Saturday, July 12, 2014

Social Cognitive Theory



လူတွေရဲ့ အပြုအမူတွေကို သူတို့နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ယှဉ်တွဲ နားလည်ထားတဲ့ Interpersonal Theoryတွေထဲက Social Cognitive Theory အကြောင်းကို ပြောချင်ပါတယ်။ သူ့ကို အရင်ကတော့ Social Learning Theory လို့ ခေါ်ပါတယ်။ ဒီသီအိုရီက လူတစ်ဦးတစ်ယောက်ရဲ့ အပြုအမူဟာ သူ့ကိုယ်သူ ယုံကြည်လက်ခံ သိမြင်ထားတဲ့ ပုံစံအနေအထား၊ သူ့ရဲ့ စိတ်ခံစားမှု အခြေအနေကို ထိန်းသိမ်းနိုင်စွမ်းတွေ အပေါ်မှာ မူတည်နေတဲ့အပြင် သူနဲ့ ဆက်စပ်နေတဲ့ လူမှုရေးရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု အပေါ်မှာလဲ အများကြီး မူတည်နေပါတယ်တဲ့။

ဥပမာ ပြောရရင် ကလေးတွေကို စက်ဘီးစီး စသင်တဲ့အခါ သူတို့ကိုယ် သူတို့ ချက်ခြင်း ယုံကြည်မှု ရှိမလာကြပါဘူး။ ဒါပေမယ့် self-efficacy ( ကိုယ့်ကိုယ်ကို သင်ယူ တတ်မြောက်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်မှု ) မြင့်မားတဲ့ ကလေးက သူများတွေ စက်ဘီးစီး သင်တဲ့အခါ ပထမပိုင်းမှာ လဲကျကြတယ်။ နောက်ပိုင်းမှာ စီးတတ်သွားတယ် ဆိုတာကို သူ မြင်ထားတော့ သူလည်း ဒီလိုပဲ ဖြစ်မှာပဲလို့ ယုံကြည်ထားတဲ့အတွက် စက်ဘီး စီးတတ်တာက မြန်ပါတယ်။




self-efficacy နိမ့်တဲ့ ကလေးကတော့ ကြိုးစားဖို့ ပိုပြီး နောက်တွန့်နေပါလိမ့်မယ်။ စက်ဘီးစီးရာမှာက နောက်တွန့်လေ ပိုလဲကျ လွယ်လေ ဖြစ်တတ်တာက သဘာဝမို့ သူက သင်ရတာ ပို ခက်ခဲ နေမှာပါ။ ဒီလို ကလေးမျိုးက စက်ဘီး စီးတတ်ဖို့ အတွက် ပိုပြီး ကြာကြာ ကြိုးစားဖို့လိုသလို၊ ဘေးက ထောက်ပံ့ ကူညီ ပေးမှုတွေလဲ ပိုလိုအပ်လေ့ ရှိပါတယ်။ ဒါပေမယ့် သူလဲ မကျအောင် စက်ဘီးကို မြန်မြန် နင်းနိုင် သွားတဲ့အခါ သူ့ရဲ့ self-efficacy တွေ တက်လာပါတယ်။ အဲဒီ self-efficacy က နောက်ပိုင်း သူ အခြားကိစ္စရပ်တွေကို ဆောင်ရွက်ရာမှာလဲ အကူအညီ ပေးနိုင်စွမ်း ရှိပါတယ်။ စိတ်ပညာရှင်ကြီး Albert Bandura ကတော့ ဒီ self-efficacy ကို ဘယ် အပြုအမူမျိုးကို ပြောင်းလဲရာမှာ မဆို အဓိက လိုအပ်ချက်တွေထဲက တစ်ချက် အနေနဲ့ အသုံးပြု ပါတယ်။https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgNzdNx6HSU0FEb92Avqc8i4fx7wMl0azpnyqydFzuiGWVYYoed8XRDZ2bKIjG8LgDJCnZFYiVS7Laj7xwqtfUwzb2O9wfysRr9GnCcCcgHzGEM3KlY31XSAPEDIgQ1zLm_BZBtHmP-Gw/s320/Picture2.jpg


အပြုအမူပြောင်းလဲမှု ပေါ်မှာ သက်ရောက်နေတဲ့ လူတစ်ဦးချင်းစီရဲ့ ၀ိသေသ လက္ခဏာတွေက
- တစ်စုံတစ်ခုကို လုပ်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ self-efficacy
- အဲဒီအပြုအမူကို နားလည်မှုနဲ့ ကျွမ်းကျင်မှု
- အပြုအမူ ပြောင်းလဲမှုက မိမိအပေါ် ဘယ်လို သက်ရောက်မှုမျိုး ရှိမယ်ဆိုတဲ့ ယုံကြည်မှု
- ရလာမယ့် ရလဒ်တွေကို ကောင်းမယ်လို့ မျှော်လင့်မှု
- မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း
- အပြုအမူတွေ ပြောင်းလဲဖို့ ကြိုးစားရာမှာ ကြုံတွေ့ရတဲ့ စိတ်ခံစားမှုတွေကို ထိန်းသိမ်းနိုင်စွမ်း စတာတွေ ဖြစ်ပါတယ်။

အပြုအမူတွေ ပြောင်းလဲမှု ပေါ်မှာ သက်ရောက်နေတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေက
- အခြားသူတွေရဲ့ ပြုမူလုပ်ဆောင်ပုံတွေနဲ့ အဲဒီပြုမူ လုပ်ဆောင်မှုတွေက ရလာတဲ့ သက်ရောက်မှုတွေကို ကြည့်ရှုလေ့လာခြင်း
- မိမိရဲ့ အပြုအမူတွေ ဆောင်ရွက်မယ့် လူမှုရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုရာ ပတ်ဝန်းကျင်နဲ့ အဲဒီ ပတ်ဝန်းကျင် အပေါ်မှာ မိမိရဲ့ အမြင်
- ပတ်ဝန်းကျင်ကနေ မိမိရဲ့ အပြုအမူတွေကို အပြုသဘော သက်ရောက်မှု ဒါမှမဟုတ် အဖျက်သဘော သက်ရောက်မှု
- မိမိရဲ့ ၀ိသေသ လက္ခဏာ အနေအထားပေါ်မှာ မူတည်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာမှာ ရလာတဲ့ ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေ အပေါ်မှာ မူတည်ပြီး မိမိရဲ့ အပြုအမူတွေကို ချိန်ဆ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။

ဒီသီအိုရီနဲ့ ပတ်သက်တဲ့ ထောက်ပြဝေဘန်ချက်ထဲက တစ်ခုကတော့ ရှုပ်ထွေးလွန်းတယ်တဲ့။ “အကယ်၍ ................. အခြေအနေမျိုး ဖြစ်ပါက ဤကဲ့သို့သော အပြုအမူမျိုးကို ပြုမူကောင်း ပြုမူနိုင်လိမ့်မည်” ဆိုတာမျိုးတွေ ဖြစ်နေပါတယ်။ ဘာကိုမှ တိတိကျကျ ပြောနိုင်စွမ်း မရှိပါဘူးတဲ့။ နောက်တစ်ခုက self-efficacyကို တည်ဆောက် ပြီးတဲ့အခါ ဒီသီအိုရီရဲ့ အခြား အစိတ်အပိုင်းတွေက ဒီလိုပဲ ဆက်ရှိနေဦးမှာပါပဲ။ ဒါပေမယ့် ဒါတွေက ဘီရိုထဲမှာ ရှိနေတဲ့ အ၀တ်ဟောင်းတွေလိုပဲ။ ကိုယ့်အပေါ်ကို ဘာမှ မသက်ရောက် စေနိုင်တော့ပါဘူး။ အဲဒါဆို ဒီသီအိုရီက မှန်ပါ့ဦးမလားလို့ ဝေဘန်ထားပါတယ်။

အချိန်များများလေး ရတဲ့ အခါကျမှ ကျန်တဲ့ သီအိုလေးတွေကို ဆက်ရေးပါရစေ။
အခုတော့ ဒီလောက်ကိုပဲ မိတ်ဆက်အနေနဲ့ တင်ပေးလိုက်ပါတယ်။
ဒီပို့စ်တွေကို ရေးရတာ အချိန်တော်တော်လေး ပေးရတာမို့ပါ။

No comments:

Post a Comment