John
C.Maxwell ရဲ့ Teamwork ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့တဲ့အချိန်မှာ
အသင်းကောင်းတစ်သင်းရဲ့ လက္ခဏာများ (The Characteristics of A Good Team)
ဆိုတဲ့ ခေါင်းစဉ်လေးကို တော်တော်သဘောကျမိပါတယ်။ အသင်းအဖွဲ့ဆိုတာက
နှစ်ယောက်နဲ့အထက်ရှိရင် အသင်းတစ်သင်းရယ်လို့ ခေါ်လို့ရပြီဆိုတော့
လေးယောက်တည်းရှိတဲ့ ကိုယ့်မိသားစုထဲမှာပဲဖြစ်ဖြစ်၊ လူ ၁၁ ယောက်ရှိတဲ့
ဘောလုံးအသင်းမှာပဲ ဖြစ်ဖြစ်၊ လူသန်း ၆၀ ရှိတဲ့ ကိုယ့်တိုင်းပြည်အနေနဲ့ပဲ
ဖြစ်ဖြစ်၊ စဉ်းစားကြည့်လို့ရတယ်၊ အသုံးပြုလို့ရပါတယ်။ ဒီနေရာမှာ
သူရေးထားတဲ့ အချက် ၁၀ ချက်ကို ဘာသာပြန်တဲ့အနေနဲ့ မဟုတ်ဘဲ
ကိုးကားတဲ့ပုံစံနဲ့ပဲ ပြန်ရေးသွားပါမယ်။
(1) The team members care for one another
အသင်းကောင်းတစ်သင်းဖြစ်ဖို့ ပထမဆုံး လိုအပ်တာကတော့ ကိုယ့်အသင်းသားအချင်းချင်း ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရှိကြဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြမယ်၊ တိုက်ခိုက်နေကြမယ်၊ အမှားစောင့်နေကြမယ်ဆိုရင်တော့ အဲဒီအသင်းဟာ ဘယ်လိုနည်းနဲ့မှ အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်မလာနိုင်ပါဘူး။
တီဗွီအစီအစဉ်တစ်ခုမှာ အမေရိကန်က ကျဆုံးသွားတဲ့ စစ်သားတွေရဲ့ ဈာပနအခမ်းအနားကို ကျင်းပနေကြပါတယ်။ အဲဒီမှာ စစ်သားတစ်ယောက်ကို အင်တာဗျူးလုပ်ပါတယ်။ အဲဒီစစ်သားက ဒဏ်ရာရလို့ ဆေးရုံတက်ဆေးကုသမှု ခံယူနေရတဲ့အချိန်မှာတောင် တိုက်ပွဲဖြစ်လို့ စစ်ထွက်ရပြီဆိုတဲ့ အသံလည်းကြားရော၊ ဆေးရုံကနေ ခိုးဆင်းပြီး တိုက်ပွဲမှာ လိုက်ပါသွားခဲ့သူ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ အသက်မသေခဲ့ပေမယ့် ထပ်မံပြီးတော့ ဒဏ်ရာရရှိလာခဲ့သူပါ။ အဲဒါနဲ့ သူ့ကိုဘာလို့များ အဲလိုလုပ်ရတာလဲလို့မေးတော့ သူကပြန်ဖြေပါတယ်။
“ခင်ဗျား လူတွေနဲ့ အလုပ်တွဲလုပ်၊ အတူတူနေကြည့်တဲ့အခါမှာ သိလာပါလိမ့်မယ်။ ခင်ဗျားတို့ရဲ့ အသက်ရှင်သန်မှုတွေဟာ တစ်ယောက်ပေါ်တစ်ယောက် မူတည်နေတယ် ဆိုတာကိုလေ” တဲ့။
(2) The team members know what is important
အဖွဲ့အစည်းတိုင်းမှာတော့ ဘယ်လောက်ပဲသေးသေး၊ ဘယ်လောက်ပဲကြီးကြီး ရည်မှန်းချက်ဆိုတာတော့ ရှိတတ်ကြပါတယ်။ ဘောလုံးအသင်းတွေဆို နှစ်ကုန်ရင် ဖလားရဖို့။ ကုမ္ပဏီတွေဆိုလည်း တစ်နှစ်ကို ဘယ်လောက်မြတ်ဖို့ စသဖြင့်ပေါ့။ အဲဒီရည်မှန်းချက်ကို လူတိုင်းအသင်းသားတိုင်း သိထားရပါမယ်။ အဲလိုသိထားမှလည်း ကြိုးစားချင်စိတ်ရှိမယ်၊ ကြိုးစားရကောင်းမှန်းလည်း သိပါမယ်။ အဲဒါနဲ့ တစ်ပြိုင်တည်းမှာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေကလည်း ရှိနေပြန်ပါတယ်။ တစ်ခါတစ်ရံမှာကျတော့ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ ကိုယ်တန်ဖိုးထားတဲ့ အရာတွေက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်ပါတယ်။
ဘောလုံးအသင်းတွေ နိုင်ရင်ပြီးရော၊ ဂိုးရရင်ပြီးရော၊ ပင်နယ်တီဧရိယာထဲမှာ ဟန်ဆောင်လှဲချပြီး ပင်နယ်တီယူတာ၊ ဒိုင်အလစ်မှာ လက်နဲ့ပုတ်သွင်းတာ။ အဲဒီလို ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်တွေနဲ့ လုပ်နေကြရင်ရော ဒါက တကယ်အောင်မြင်တာလား။
ပြောချင်တာကတော့ အဖွဲ့ရဲ့ ရည်မှန်းချက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နေတဲ့ တစ်ချိန်တည်းမှာ ကိုယ့်အဖွဲ့ရဲ့ တန်ဖိုးထားရတဲ့ အရာတွေ၊ ဂုဏ်သိက္ခာတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်သွားဖို့ လိုပါတယ်။ အဲဒါကိုမှ တကယ့်ကို အဆင့်အတန်းမြင့်တဲ့ အသင်းကောင်းတစ်သင်းလို့ ခေါ်ဆိုနိုင်မှာပါ။
(3) The team members communicate with one another
အသင်းသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုအပြည့် ယုံကြည်မှုအပြည့်နဲ့ ပြောဆိုဆွေးနွေးကြရပါမယ်။ အဲဒီအတွက် အကြောက်အရွံ့ကင်းတဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ ဒါမှလည်း အပြန်အလှန် အကြံဉာဏ်ပေးနိုင်၊ ဝေဖန်နိုင်မှာပါ။ အသင်းသားတွေဟာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့စိတ်နဲ့ ကိုယ်သိထားတွေကိုလည်း ဝေမျှဖလှယ်ကြရမယ်။ ပြစ်တင်ဝေဖန်တာမျိုးမဟုတ်ဘဲ အတွေးစိတ်ကူး အိုင်ဒီယာတွေကို ဆွေးနွေးအဖြေရှာကြရပါမယ်။
(4) The team members grow together
ဒီအချက်နဲ့ပတ်သက်လို့ John C. Maxwell ကတော့ သူ့အတွေ့အကြုံတွေကို ဒီလိုရေးပြထားပါတယ်။ သူ့အဖွဲ့အစည်း တိုးတက်လာဖို့ကို သူကပထမအဆင့်အနေနဲ့ တစ်လကိုတစ်ကြိမ်လောက် ဆွေးနွေးပွဲတွေ လုပ်တယ်၊ စာတွေဖတ်ကြတယ်၊ ဝေမျှကြတယ်။ အဲဒီကနေ ဘယ်သူက ဘယ်မှာတော်တယ်ဆိုတာ အကြမ်းဖျင်း သိလာရတယ်ပေါ့။ နောက်တစ်ဆင့်အနေနဲ့ Project လေးတွေဆွဲပြီး Groupwork လုပ်ခိုင်းတယ်။ နောက်ဆုံးကျမှ Conference တွေ Seminar တွေ၊ Workshop တွေကိုလွှတ်ပြီး လေ့လာခိုင်းတယ်၊ ပြီးရင် အပြန်အလှန် သင်ယူစေတယ်။ အတွေ့အကြုံဖလှယ်ခြင်း တစ်နည်းအားဖြင့် သင်ယူခြင်း၊ သင်ပေးခြင်း ဆက်ဆံရေးက သူ့အဖွဲ့ကို တိုးတက်စေခဲ့ပါတယ်။
တိုင်းပြည်တစ်ပြည်အနေနဲ့ စဉ်းစားရင်တော့ ပညာရေးစနစ်ပေါ့။ စနစ်တကျ ပြောင်းလဲပြုပြင်ရပါမယ်။ အခြေခံပညာရေးစနစ် ကောင်းဖို့လိုသလို တက္ကသိုလ်ပညာရေး၊ အဆင့်မြင့်ပညာရေးကိုလည်း အာရုံစိုက်ထားကြရပါမယ်။ ကိုယ့်ဆီက တော်တဲ့တတ်တဲ့သူတွေကို ပိုတော်ပိုတတ်လာအောင် နိုင်ငံခြား ပညာတော်သင်လွှတ်တာတွေ၊ လေ့လာရေးခရီးလွှတ်တာတွေ လုပ်ကြရပါမယ်။ ပညာရှင်တွေ နေပျော်သော၊ ပညာကို မြတ်နိုးတန်ဖိုးထားသော တိုင်းပြည်ဖြစ်ဖို့လည်း လိုပါသေးတယ်။
(5) There is a team fit
အသင်းအဖွဲ့တစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြမယ်၊ တူညီတဲ့ ပန်းတိုင်တစ်ခုဆီကိုလည်း အတူတူသွားနေကြမယ်၊ အဲလို အလုပ်အတူတူ လုပ်နေကြရင်းနဲ့ ကိုယ့်အဖွဲ့ထဲမှာ ဘယ်သူကတော့ အားသာတယ်၊ ဘယ်သူကတော့ ဘယ်နေရာမှာ အားနည်းတယ်ဆိုတာ သိလာပါတယ်။ အဲဒီနောက်တော့ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို အခြေခံပြီး အဖွဲ့ရဲ့ ကောင်းကျိုးအတွက် ဆောင်ရွက်ကြရပါမယ်။ ခင်ဗျားကတော့ ဒီနေရာမှာ ကျွန်တော့်ထက်ပိုတော်တယ်၊ ခင်ဗျားဦးဆောင်ပါရယ်လို့ အတ္တစွဲကင်းကင်းနဲ့ ပြောနိုင်ရမယ်။ အားလုံးထဲမှာ တစ်ယောက်ရဲ့အရည်အချင်းက ကျန်သူတွေထက် သိသိသာသာ ခေါင်းတစ်လုံး ပိုမြင့်နေတယ်ဆိုရင် သူ့ကို နေရာပေးအလေးထား ဆက်ဆံကြရမှာပေါ့။ သူလုပ်လိုက်ရင်တော့ သူတော့နာမည်ပိုကြီးသွားမယ်၊ သူ့ပါတီ ပိုလူကြိုက်များသွားမယ်၊ သူ သမ္မတဖြစ်သွားရင် ငါတို့တော့ စားပေါက်ပိတ်ပြီ စသဖြင့် အတ္တကြီးပြီး အမျိုးမျိုးပိတ်ပင်နေကြမယ် ဆိုရင်တော့ အဲဒီအသင်းက အောင်မြင်ဖို့ရာ မလွယ်တော့ဘူးပါ့။
(6) The team members place their individual rights beneath the best interest of the team
အသင်းသားတွေဟာ ကိုယ့်ရဲ့အခွင့်အရေး ကိုယ့်ရဲ့ကိုယ်ကျိုးနဲ့ အဖွဲ့အစည်းရဲ့ အောင်မြင်မှု ယှဉ်လာခဲ့ပြီဆိုရင် ကိုယ့်အဖွဲ့အောင်မြင်ဖို့ကိုပဲ ဦးစားပေးရပါမယ်။ ကိုယ့်အတ္တကို ရှေ့တန်းတင်နေတဲ့သူတွေ များနေသရွေ့ အဲဒီအဖွဲ့အစည်းက အောင်မြင်နိုင်ဖို့ မလွယ်ပါဘူး။ ဘောလုံးအသင်းတွေမှာဆိုရင် ကိုယ်ဂိုးသွင်းဘုရင်ဖြစ်ဖို့ထက် ကိုယ့်အသင်း ဆုဖလားရဖို့က ပိုအရေးကြီးသလိုပဲပေါ့။ ဒီလိုခံယူထားတဲ့ ဘောလုံးသမားက ကိုယ်ဂိုးသွင်းခွင့်ရရင်တောင် ကိုယ့်ထက်ပိုပြီး အခွင့်သာနေတဲ့သူကို ဘောလုံးပို့ပေးပါတယ်။ နာမည်ကြီးချင်စောနဲ့ ကန်မသွင်းပစ်ပါဘူး။
တကယ်တော့ တကယ့်အသင်းကောင်းတစ်သင်းက အသင်းသားတွေဟာ သူဂိုးသွင်းမယ်၊ ငါဂိုးသွင်းမယ်ဆိုပြီး လုမနေကြပါဘူး။ အခွင့်ပိုသာတဲ့သူက သွင်းလိုက်ရုံပါပဲ။ အဲဒီအတွက်လည်း အားလုံးက ၀ိုင်းပံ့ပိုးပေးကြပါတယ်။ ဘယ်သူပဲသွင်းသွင်း ငါတို့အသင်း ဂိုးရတာပဲ။ ဘယ်သူသွင်းတယ်ဆိုတာက အရေးမကြီးဘူး။ ငါတို့အသင်း အနိုင်ရဖို့သာ အရေးကြီးဆုံးဆိုတဲ့စိတ်ဟာ ချန်ပီယံအသင်းသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့စိတ်ဓာတ်ပါပဲ။
(7) Each team member plays a special role
ကိုယ့်အသင်းကိုယ့်အဖွဲ့ အောင်မြင်ဖို့ ကြိုးစားကြတဲ့နေရာမှာ ကိုယ်ကျွမ်းကျင်ရာ ကိုယ်ဝါသနာပါရာ အလုပ်တွေကိုလုပ်ရင်း ပါဝင်စွမ်းဆောင်ကြရပါတယ်။ တစ်နိုင်ငံလုံး ဆရာဝန်တွေချည်းဖြစ်နေလို့ မရပါဘူး။ ဈေးသည်တွေ၊ စီးပွားရေးပညာရှင်တွေလည်း ရှိရပါဦးမယ်။ ကာယလုပ်သား၊ ဉာဏလုပ်သား၊ သူ့အခန်းကဏ္ဍနဲ့သူ အပြန်အလှန် လေးစားမှုအပြည့်နဲ့ ဆောင်ရွက်ကြရပါမယ်။ နောက်ပြီး ကိုယ်ကစားချင်တာ အားသန်တာက တစ်နေရာ၊ ကိုယ့်အသင်း လိုအပ်နေတာက တစ်နေရာဖြစ်နေရင်လည်း အသင်းရဲ့ လိုအပ်ချက်အရ ကျရာနေရာမှာ အားတက်သရောနဲ့ စွမ်းစွမ်းတမံ ကစားပေးဖို့ လိုအပ်ပါတယ်။
(8) An effective team has a good bench
ဒါကတော့ အသင်းတော်တော်များများ မေ့နေတတ်တဲ့အပိုင်း။ အဲဒီလိုပဲ အောင်မြင်တဲ့အသင်း တော်တော်များများက အာရုံစိုက် ကြိုးပမ်းနေကြတဲ့အပိုင်း။ ဘာလဲဆိုတော့ ဘောလုံးစကားနဲ့ပြောရင် အရန်ခုံတန်း၊ ရှင်းအောင်ထပ်ပြောရရင် လူငယ်သွေးသစ်။ လူတွေက ကွင်းထဲဝင်ကစားနေကြတဲ့ ကစားသမား ၁၁ ယောက်ကိုပဲ အာရုံစိုက်ကြတယ်။ သူတို့ ခြေစွမ်းပြနိုင်ဖို့၊ သူတို့ ဒဏ်ရာအနာတရကင်းဖို့။ တကယ်တမ်းတော့ အရန်ခုံတန်းမှာ ထိုင်နေတဲ့ ကစားသမားတွေကလည်း အရေးကြီးတာပါပဲ။ ပထမကစားသမားတွေ အသက်အရွယ် ကြီးရင့်လာခဲ့ရင်၊ ခြေစွမ်းမပြနိုင်တော့ရင်၊ ဒဏ်ရာရသွားခဲ့ရင် သူတို့တွေကပဲ ၀င်ပြီးအစွမ်းပြကြရမှာ။ သူတို့တွေကို မေ့ထားလို့မဖြစ်ဘူး။ ခေါင်းဆောင်ဖြစ်တဲ့သူက ဘယ်လောက်ပဲ တော်နေပါစေ၊ ဘယ်လောက် ကမ္ဘာ့အဆင့်မီ ဖြစ်နေပါစေ၊ သူ့နေရာမှာ အစားထိုးနိုင်တဲ့ ခေါင်းဆောင်ကောင်း ပေါ်မလာသေးဘူး ဆိုရင်တော့ ဒီအဖွဲ့ရဲ့ ရှေ့အလားအလာက မဖြောင့်ဖြူးသေးဘူး ဆိုရမှာပါပဲ။
(9) The team members know exactly where the team stands
အသင်းသားတွေအားလုံးဟာ ကိုယ့်အသင်းရဲ့ အခြေအနေမှန်ကို သဘာပေါက်ထားဖို့ လိုပါမယ်။ ပွဲပြီးဖို့က ဘယ်နှမိနစ် လိုသေးတယ်၊ ဘယ်နှဂိုး ရှုံးနေတယ်၊ ကိုယ့်အသင်းမှာ ဘယ်သူတွေ ဒဏ်ရာရနေတယ်၊ ပြိုင်ဘက်တွေက ဘယ်လိုပြင်ဆင်နေကြတယ်၊ ကိုယ်က ဘာတွေလုပ်ရင်ကောင်းမယ် စသဖြင့်သိထားမှ ဒီပွဲကို ဘယ်လိုအနိုင်ကန်ရမယ်ဆိုတာ သိမှာမဟုတ်လား။ LDC ရင်းဝင် တိုင်းပြည်လို့ပြောတာကို နားမခံနိုင်တာ၊ ဘယ်သူ့လက်ထက်မှာ ဘာတွေပျက်သွားတယ် ဆိုတာတော့ ထုတ်မပြောဘဲ တံတားကြီးတွေ ဆည်ကြီးတွေ ဘယ်နှစင်းဆောက်ပြီးပါပြီ ဆိုတာမျိုးတွေ၊ သတင်းစာထဲပါရုံ လိုအပ်သည်များကို မှာကြားနေတာမျိုးတွေ ဆက်လုပ်နေလို့တော့ မရပါဘူး။
(10) The team members are willing to pay the price
နောက်ဆုံးတစ်ချက်ကတော့ အသင်းသားတွေအားလုံးမှာ ကိုယ့်အသင်းအတွက်ဆို စွန့်လွှတ်ပေးဆပ်ရဲတဲ့ သတ္တိရှိရပါမယ်။ တိုက်ပွဲတစ်ပွဲမှာ စစ်သားအင်အား ဘယ်လောက်ရှိရှိ၊ လေယာဉ်တွေ ဘယ်နှစင်းသုံးသုံး၊ တိုက်သင်္ဘောတွေ ဘယ်လောက်အင်အားကောင်းကောင်း တကယ်တိုက်ပွဲဝင်ရမယ့် စစ်သည်တွေက သေရဲတိုက်ရဲတဲ့ စိတ်ဓာတ်မရှိဘဲနဲ့တော့ ဘယ်လိုနည်းနဲ့မှ ဒီတိုက်ပွဲကို နိုင်အောင်မတိုက်နိုင်ပါဘူး။
ဒီလိုပါပဲ။ ဘယ်လောက်ပဲ သဘာဝသယံဇာတတွေ ပေါတယ်ပြောပြော၊ နိုင်ငံတကာက ဘယ်လောက်ကူညီကူညီ၊ ကိုယ့်တိုင်းပြည်က လူတွေကိုယ်တိုင်က တိုးတက်လိုစိတ် မရှိဘူး၊ တိုင်းပြည်အတွက် အနစ်နာခံလိုတဲ့စိတ်၊ ဆောင်ရွက်ပေးလိုစိတ် မရှိဘူး၊ ကိုယ်ကျိုးပဲ ကြည့်နေကြမယ်ဆိုရင်တော့ အဲဒီတိုင်းပြည် အောင်မြင်ဖို့ကတော့ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေဦးမှာပါပဲ။

No comments:
Post a Comment