Sunday, July 6, 2014

Myanmar Proverbs



၁ ။ ရေကူးညာတင် ပြောနည်း
မြစ်ကူးရာတွင် မြစ်ညာကတင်ပြီး ကူးမှ ရေစီးအတိုင်းလိုက်၍ အလိုက်သင့်လိုရာ ဆိပ်ကမ်းရောက်မည်ဖြစ်၏။
စကားပြောဆိုရာတွင် လိုရင်းရောက်အောင် ကြိုတင်ပြင်ဆင်ပြီး ပြောထားခြင်းကို ဆိုလိုသည်။
၂ ။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်သောအခါ ကောက်ပင်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးမှ တံစဉ်နှင့် ပြန်ရိတ်ရ၏။ တဖက်လူ၏ စကားကို မိမိရရ
ဆုပ်ကိုင်မိမှ ချက်ကောင်းယူပြီး ပိုင်အောင်ပြောဆိုနည်း ကို ဆိုလိုသည်။
၃ ။ ရေစီးဖောင်ဆန် ပြောနည်း
ရေစီးသည့်နေရာမှာ ဖောင်ဆန်သည့်အခါ ဖြည်းညှင်းစွာထိုးဝါးနှင့် ထောက်,ထောက်ပြီး စိတ်ရှည်လက်ရှည် ဆန်တက်ရ၏။
စကားပြောရာတွင်လည်း လိုရာရောက်အောင် စိတ်ရှည်လက်ရှည် သာယာညှင်းပျောင်းစွာ ပြောဆိုနည်းကို ဆိုလိုသည်။
၎ ။ အိုးတန်ဆန်ခတ် ပြောနည်း
အိုးနှင့်ဆန်ကို တန်အောင်ချက်လျှင် နူးနပ်စွာ စားသုံးရ၏။ မိမိပြောမည့်စကားသည် မိမိပြောမည့်လူနှင့် တန်သောစကားမျိုးပြောမှ
မိမိဆိုလိုရင်းကို ထိုသူသဘောပေါက်အောင် ပြောနိုင်မည် ဖြစ်၏။
၅ ။ ဆန်ပွတ်ကျည်ပွေ့ ပြောနည်း
ဆန်ကိုရအောင်ပွတ်သည့်အခါ အထပ်ထပ်အခါခါ ပွတ်ရ၏။ မိမိပြောလိုသော စကားအောင်မြင်အောင် အထပ်ထပ်အခါခါ
ပြောရန်လိုအပ်သည်ကို ဆိုလို၏။
၆ ။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့သည့်ရန်ကို ရှောင်သည့်အခါ ကွေ့ပတ်ဝေ့၀ိုက်၍ ရှောင်ရ၏။ တည့်တည့်ပြေး၍မရ။ စကားပြောရာတွင် မိမိဘေးအန္တ
ရာယ်ဖြစ်စေမည့် အနေအထားရှိလျှင် ကွေ့ပတ်ပြောရန် လိုခြင်းကို ဆိုလို၏။
၇ ။ တောင်သူယာခုတ် ပြောနည်း
တောင်သူများယာခုတ်သည့်အခါ ချုံနွယ်ပိတ်ပေါင်း၊ သစ်ပင်ငယ်များကို အရင်ခုတ်ပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲသည်။
စကားပြောရာတွင် ကိစ္စငယ်များကို အရင်ကိုင်တွယ်ဖြေရှင်းပြီးမှ ကိစ္စကြီးကို ဖြေရှင်းပြောဆိုရန်ဖြစ်၏။
၈ ။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်တို့သည် ဆုတ်၍အရှိန်ယူပြီးမှ ပြန်ခွပ်ပစ်တတ်သည်။ စကားပြောရာတွင် တဖက်သား၏ စကားကို အလိုက်သင့်
လျှော့ပေးပြီးမှ ပိုင်ကွက်တွေ့သည့်အခါ ပြန်ဖိပြီး ပြောပစ်လိုက်သော နည်းဖြစ်၏။
၉ ။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း
ရေစစ်ကရားသည် ရေသွားသောအခါတွင် တသွင်သွင်သွားသကဲ့သို့ ပိတ်၍လည်းရ၏။ မိမိပြောသောစကားသည် ရပ်၍လည်းရ၊
အဆက်မပြတ်ပြော၍လည်းရသော စကားမျိုးဖြစ်ရမည် ဖြစ်၏။
၁၀။ ခက်တင်မောင်းနှင် ပြောနည်း
မောင်းနင်းသည့်အခါ စည်းဝါးကိုက် ထောင်းနေသကဲ့သို့ တဖက်လူပြောသည့်စကားကို ချက်ကျကျ အခွင့်ကောင်းယူပြီး
ပြန်ပြောတတ်ရန်ဖြစ်သည်။

No comments:

Post a Comment