စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းသည် ကျဆင်းနေသော သင့်ကိုယ်ရည်ကိုယ်သွေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် ကုဆေးတစ်ခု ဖြစ်သည်။
ဂျင်မ်ကွက်ဟာ အတန်းထဲမှာ ထူးချွန်တဲ့ကျောင်းသားတစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ သူထူးချွန်တာက ကံမကောင်း အကြောင်းမလှခဲ့တဲ့အတွက် ထူးချွန်ရတာ။ အသက် ၅ နှစ်သားလောက်မှာ ခေါင်းဒဏ်ရာရပြီးတဲ့နောက် ဘာပဲသင်သင်၊ သင်ယူလေ့လာမှုဆိုတာ သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးဖြစ်နေခဲ့တယ်။ အဲဒါနဲ့များတောင် သူဟာ အထက်တန်းကိုပြီးအောင် တက်နိုင်ခဲ့ပြီး ကောလိပ်ကျောင်း ၀င်ခွင့်ရအောင် လုပ်နိုင်ခဲ့တယ်။
အဲဒီလည်းရောက်ရော သင်ကြားရေးဆိုင်ရာ ပြဿနာတွေကို အောင်မြင်အောင် ကျော်လွှားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဘာသာရပ်ပေါင်းများစွာသင်ယူဘို့ မှတ်ပုံတင်လိုက်တယ်။ နောက်တော့ စာသင်တဲ့အထဲ စိတ်မြှုပ်ထားလိုက်တာ စားဘို့လည်းမေ့၊ အိပ်ဖို့လည်းမေ့၊ လေ့ကျင့်ခန်းတွေလည်း မလုပ်နိုင်တော့တဲ့ထိ ဖြစ်သွားတယ်။ သူဟာ အဲဒီ သူ့အစွဲကြောင့် ဒုက္ခရောက်တော့တာပဲ။
တစ်နေ့ သူစာကြည့်တိုက်ထဲကထွက်လာတော့ အရမ်းကို ပင်ပန်းနေပြီ။ သူ လှေခါးပေါ်ကို လဲကျသွားတယ်။ သတိရလာလို့ ကြည့်လိုက်တော့ ဆေးရုံပေါ်ရောက်နေတာ တွေ့ရတယ်။ ကျိုးပဲ့၊ ဖူးယောင်၊ ပွန်းရှ ဒဏ်ရာတွေနဲ့။ သူ အတော့်ကို စိတ်ဓာတ်ကျသွားတယ်။
အဲလ်ဘတ်အိုင်စတိုင်းရဲ့ အဆိုအမိန့်ဖြစ်တဲ့ “အရူးဟာ ဒါကိုပဲထပ်တလဲလဲလုပ်ရင်း ထူးခြားတဲ့ရလဒ်များ ရလေမလားလို့ မျှော်လင့်နေတယ်” ကို ရေးထားတဲ့ စာတမ်းလေးပါတဲ့ ကော်ဖီခွက်ကိုင်ရင်း သူနာပြုဆရာမလေး ရောက်လာတယ်။
အိုင်စတိုင်းရဲ့ ရူးသွပ်ခြင်း အဓိပ္ပာယ်ကိုဖတ်ပြီး ကွက် ဟာ ကျောင်းနဲ့ကောလိပ်တွေဟာ “ဘာလဲ” ဆိုတာကို သင်ယူဘို့အတွက် အကောင်းဆုံးနေရာဖြစ်ပေမဲ့ “ဘယ်လို” ဆိုတာကို သင်ဘို့မဟုတ်ကြောင်း သဘောပေါက်သွားတယ်။ ဒါနဲ့ သင်ကြားမှုအတွက် အကန့်အသတ်တွေကို ဘယ်လိုကျော်လွှားရမယ်ဆိုတာကို သူသိသွားတယ်။ အဲဒီမှာတင် ဘယ်လို သင်ယူရမယ်ဆိုတာကို သူစတင်လေ့လာတော့တယ်။
ကွက်ဟာ လေ့လာခြင်းရဲ့ သိပ္ပံနဲ့ ၀ိဇ္ဇာ ပညာရပ်တွေကို စတင်သင်ယူတယ်။ ရက် ၃၀ အတွင်းမှာပဲ သူဟာ စာကို မြန်မြန်ဖတ် လာနိုင်တယ်။ ပိုပြီးအာရုံစူးစိုက်လာနိုင်သလို ပိုပြီးတော့လည်း မှတ်မိလာတယ်။ ရက်ပေါင်း ၆၀ အတွင်း သူဟာ အတန်းထဲမှာ အထူးချွန်ဆုံးကျောင်းသား ဖြစ်လာတယ်။ သူဟာ ဒုက္ခသုက္ခတွေကို အောင်မြင်မှုအဖြစ် ပြောင်းပစ်နိုင်ခဲ့တယ်။
အခုတော့ ကွက်သင်တန်းကျောင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့ပြီ။ သူက “Knowledge is power, Learning is super power” (အသိဉာဏ်ဟာ ခွန်အား၊ လေ့လာခြင်းဟာ မဟာခွန်အား) လို့ပြောတယ်။
၂။ မီးကို စွန့်လွှတ်ရခြင်း
သင်ယူလေ့လာမှုဆိုတာ တခြားကမ္ဘာက ဂြိုဟ်သားတွေရဲ့ အလုပ်မဟုတ်ပါဘူးကွာ။ နေပါဦး။ ငါတို့လူသားအားလုံးဟာ အူဝဲ ဆိုပြီး မွေးလာကတည်းက စပြီး လေ့လာသင်ယူနေကြရတာ မဟုတ်လား။ ကလေးတွေ ဘယ်လို လေ့လာသင်ယူကြတယ်ဆိုတာ နည်းနည်းလောက် စောင့်ကြည့်လိုက်စမ်းပါ။ မင်းသူတို့ကို ကူညီနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းလည်းဒီလိုပဲ သင်ယူခဲ့ရတာဆိုတာ သဘောပေါက်လာလိမ့်မယ်။ နောက်ပြီး မင်းလဲပဲ တစ်သက်လုံး စူးစမ်းမှု၊ စပ်စုမှု၊ လေ့လာမှုတွေ လုပ်ရတော့မှာ သဘာဝပဲ မဟုတ်လား။
ဘယ်လိုပဲဖြစ်ဖြစ် အသက်ကြီးလာတာနဲ့အမျှ ဒီမွေးရာပါ လေ့လာမှုမီးတောက်ဟာ တဖြည်းဖြည်း ငြိမ်းသွားရတာပဲ။ ကျောင်းသွားဘို့ အင်တင်တင်ဖြစ်နေတဲ့စိတ်ကို အတင်းကို တွန်းထိုး နှိုးဆွနေရတော့တာ။ အချိန်တွေကြာလာတာနဲ့အမျှ အသက်အရွယ်နဲ့ စွမ်းဆောင်နိုင်မှုအကြား ကွာဟချက်ဟာလည်း တဖြည်းဖြည်း ပိုကြီးလာတယ်။ အဲဒီအခါမှာ အလုပ်အကိုင် အာမခံချက် နဲ့ သက်မွေးဝမ်းကျောင်းလည်း ကျဆင်းလာတယ်။
၃။ သင်ယူမှုအတွက် အတားအဆီး
ငါတို့ရဲ့ သင်ကြားလေ့လာမှုကို သဘာဝအလျောက် စဉ်ဆက်မပြတ် ပိတ်ပင်ဟန့်တားနေတာ ဘာတွေလဲ။ ဒီမှာ အတားအဆီး နှစ်ခုရှိတယ်။
၁။ အစက်တွေကို ဆက်နိုင်စွမ်းမရှိမှု
ဘယ်လိုဖြစ်ဖြစ် လူတော်တော်များများဟာ (အာသာရမ္မက်ပြင်းပြင်းနဲ့ လေ့လာလိုစိတ် နဲ့ သူ့တို့တတ်နိုင်စွမ်း) ဆိုတဲ့ အစက်နှစ်ခုရယ်။ (သူတို့လုပ်နိုင်စွမ်း နဲ့ အရှိန်အဟုန်နဲ့ပြောင်းနေတဲ့ ဈေးကွက်တန်ဘိုး) ဆိုတဲ့ အစက်နှစ်ခု ကို ဆက်မပေးနိုင်သေးဘူး ဖြစ်နေတယ်။
၂။ အကောင်းဆုံးမဟုတ်တဲ့ လေ့လာမှု
စဉ်ဆက်မပြတ်လေ့လာမှုဟာ မရှိမဖြစ်လိုပါတယ်လို့ ငါတို့လက်ခံထားရင်တောင် ငါတို့ဟာ ပိုပြီး ထိရောက်တဲ့နည်းတွေနဲ့ လေ့ကျင့်ပေးခံရတာမျိုးမရှိသေးဘူး။
ငါတို့ရဲ့ သင်ယူလိုစိတ်နဲ့ လေ့လာနိုင်စွမ်းနည်းပါးမှု - စတဲ့ အခြေခံပြဿနာတွေကို မရှင်းနိုင်ရင် စာအုပ်တွေ၊ အွန်လိုင်းသင်တန်းတွေ၊ သင်ရိုးတွေရှိနေရင်တောင် စဉ်ဆက်မပြတ်လေ့လာနေသူအတွက်တော့ ခက်ခဲနေဦးမှာဘဲ။
ဒါပေမဲ့ သင်ယူလေ့လာခြင်းရဲ့ ပထမနေရာဟာ ဘာလဲ။
၎။ သင်ယူလေ့လာမှုရဲ့ ရှုထောင့်သုံးမျိုး
ပတ်ဝန်းကျင်အနေအထားအရ သူတို့အရည်အသွေးကို အဆင့်မြှင့်ဘို့ သင်ယူလေ့လာမှုကို မဖြစ်မနေလုပ်ဘို့ တွန်းအားပေးခံလာရတဲ့အခါ လူတွေဟာ လက်မှတ်တွေ၊ ဒစ်ပလိုမာတွေ၊ ဘွဲ့တွေရအောင် အသည်းအပြင်း လိုက်ကြရတော့တယ်။ ဆိုတော့ သင်ယူလေ့လာမှုဆိုတာ လက်မှတ်တစ်ခုရဘို့ဆိုတဲ့ အလွန်ကျဉ်းမြောင်းတဲ့ ဘောင်ထဲ ရောက်သွားတယ်။
မင်း အသက် ၇၀ ဆိုပါတော့။ အတန်းထဲမှာ နိုးနိုးကြားကြား ဘယ်နှစ်နာရီလောက်ရှိနေနိုင်မလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါ။ ငါက ၅%ပဲရှိတယ်လို့ပြောလိုက်ရင် မအံ့သြပါနဲ့။ အရေးကြီးတာက ကျန်တဲ့ ၉၅% သောအချိန်တွေကို ဘယ်လို သုံးလိုက်သလဲ ဆိုတာဘဲ။
ကံအားလျော်စွာ လေ့လာမှုနည်းလမ်းတွေဟာ ပိုပြီးကျယ်ပြန့်လာတယ်။ အောက်က အချက်သုံးချက် အပါအ၀င်ပေါ့။
၁။ အသိပညာ (knowledge)
ဘာတွေငါတို့သိသလဲဆိုတာ ဗဟုသုတပေါ့။ ဥပမာအားဖြင့် စီးပွားရေးပညာ၊ သမိုင်းပညာ၊ စီးပွားရေးစီမံခန့်ခွဲမှုအတတ်ပညာ စသည်ပေါ့။ ထုံးစံအားဖြင့်တော့ ဒီအသိပညာတွေကို ငါတို့ဟာ ကျောင်းကသော်လည်းကောင်း၊ စာအုပ်တွေကသော်လည်းကောင်း ရတယ်။
၂။ ကျွမ်းကျင်မှု (skill)
ကျွမ်းကျင်မှုဆိုတာ တစ်ခုခုကိုလုပ်နိုင်တဲ့ အရည်အသွေးပဲ။ တစ်ယောက်ယောက်က ပစ္စည်းတစ်ခုခုကိုရောင်းတာ၊ ကွန်ပြူတာ ပရိုဂရမ်တစ်ခုကို ရေးတာ၊ စက်ပြင်တာ၊ မီးဆင်တာ စတာတွေဟာ ကျွမ်းကျင်မှုပေါ့။ ကျွမ်းကျင်မှုကိုတော့ သင်တန်းနဲ့ သင်ပေးလို့ရတယ်။ လုပ်ငန်းခွင်ထဲကနေ တတ်လာတာရှိတယ်။
၃။ သဘောထား (attitude)
ဒါ အရေးကြီးဆုံးလို့ ထင်တာပဲ။ မင်းစဉ်းစားကြည့်ပေါ့ကွာ။ တစ်ယောက်ယောက်ဟာ ဘာလုပ်ရမလဲဆိုတာလဲသိတယ်။ လုပ်လည်းလုပ်တတ်တယ်။ ဒါပေမဲ့ကောင်းကောင်းမလုပ်ချင်ဘူးဆို မခက်ပါလား။ ဆိုလိုတာက ဒီနေရာမှာ သုံးမတ်လုံး သံချောင်း သုံးရမယ်ဆိုတာသိပေမဲ့ ငါးမူးလုံးပဲသုံးသွားတာမျိုးပေါ့။ ဆိုတော့ စိတ်နေစိတ်ထားသာ မကောင်းလို့ကတော့ မင်း ဘယ်လောက်ကြီးပဲ တတ်တတ်၊ သိသိ အလကားပဲမဟုတ်လားကွ။
တကယ်လေ့လာသင်ယူတယ်ဆိုတာ အဲဒီ အချက်သုံးချက် အားလုံးပါဘို့လိုတယ်။ အိပ်ယာဝင်တဲ့အချိန်မှာ ရှိတဲ့မင်းရဲ့ အရည်အချင်းဟာ မနက် အိပ်ယာကထတုံးက ရှိနေတဲ့ အရည်အသွေးထက် ပိုသာနေစေရမယ်။
ကိုင်း၊ ဘယ်လိုလဲ။ ဖြစ်နိုင်ပါ့မလား။
တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်းပေါ့ကွာ။
Ref: Part 1: Get Smart: Rekindle the fire of learning: from The Straits Times dated July 9, 2014. Page C30, Recruit.
ပညာ ငတ်ပါ (အသိတရားကို
ရေငတ်သကဲ့သို့ ငတ်မွတ်ပါ)
မေးခွန်းများမေးခြင်းသည် ဘ၀တစ်လျှောက်လုံးသင်ယူနေမှု၏ အမှတ်လက္ခဏာဖြစ်သည်။
သင့်ကျွမ်းကျင်မှုများအနက် မည်သည့်အရာက
သင့်ဘ၀တစ်လျှောက်လုံးတွင် ကိုယ်ရည်ကိုယ်သွေးနှင့် သက်မွေး ၀မ်းကျောင်းအလုပ်ကို ပိုမိုတိုးတက်လာစေသနည်း။
ထိုတန်ဘိုးရှိသောကျွမ်းကျင်မှုသည်ကား
“မည်သို့သင်ယူရမည်ကို လေ့လာသင်ယူခြင်း” ပင်ဖြစ်သည်။ ဤကျွမ်းကျင်မှုသည် သင့်တစ်ဘ၀လုံး
မည်သည့်အရာကို လေ့လာသည်ဖြစ်စေ ထိထိရောက်ရောက် ထူးထူးချွန်ချွန်လေ့လာနိုင်စေသည်။
အနာဂတ္တိပညာရှင် အယ်လ်ဗင် တော်ဖလာက
၂၁ ရာစုတွင် စာမတတ်ခြင်းဟူသည် မရေးတတ်၊ မဖတ်တတ်ခြင်းကို မဆိုလို။ မလေ့လာနိုင်ခြင်း၊
မလေ့လာခြင်းနှင့် ထပ်ပြန်တလဲလဲလေ့လာနေရခြင်းကိုသာ ဆိုလိုသည် ဟု သတိပေးခဲ့၏။
အကယ်၍သာ သင်သည် “မည်သို့သင်ယူရမည်ကို
လေ့လာသင်ယူခြင်း” ၏ ကြီးမားသော အကျိုးသက်ရောက်မှုကို သေသေချာချာသိနားလည်ပြီး သင့်လေ့လာမှုကို
ပိုမိုတိုးတက်စေလိုလျှင် အောက်ဖော်ပြပါအချက်ကလေးများက ကောင်းစွာ အထောက်အကူပြုပါလိမ့်မည်။
ထိုအချက်ကလေးများကား သင့်ကိုယ်တွင်း၌ရှိနေသည့် လေ့လာလိုမှု မီးတိုင်ကို ထွန်းညှိပေးမည့်
မီးခြစ်ဆံကလေးများပင် ဖြစ်ပါတော့သည်။
ထင်ဟပ်ခြင်း နှင့် ရေးသားခြင်း
(မှတ်ချက်။ ။ Reflection ကို
မည်သည့် မြန်မာစကားလုံးဖြင့် ဖလှယ်လျှင် အသင့်တော်ဆုံးဖြစ်မည်ကို ကျွန်တော် အတိအကျ
မသိပါ။ အဘိဓာန်များကို လှန်ကြည့်သောအခါ ရောင်ပြန်ဟပ်ခြင်း၊ ထင်ဟပ်ခြင်း၊ စဉ်းစားတွေးခေါ်ခြင်း
စသည်ဖြင့် ပြန်ဆိုထားသည် ကို တွေ့ရပါသည်။ Reflection ဟူသည် မိမိပြောဆိုပြုမူလိုက်ခြင်းနှင့်ပတ်သက်၍
ရရှိလာသော ဝေဘန်အကြံပြုချက်၊ တုံ့ပြန်ချက်တို့ ဖြစ်ပါသည်။ ဤကား စကားချပ်)
များစွာသောလူတို့သည်
ဤအလုပ်မျိုးကို မလုပ်ကြ။ သို့သော် ထင်ဟပ်ခြင်းသည် စဉ်ဆက်မပြတ်လေ့လာရေး၏ သော့ချက် ဖြစ်သည်။
ကွန်ဖြူးရှပ်ကလည်း ဤအချက်ကို ထောက်ပြခဲ့၏။
“ပညာရှာမှီးရာတွင်
အချက်သုံးချက် အရေးကြီးသည်။
ပထမအချက်မှာ
ထင်ဟပ်ခြင်းဖြစ်၏။ ဤအချက်ကား အမြင့်မြတ်ဆုံးဖြစ်ပေသည်။
ဒုတိယအချက်မှာ
အတုခိုးခြင်း ဖြစ်၏။ ဤအချက်မှာ အလွယ်ကူဆုံးဖြစ်ပေသည်။
တတိယအချက်မှာ အတွေ့အကြုံဖြစ်၏။
ဤအချက်မှာမူကား အခါးသီးဆုံးဖြစ်ပေသည်။”
စီမံခန့်ခွဲမှုတွေးခေါ်ပညာရှင်
ပီတာဒရပ်ကာကလည်း ဤအချက်ကို အသားပေးပြောဆိုခဲ့သည်။ သူက ဆိတ်ငြိမ်တဲ့ ထင်ဟပ်မှုနောက်မှာ
ထိရောက်တဲ့ ဆောင်ရွက်မှု ကပ်ပါပါစေ။ တိတ်ဆိတ်တဲ့ထင်ဟပ်မှုတွေဟာ ပိုပြီးထိရောက်တဲ့ စွမ်းဆောင်နိုင်မှုတွေကို
ပေးစွမ်းနိုင်တယ် ဟု ဆို၏။
စဉ်ဆက်မပြတ်
လေ့လာသင်ယူနေမှုလမ်းကြောင်းပေါ်တွင် ရှိနေစေရန် အချက်သုံးချက်ကို လိုက်နာပါ။
၁။ နေ့စဉ်မှတ်တမ်း စရေးပါ။
၂။ နေ့တစ်နေ့ရဲ့အဆုံးမှာ ငါ ဒီနေ့ဘာလေ့လာခဲ့ပြီးပြီလဲ လို့ ပြန်ပြီးသုံးသပ်ပါ။
၃။ အဲဒီ လေ့လာမိခဲ့တဲ့အချက်ကို ချရေးပြီး မှတ်ထားပါ။
စာရေးဆရာ
မာ့ခ်တွိန်း၊ ဗိုလ်ချုပ်ကြီးဂျော့ပက်တန်၊ သဘာဝတ္တပညာရှင် ချားလ်စ်ဒါဝင်၊ ဂီတပညာရှင်
ဗေ့သိုဗင်၊ အမေရိကန် ထူထောင်ရေးဖခင်ကြီး ဘင်ဂျမင် ဖရင်ကလင်၊ ခေတ်စမ်းအနုပညာရှင်နှင့်
တွေးခေါ်ပညာရှင် လီယိုနာဒို ဒါဗင်ချီ စသူတို့ အားလုံး၌ ဘုံတူညီသော အချက်တစ်ချက်ရှိ၏။
ထိုအရာမှာ
၎င်းတို့၏ လေ့လာတွေ့ရှိချက်များ၊ အတွေးအခေါ်အယူအဆများ၊ ဖော်ပြချက်များကို မှတ်ထားရန် မှတ်စုစာအုပ်
တစ်အုပ် အမြဲထားရှိခြင်းဖြစ်၏။ အကျွန်ုပ်တို့သည် ထိုကြီးကျယ်သော ပုဂ္ဂိုလ်ကြီးများ၏
အလွန်ရိုးစင်းလှသောလမ်းစဉ်ကို အဘယ်ကြောင့် လိုက်မလျှောက်နိုင်ရပါမည်နည်း။
ပညာကို ငတ်မွတ်ပါ၊ မေးခွန်းထုတ်ပါ
ပညာရှာမှီးမှု၌
မွတ်သိပ်ခြင်းနှင့် နားလည်နိုင်စွမ်းမရှိသူသည် လေ့လာသင်ယူဘို့ရာ မဖြစ်နိုင်ပါ။ သို့သော်
ပညာကိုမွတ်သိပ်မှု ဟူသည် မည်သည့်နေရာမှ လာသနည်း။
နိုင်ငံခြားတိုင်းပြည်တစ်ခုသို့
အလည်မသွားမီ မည်သည့်အရာများ သင်လုပ်ပါသနည်း။
မေးခွန်းထုတ်ကြည့်ပါ။
Ø ခရီးသွားတွေကို ဆွဲဆောင်တဲ့အရာတွေဟာ ဘာတွေလဲ?
Ø ကိုယ့်ပိုက်ဆံနဲ့တတ်နိုင်တာ ဘယ်ဟော်တယ်တွေ ရှိသလဲ?
Ø ဘယ်လေယာဉ်ခရီးစဉ်တွေ ရှိသလဲ?
ဤမေးခွန်းများ၏အဖြေကိုရရန်
သင်ရှာဖွေနေစဉ်မှာပင် သင်သည် ထိုနေရာအကြောင်းကို တစ်ခဏအတွင်း၌ လေ့လာပြီးသား ဖြစ်သွားပေလိမ့်မည်။
ဟားဗတ်တက္ကသိုလ်မှ
ကလေးစိတ်ပညာပါမောက္ခ ပေါလ် ဟားရစ်စ်က ကလေးများသည် အသက် ၂ နှစ်မှ ၅ နှစ်အတွင်း မေးခွန်းပေါင်း
လေးသောင်းခန့်ကို မေးလေ့ရှိကြသည် ဆို၏။ သို့ဆိုလျှင် လူကြီးများဖြစ်လာသော ကျွန်ုပ်တို့သည်
မေးခွန်းမည်မျှ မေးကြသနည်း။ ဂူဂယ်မှတစ်ဆင့် အဖြေများထက် မေးခွန်းများကပိုများကြောင်း
ကျွန်ုပ်တို့ သတိထားမိပါသလော။ (ဂူဂယ်မှတစ်ဆင့်
ဆိုသည်မှာ ကျွန်ုပ်တို့ပတ်ဝန်းကျင်ကို လေ့လာကြည့်လျှင် ဟု အဓိပ္ပာယ်ရပါလိမ့်မည်။ ဂူဂယ်ဟူသည်
မိမိသိလိုသည်တို့ကို အင်တာနက်တွင် မွှေနှောက်ရှာဖွေနိုင်သော ကိရိယာဖြစ်သောကြောင့်တည်း။
ဘာသာပြန်သူ)
ပညာငတ်ဖို့အတွက်
စူးစမ်းလိုစိတ်မွေးပါ၊ မေးခွန်းများမေးပါ။ မေးခွန်းမှန်သမျှသည် သင်ယူလေ့လာမှုအသစ်တိုင်းအတွက်
တံခါးပေါက်များဖြစ်သည်ကို သတိရပါ။
မည်ကဲ့သို့ အကောင်းဆုံး သင်ယူရမည်ကို သိပါ။
Harvard Business Review မှ ဂန္ဓ၀င်မြောက်
ဆောင်းပါးတစ်ပုဒ်တွင် မန်နေဂျာတစ်ဦးဖြစ်သူ ဒရပ်ကာ က “အရေးကြီး သော ကိုယ်ပိုင်ဗဟုသုတများအနက် မည်ကဲ့သို့သင်ယူရမည်ကို သိနားလည်ခြင်းသည်
အသိဉာဏ်ရဘို့ အလွယ်ဆုံး နည်းလမ်းပင် ဖြစ်တော့၏။” ဟု ဖော်ပြထားပါသည်။
တစ်ဦးနှင့်တစ်ဦး
သင်ယူလေ့လာပုံခြင်းမတူကြပါ။ တချို့က နားထောင်ခြင်းဖြင့် သော်လည်းကောင်း၊ တချို့ကဖတ်ခြင်းဖြင့်
သော်လည်းကောင်း၊ တချို့က ရုပ်ပုံများမှတစ်ဆင့်သော်လည်းကောင်း၊ တချို့က ဟိုဟိုသည်သည်လျှောက်သွားခြင်းဖြင့်သော်
လည်းကောင်း သင်ယူကြသည်။
ဒရပ်ကာက
ထင်ရှားကျော်ကြားသော စာရေးဆရာ၊ ဗြိတိသျှနိုင်ငံရေးသမား ၀င်စတန်ချာချီကို ဥပမာပေးသည်။
ချာချီက စာရေးသားခြင်းဖြင့်သော်လည်းကောင်း၊ မှတ်စုများကို မိတ္တူကူးကာ သိမ်းဆည်းတတ်သူ
ဗေ့သိုဗင်ထံမှသော်လည်းကောင်း သင်ယူသည်။ ဒရပ်ကာကိုယ်တိုင်ကမူ ဟောပြောခြင်းဖြင့် သင်ယူသည်။
မည်ကဲ့သို့
အကောင်းဆုံးသင်ယူရမည်ကို သိနိုင်ရန် VARK Inventory website; http://business.vark-learn.com/questionnaire/ သို့ ၀င်ရောက်လေ့လာပါ။ VARK ဟူသည် Visual, Arual,
Read/Write and Kinaesthetic ၏ အတိုကောက်ဖြစ်သည်။
VARK ကို
ကနဦးတွင် နယ်သာလင်နိုင်ငံ၌ နေးလ်ဖလဲမင်းက ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်၏။
VARK ဟူသည် သင့်၌ရှိသော သင်ယူနိုင်စွမ်းကို သိနားလည်စေရန် မေးခွန်း ၁၆ ခုဖြင့် ဖော်ထုတ်ပေးသည်။
VARK က အောက်ပါ ဦးစားပေးသင်ယူမှု လေးမျိုးအတွက် တုံ့ပြန်မှု၊ ပြန်လည်ဖြေကြားမှုများ ကို
ပံ့ပိုးပေးသည်။
Visual (V) - အမြင်အာရုံကို
ပိုမိုနှစ်သက်သူများအနေနှင့် မြေပုံ၊ ရုပ်ပုံကားချပ်၊ ဂရပ်များ၊ အရုပ်များ၊ ဓာတ်ပုံများ၊
ပန်းချီကားစသည့် ကြည့်ရှူရသော အရာများမှနေ၍ သတင်းအချက်အလက်များကို ရယူခြင်း၌ ပိုမိုလွယ်ကူလျှင်မြန်သည်။
ထိုသူများအား ရုပ်ပုံများ၊ အချက်အလက်များဖြင့် ရှင်းပြခြင်းက ပိုမိုလွယ်ကူ ထိရောက်စေသည်။
Aural/auditory (A) - အကြားအာရုံကို
ပိုမိုနှစ်သက်သူများအနေနှင့် စကားပြောခြင်းကဲ့သို့ အသံဖြင့် သင်ယူခြင်းက ပိုမို လွယ်ကူစေသည်။
ဤအမျိုးအစား သင်ယူသူများအား တယ်လီဖုံးဖြင့် စကားပြောခြင်း၊ အုပ်စုလိုက်ဆွေးနွေးခြင်း၊
စည်းဝေးပွဲများ ပြုလုပ်ခြင်း၊ နှုတ်ဖြင့်ထင်မြင်ချက်ပေးခြင်း စသည်ဖြင့် စကားပြောခြင်းကို
အခြေခံသည့် သင်ယူလေ့လာမှုမျိုးကို စီစဉ်ပေးခြင်းဖြင့် ပိုမို လွယ်ကူ ထိရောက်စေသည်။
Read/Write (R) - စာရေးစာဖတ်ဝါသနာပါသူများအနေနှင့်
စာပေ၊ စာအုပ်စာတမ်း ဥပမာ - အစီရင်ခံစာများ၊ စာတမ်းများ၊ စာရင်း ဇယားများ၊ လက်ကမ်းစာအုပ်များ၊
စာစောင်များ၊ သတင်းစာ၊ ဂျာနယ်များ၊ ရေးသားထားသော စီမံချက်များ စသည်တို့ဖြင့် သင်ယူခြင်း
က ပိုမိုအဆင်ပြေစေသည်။ သတင်းအချက်အလက်များကို စာလုံးအများအဖြစ် အများဆုံးမြင့်တွေ့ရသည့်
သင်တန်းကျောင်းများ၊ ကျောင်း၊ တက္ကသိုလ် စသည့်နယ်ပယ်များတွင်သာလုပ်ရပါက ၎င်းတို့အတွက် အလွန်အဆင်ပြေ၊
ပျော်မွေ့ပေလိမ့်မည်။ (ကျွန်တော်ကတော့ စာနယ်ဇင်းအလုပ်ကိုပါ
ထည့်ချင်ပါသည်။ ဘာသာပြန်သူ)
Kinaesthetic (K) - ကိုယ်လက်လှုပ်ရှားမှုကို ၀ါသနာပါသူများအနေနှင့်
သရုပ်ပြခြင်း၊ ကိုယ်တိုင်အတွေ့အကြုံကို ရယူခြင်း၊ လက်တွေ့ လုပ်ခြင်း၊ လေ့ကျင့်ခြင်း၊
လှုပ်ရှားသွားလာခြင်းတို့မှ လေ့လာသင်ယူခြင်းက ပိုမိုတတ်မြောက်စေသည်။ ထိုသူများအနေနှင့်
စာဖတ်ပြီး လေ့လာခြင်းထက် သရုပ်ပြခြင်းကို လေ့လာကြည့်ရှုခြင်း၊ ကိုယ်တိုင် လက်တွေ့လုပ်စေခြင်းတို့က
ပိုမိုလွယ်ကူ ထိရောက်စေသည်။
နိဂုံး
ဤသုံးချက်
-
Ø နေ့စဉ်မှတ်တမ်းရေးခြင်း
Ø စူးစမ်းလိုစိတ်ရှိခြင်း
Ø သင့်ကိုယ်ပိုင်မူဖြင့် လေ့လာသင်ယူခြင်း
- က သင်၏ တစ်သက်တာ လေ့လာသင်ယူခြင်းကို သင့်ရင်ထဲ စွဲသွားစေပါလိမ့်မည်။
ထိုအခါ တော်ဖလာကဲ့သို့ တစ်စုံတစ်ယောက်က သင့်အား တကယ့်စာတတ်မြောက်သူဟု အသိအမှတ်ပြုရပါတော့မည်။
“အပင်စိုက်ဖို့ အကောင်းဆုံးအချိန်ဟာ လွန်ခဲ့တဲ့
အနှစ် ၂၀ က။ ဒုတိယအကောင်းဆုံးအချိန်က အခု” ဟူသော တရုတ်စကားပုံ ရှိသည်။
အဘယ်ကြောင့်
ကျွန်ုပ်တို့သည် သင်ယူလေ့လာမှုဟူသော မျိုးစေ့ကို ယနေ့ မချနိုင်ရပါမည်နည်း။
ကျေးဇူးတင်ပါသည်။

No comments:
Post a Comment