန်းတယ်
မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ
အစွန့်ခံဝတ်စုံလိုပါပဲ။
လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့်
နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ဝေဒနာထဲကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့
ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။
လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့အကြီးမားဆုံးသော
လမ်းညွှန်ဆရာပဲ။ အသဲကွဲဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို
ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး
လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ထိုက်တန်တဲ့
ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။
လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။
ကျွန်တော်ဘယ်ကနေ ခြေလှမ်းစလှမ်းရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့လူကို အရင်ဆုံးကျေးဇူးတင်ပါ။
တောင်းဆုပြုပါ။
လူငယ်....ဘာဖြစ်လို့လဲ....?
တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန်
ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူကပေးခဲ့လို့ပါပဲ။
If
you love someone, let it be and set him/her free, if he/she comes back to you,
it's meant to be.
တရုတ်သတင်းစာ
တစ်စောင်မှာ ဖတ်မိတာလေးကို ဘာသာပြန်ထားပါတယ်။ ကြာတော့ကြာနေခဲ့ပါပြီ...
No comments:
Post a Comment