လုပ်ငန်းခွင်ဆိုသည်မှာ လူအမျိုးမျိုး၊စိတ်အထွေထွေဖြစ်သောကြောင့် ရံဖန်ရံခါ
စိတ်အနှောင့်ယှက်ဖြစ်ကြရ သည်။တစ်အူထုံဆင်း ညီအကိုမောင်နှမများပင်
စိတ်အခန့်မတွေ့ပါက စိတ်သဘောထားကွဲလွဲတတ်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
မန်နေဂျာချင်းတူရင်တောင်
ပေါ့ပေါ့ပါးပါးဖြင့်နည်းစနစ်ကျအောင်စီမံခန့်ခွဲတတ်သောခေါင်းဆောင်
များရှိသကဲ့သို့ လုပ်ငန်းခွင်ဖိအားများ၊မိမိမရှိလျှင်လုပ်ငန်းမလည်ပတ်နိုင်လောက်အောင်
အလုပ်တာဝန်များပိနေသော မန်နေဂျာများလည်းရှိသည်။ သင်သွားချင်သောပန်းတိုင်သို့လက်အောက်ငယ်သားများကမလိုက်လာတာမျိုး၊တစ်ခါတစ်လေသွားမည့်ပန်းတိုင်ကဘာလဲဆိုတာတောင်မသိသောလက်အောက်ငယ်သားများကြောင့်သင့်စိတ်ပိုပင်ပန်းရမည်။ သင့်၌ လုပ်ငန်းခွင်ဖိအားဖြစ်ပေါ်နေပြီဆိုပါက သင့်တာဝန်ယူထားရသောလုပ်ငန်းများမအောင်မြင်ရန်မှာ တစ်ဝက် ကျိန်းသေနေပါပြီ။ အောက်ပါ "ဆေးမြီးတို" လေးများကိုသုံး၍ သင်၏လုပ်ငန်းခွင် ဖိအားကိုလျှော့ချနိုင်ပါသည်။
(၁) တာဝန်ခွဲဝေပေးပါ။
မည်သည့်ကိစ္စကိုမဆို လက်အောက်ငယ်သားများအား မိမိမရှိလျှင်လည်း လုပ်ကိုင်တတ်အောင်သင်ကြား ပြသပေးထားပါ။ ၄င်းတို့မလုပ်တတ်၊မလုပ်နိုင်မှာ စိုးရိမ်၍ မိမိကိုယ်တိုင်လိုက်လုပ်နေပါက လက်အောက်ငယ်သားများမှ ထိုတာဝန်များမှာမိမိတို့လုပ်ရမည့်တာဝန်များဟု ဘယ်တော့မှစဉ်းစားတော့မည်မဟုတ်ပါ။ ၄င်းတို့ကိုလုပ်တတ်၊ကိုင် တတ်အောင်သင်ကြားထားခြင်းဖြင့် မိမိမှာယင်းတာဝန်များထက်အရေးကြီးသောအခြားကိစ္စများကို လုပ်ကိုင်နိုင်မည် ဖြစ်သည်။ မိမိတိုးတက်ရာတိုးတက်ကြောင်းများကိုလည်း အချိန်ပိုပေးနိုင်လာမည်ဖြစ်သည်။ လက်အောက်ငယ်သားများ မှာလည်း ၄င်းတို့လုပ်နိုင်ကြောင်း သတ္တိများရှိလာကြမည်ဖြစ်သည်။
(၂) ယုံကြည်ပေးပါ။
မန်နေဂျာအများစုသည် လက်အောက်ဝန်ထမ်းများအားယုံကြည်မှုနည်းပါးကြသည်။ မိမိလောက်မလုပ်နိုင်၊ သင်မတတ်ဟုတွေးကြသည်။ငွေရေးကြေးရေးပိုင်းဆိုလျှင် မိမိရှိမှ၊မိမိပါမှဟု တွေးတတ်ကြသည်။ ယင်းအတွေးမှာ လွန်စွာမှားယွင်းသည်။ သင့်ဝန်ထမ်းအား သင်မှမယုံကြည်လျှင်အခြားပြင်ပမှလူများကလည်း ယုံကြည်ကြမည်မဟုတ်ပါ။ သင့်တို့အလုပ်ကိုစနစ်ကျအောင်အရင်တည်ဆောက်လိုက်ပါ။ ထိုနောက်လက်အောက်မှဝန်ထမ်းများကိုလည်း ယုံကြည်ကြောင်းပြ၍ အလုပ်ခိုင်းပါ။သင့်နောက်မှာ သစ္စာရှိကာကွယ်ရေးစစ်တပ်ကြီး အလိုလိုရောက်လာပါလိမ့်မယ်။
(၃) ကိုယ်ယောင်ဖျောက်ပေးပါ။
ဝန်ထမ်းများအားမျက်စိဒေါက်ထောက်လိုက်မကြည့်ပါနဲ့။ ၄င်းတို့ဘာလုပ်နေကြောင်းသိစေရန်အခြားနည်းလမ်း များကိုရှာဖွေထားပါ။ဝန်ထမ်းများအားလုပ်ငန်းတာဝန်များမခွဲဝေပေးမီ မည်သို့လုပ်ကိုင်ဆောင်ရွက်ရမည်ကို သဘော ပေါက်သည့်အထိ ရှင်းလင်းပြောပြပါ။ ထို့ပြင် မည်သည့်အချိန်ပြီးစီးရမည်ဟုအချိန်သတ်မှတ်ပေးလိုက်ပါ။ယင်းနောက် မျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး မသင်ပေးပါနဲ့၊အပြစ်မတင်ပါနဲ့။ သူတို့မှသင့်အား လာပြသည့်အချိန်မှ အမှားကို ထောက်ပြပါ။ ၄င်းတို့လုပ်လာမည့်အမှားပြင်ဆင်ရန်အတွက် သင့်အတွက် အချိန်ပိုထားထားရန် မမေ့ပါနဲ့။၎င်းတို့စည်းကမ်းဖောက်ဖျက်ကြောင်းတွေ့ပါလည်း ချက်ချင်းမဆူပါနဲ့။နောက်ရက်မှ ၄င်းလုပ်သမျှသင်သိ ကြောင်း မသိမသာပြောပါ။နောက်မလုပ်ရန် သတိပေးပါ။
(၄) အလွတ်ကျက်ထားပါ။
သင့်လက်အောက်က်ဝန်ထမ်းများ၏ စိတ်နေသဘောထား၊ ၀ါသနာ၊ အကျင့်၊ မိသားစုအခြေအနေနှင့် ကိုယ်ရေး ကိုယ်တာအချက်အလက်များကို မှတ်မိနိုင်သလောက်ကျက်ထားပါ။သူတို့အကြောင်းပိုသိလေလေ သင်တာဝန်ခွဲဝေရ တာပိုလွယ်လေလေဖြစ်လာမှာပါ။ သူတို့ဝါသနာ၊အမူအကျင့်နဲ့ကိုက်ညီတဲ့အလုပ်ကိုလုပ်ရတဲ့ သင့်ဝန်ထမ်းများကလည်း လုပ်ငန်းခွင်မှာ ပိုမိုပျော်ရွှင်လာမှာပါ။
(၅) လုပ်ငန်းခွင်မှာစည်းကမ်းတကျ၊လုပ်ငန်းခွင်ပြင်ပမှာ သူငယ်ချင်းပေါင်းပေါင်းပါ။
လုပ်ငန်းခွင်တွင် သင်သည် စည်းကမ်းနှင့်ပတ်သက်လျှင် တင်းကျပ်ကြောင်း ၀န်ထမ်းများအားပြပါ။ သူတို့အား စည်းကမ်းနှင့်ပတ်သက်လျှင် အလျှော့မပေးပါနဲ့။ လုပ်ငန်းခွင်ပြင်ပတွင် သူတို့နှင့် ခင်ခင်မင်မင်နေပါ။ရံဖန်ရံခါ ထမင်း အတူစားပေးပါ။ မုန့်ဝိုင်းဖွဲ့စားပေးပါ။ Facebook လို၊Twitter လို Social Website တွေမှာ သူတို့တွေနဲ့ Friend လုပ်ထား ခြင်းဖြင့် သင့်အတွက် အကျိုးကျေးဇူးထူးများရလာမည်ဖြစ်သည်။
(၆) အေးအေးဆေးဆေးစကားပြောတတ်အောင်လေ့ကျင့်ပါ။
ဝန်ထမ်းတော်တော်များများသည် အေးအေးဆေးဆေးနှင့်ပြောတတ်သော မန်နေဂျာကို ချစ်ကြောက်ရိုသေ ကြသည်။ သူတို့ကောင်းကျိုးအတွက် ဆုံးမကြောင်းမြင်သာအောင် စကားအသုံးအနှုန်းများသုံးပါ။ တစ်ခါတလေ သင်မှား သွားပါကလည်း တောင်းပန်လိုက်ပါ။ သင့်လက်အောက်ဝန်ထမ်းကိုဘယ်တော့မှ ဒေါသတကြီးဖြင့် မအော်မိပါစေနဲ့။
(၇) ဘယ်သူကမှမလုပ်ချင်တဲ့အလုပ်ဆို သင်ကစလုပ်ပါ။
လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေးကဲ့သို့ မည်သူကမျှမလုပ်ချင်သော အလုပ်များကို သင့်ကစလုပ်ပြပါ။ အခြား ခက်ခဲပင်ပန်းသော project အလုပ်များ၊ report ကိစ္စများကိုလည်း သူတို့လိုက်လုပ်လာအောင် သင်ကစမှ ဦးဆောင် လုပ်ပြပါ။ လက်အောက်ဝန်ထမ်းများသည် ၄င်းတို့သဘောကျသောမန်နေဂျာများအတိုင်း အတုခိုးတတ်ကြသည်။ သူတို့ ပြုပြင်ရန်လိုသမျှ ကိစ္စများကို သင့်မှ စတင်ပြုပြင်ပြပါ။
အထက်ဖော်ပြပါ အချက်(၇) ချက်လောက်ကို သင်စတင်အသုံးပြုကြည့်ပါ။သင့်လုပ်ငန်းခွင်ရှိ ဖိအားများ၊ စိတ် သဘောထားကွဲလွဲမှုများအတော်အတန်လျှော့ကျသွားမည်ဖြစ်သည်။ ၀န်ထမ်းများအားလုံး စည်းလုံးပါက လုပ်ငန်းခွင် မှာလည်း ပျော်ရွှင်စရာပိုကောင်းလာမည်ဖြစ်သည်။ မန်နေဂျာကောင်းဆိုသည်မှာ လက်အောက်ဝန်ထမ်းများအား မိမိ ထက်သာအောင် သင်ကြားပြသပေးနိုင်သူများဖြစ်သည်။ လုပ်ငန်းခွင်တွင် မိမိမရှိလျှင် လက်အောက်ဝန်ထမ်းများမှ ပိုမို နှစ်ခြိုက်သဘောကျပြီး မိမိမှာလည်းပိတ်ရက်ပင်မနားနိုင်အောင် အလုပ်ပိနေပြီးဆိုလျှင် စတင်ပြုပြင်လိုက်ပါတော့။

No comments:
Post a Comment