၁။ တလောဆီက တောင်ဘက်ကျွန်းကြီးတကျွန်းပေါ် နေတဲ့ မိတ်ဆွေကြီးထံမှ စာတစောင် ရတယ်။
“ကျွန်တော်တို့ မြန်မာအများစုဟာ စနစ်တကျ ဆင်ခြင်တယ် ဆိုတာကို
နားမှလည်ကြရဲ့လား။ စနစ်တကျ ဆင်ခြင်တယ် ဆိုတာကို ဘာသာစကားအခြေခံနဲ့
သိကောင်းသိကြမယ်။ နားလည်ချင်မှတော့ နားလည်မယ်။ စနစ်တကျ ဆင်ခြင်တယ် ဆိုတာဟာ
တွေးကြည့်တာမျိုး မဟုတ်ဘူး။ အလွယ်ဆုံး ပြောရရင် ယုတ္တိနည်းလမ်းတကျ
တွေးခေါ်တာပဲ။
ဆင်ခြင်ခြင်းစနစ်တိုင်းမှာ အရေးကြီးတာ တခုက
စနစ်တစုံတရာကို စိတ်လှုပ်ရှားမှုနဲ့ မရောထွေးမိဖို့ လိုအပ်တဲ့ အပိုင်းပဲ။
ဆင်ခြင်ခြင်းကို ပြုလုပ်တာက “လူ” ဖြစ်နေလေတော့ စိတ်လှုပ်ရှားမှု ဆိုတာ
ရှိနေမှာချည်းပဲ။ စိတ်လှုပ်ရှားမှု ဆိုတာကလည်း ရည်စားဟောင်းနဲ့ လမ်းမှာ
ပြန်တွေ့လို့ ရင်ခုန်တာမျိုးကို ဆိုလိုတာ မဟုတ်ဘူး။ လူရဲ့ သိစိတ်မှာ
အခြေခံထားတဲ့ တွယ်တာမှုကြောင့် ဖြစ်လာတဲ့ စိတ်ရဲ့ အနေအထားပဲ။ အလွယ်ဆုံးနမူနာ
ပြရရင် ကိုယ့်အဖေရဲ့ အပြုအမူတစုံတရာဟာ မှားနေတယ်ဆိုတာ ကိုယ်က အသေအချာ
သိနေပေတဲ့ အဖေ ဖြစ်နေလို့ ဆိုတဲ့ သိမှုအရ ကျုပ်အဖေ မှားတယ်လို့
မပြောနိုင်တာမျိုး။ ဒါဟာ စိတ်လှုပ်ရှားမှုမှာ အရင်းခံပြီး ဆုံးဖြတ်တဲ့
အကဲဖြတ်မှုပဲ။ စနစ်တကျ ဆင်ခြင်ရင်တော့ အဲသလို စိတ်လှုပ်ရှားမှု ထည့်ပြီး
အကဲဖြတ်လို့ မရဘူး။”
၂။ ကျွန်တော်တို့က စနစ်နံပါတ်တစ် (System I)
ကိုပဲသုံးကြတာကိုး။ စနစ်နံပါတ်နှစ် (System II) ကို သုံးပြီး
ပြန်လည်ဆင်ခြင် စဉ်းစားတာမျိုး နည်းနေတာပေါ့လို့ ပြောဖြစ်ပါတယ်။
ရှင်းပြပါရစေ။ လူ့ရဲ့ စိတ်ကစနစ် ၂ မျိုးနဲ့ အလုပ်လုပ်တယ်။ စနစ်နံပါတ် (၁) က
အမြန်၊ အလိုအလျောက် ဆုံးဖြတ်တယ် (intuitive decision)။ မှတ်ဉာဏ်၊ ပေါ်လွင်
ထင်ရှားတဲ့ ပုံရိပ်တွေနဲ့ စိတ်ခံစားမှုအပေါ် အခြေခံတယ်။ စနစ်နံပါတ် (၂)ကတော့
ယုတ္တိနဲ့ အကျိုးအကြောင်း ဆင်ခြင်ပြီးဆုံးဖြတ်တယ်။ ဖြစ်နိုင်ခြေတွေကို
တွက်တယ်။ နံပါတ် (၂) စနစ်က လေးတယ် ပျင်းရိတယ် အချိန်ယူတယ်။
ကြိုးစားအားထုတ်ရတယ်။ ဒီစနစ်တွေအကြောင်း အိုင်ဒီယာ ရဖို့ နမူနာပုစ္ဆာ ရှုပါ။
“စက် ၅ ခုက အရုပ် ၅ ရုပ် လုပ်ဖို့ ၅ မိနစ် ကြာရင် စက် ၁၀၀ က အရုပ် ၁၀၀
လုပ်ဖို့ ဘယ်လောက်ကြာမလဲ။”
မိနစ် ၁၀၀ လို့ ဖြေကြရင် စနစ် (၁)
အလုပ်လုပ်နေတာပါ။ အဲဒီ အဖြေက မှားပါတယ်။ နည်းနည်းလေး စဉ်းစားရင် (စနစ် ၂
ပါ) ၅ မိနစ်လို့ ဖြေမှာပါ။ အဖြေမှန်ပေါ့။
၃။ စနစ် (၁) (ဝါ) အလိုအလျောက် သိစိတ် (intuitive) နဲ့ ဆုံးဖြတ်ရင် မှားတတ်တယ်။ နမူနာများကို ရှုစားတော်မူကြပါ။
၃.၁။ အတွေ့အကြုံတစ်ခု၊ သို့မဟုတ် ထင်ရှားတဲ့ အခြင်းအရာတခုကိုပဲ
ကွက်ကွက်ကလေး အာရုံစိုက်ပြီးအဖြေရှာလို့ မှားတဲ့ “focusing illusion”
ဆိုတာကယခုလိုပါ။
ခါနီမန်း ဆိုတဲ့ စိတ်ပညာဆရာ တယောက် ရှိတယ်။ ၂၀၀၂
ခုမှာ နိုဘယ်ဆု ရတဲ့သူ။ သူနဲ့ သူ့ဇနီးဟာ အငြင်းအခုန် ဖြစ်ကြတယ်။
ကာလီဖိုးနီးယား ဘာကလေတက္ကသိုလ်ကနေ နယူးဂျာစီက ပရင်စတန်ကို ပြောင်းဖို့
မပြောင်းဖို့။ သူ့ဇနီးက အရှေ့ကမ်းခြေ နယူးဂျာစီကလူတွေဟာ ကာလီဖိုးနီးယားက
လူတွေလောက် မပျော်ရွှင်ကြဘူးလို့ ဆိုတယ်။ ခါနီမန်းက မဖြစ်နိုင်ပါဘူးလို့
ထင်တယ်။ ပြန်ငြင်းမနေဘဲနဲ့ ပျော်မပျော် အချက်အပေါ်ကို သုတေသန လုပ်တယ်။
ကာလီဖိုးနီးယားမှာ နေတာကြောင့် ထူးပြီး မပျော်ဘူးလို့ သုတေသနက တွေ့တယ်။
ဘာကြောင့် ကာလီဖိုးနီးယားမှာ နေသူတွေက ပိုပြီး ပျော်ရွှင်မှာပဲလို့
(သူ့ဇနီးအပါအဝင်) လူတွေက တွေးရသတုန်း။ ဒေသနှစ်ခုမှာသိသိသာသာ ကွာခြားတာက
ရာသီဥတု။ သိသိသာသာဖြစ်နေတဲ့ ရာသီဥတု အပေါ်မှာပဲ စဉ်းစားပြီး ခက်ခဲတဲ့
မေးခွန်း (ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း) ကို ဖြေကြတာကိုး။ ဒါနဲ့ပဲ
အဖြစ်မှန်နဲ့ ဝေးသွားတာပဲ။ အဖြေမှားသွားတယ်။
ထင်သာမြင်သာ
ဖြစ်နေတဲ့ အခြင်းအရာတခု အပေါ်မှာအာရုံစိုက်ပြီး အဖြေထုတ်ရင် မှားနိုင်တယ်။
ထင်သာမြင်သာ ဖြစ်နေတာတွေကတော့ ခင်ဗျားရဲ့ အာရုံကို ဆွဲငင်နေမှာပဲ။
(ကျွန်တော်တို့မှာ ပြဿနာကြီးတွေ ရှိတယ်။ တခုခုအပေါ်မှာချည်း စုပုံ
“ရောက်”နေလို့ ဖြစ်နိုင်ခြေ ရာနှုန်းပြည့် ဖြစ်တဲ့ ရာသီဥတုပြောင်းခြင်းကို
မေ့လို့ မတော်ဘူး။ အင်တိုက်အားတိုက် ပညာရေးပြောင်းလဲမှုကြီး လုပ်ရမှာကို၊
ကချက်က ဒုက္ခသည်တွေကို မေ့နေမှာလည်း စိုးတယ်။ ဒါတွေကဖွဲ့စည်းပုံနဲ့လည်း
မဆိုင်ပါဘူး။)
၃.၂။ လင်ဒါပြဿနာ (Linda problem)
ဆိုတာလေးဆက်လိုက်ကြဦးစို့။ ခါနီမန်းနဲ့ တဗာစကီးတို့ရဲ့ နာမည်ကျော်
စမ်းသပ်ချက်ပါ။ လင်ဒါဆိုတဲ့ ထက်ထက်မြက်မြက်၊ ၃၁ နှစ် အမျိုးသမီးအကြောင်း
ပြောပြတယ်။ လင်ဒါက ဖီလိုဆိုဖီနဲ့ ဘွဲ့ရ ကောလိပ်ကျောင်းတုန်းက
လက်ဝဲယိမ်းအယူအဆ ရှိသူ။ အဲသည် လင်ဒါဟာ အောက်ပါ ဖြစ်နိုင်ခြေနှစ်ခုမှာ
ဘာဖြစ်ဖို့ များသလဲ။
(၁) လင်ဒါသည် ဘဏ်အရာရှိတဦး ဖြစ်သည်။
(၂) လင်ဒါသည် ဘဏ်အရာရှိတဦးလည်း ဖြစ်၍ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတဦးလည်း ဖြစ်သည်။
လင်ဒါဟာ ဘဏ်အရာရှိနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဖြစ်မှာပဲလို့
ကောလိပ်ကျောင်းသား ၈၅ ရာခိုင်နှုန်းက ဖြေတယ်။ ယုတ္တိတကျ စဉ်းစားရင်၊ ဘဝမှာ
ဘဏ်အရာရှိရော အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူရော နှစ်ခုပေါင်း ဖြစ်ဖို့
ဖြစ်နိုင်ခြေက အတော်နည်းတယ်။
ပေါင်းစပ်စဉ်းစားခြင်းအမှား တဲ့။ conjunction fallacy လို့ ခေါ်တယ်။
(တသီးတသန့် စဉ်းစားရမှာကို ပေါင်းစပ်ဆက်စပ် စဉ်းစားရင်လည်း မှားတတ်တယ်။
ယခုတလော ဖြစ်ပျက်နေတာတွေအပေါ် ပရိသတ်ကြီး ဆန့်ပြီး စဉ်းစားကြပါကုန်။
အကြမ်းဖက်သမားမွတ်စလင်နဲ့ နှစ်ပေါင်းများစွာ အတူနေခဲ့ကြတဲ့ ပြည်မက
မွတ်စလင်ကို တခြားစီ စဉ်းစားရမှာပဲ။ အဲသလို မဟုတ်ရင်
ပေါင်းစပ်စဉ်းစားခြင်းအမှားပဲ။)
၎။ အင်္ဂလိပ်စကားလုံး muddle ဆိုတာကို
အဘိဓာန်မှာစိတ်ရှုပ်စေသည်၊ အကြံကတ်စေသည်လို့ အနက်ပေးတယ်။ အလွဲလွဲ
အချော်ချော် လုပ်သည်၊ ယောင်ပေပေ ယောင်ကန်းကန်း ဖြစ်နေသည်၊ စိတ်ကူးစိတ်သန်း
ကယောက်ကယက် ဖြစ်သည်၊ ထွေးလုံးရစ်ပတ် ဖြစ်နေသည်လို့ နောက်အနက်တမျိုးလည်း
ရှိတယ်။
ရှုပ်ထွေးတဲ့ အခြေအနေကြီးတခု၊ ယခု ကျွန်တော်တို့ တိုင်းပြည်
ရောက်နေတာက အဲသလို ပွေလီတဲ့ အခြေအနေကြီး ဖြစ်မယ်။ တိုင်းပြည်မှာ လူတွေက
ဆင်းရဲ၊ ရာသီဥတု ဖောက်ပြန်ခြင်းက တမှောင့်၊ မငြိမ်းမချမ်းက တမျိုး၊
ရခိုင်အရေးက တလီ မဟုတ်လား။ သို့ကလို ပွေလီတဲ့ အခြေအနေကို ရင်ဆိုင်ရရင်
လူတွေ ဘာလုပ်ကြသလဲ။ အောက်လူတွေကတော့ မြေကိစ္စ၊ ကျောက်မီးသွေးကိစ္စ၊
ပညာရေးကိစ္စ စသည်ဖြင့် မတရားမှုတွေ မဖြစ်အောင် ပြန်တိုက်တယ်။ အထက်လူတွေကတော့
ယောင်ပေပေ ဗျူဟာ ကျင့်သုံးတာများသတဲ့။ muddling through ပေါ့ ခင်ဗျာ။
အထက်လူတွေ ဆိုတာက ကိုယ်ရောက်ရှိနေတဲ့ အခြေအနေကို တည်မြဲချင်တဲ့
တိမ်းစောင်းခြင်း (status quo bias) ရှိတတ်သတဲ့။ သူတို့ရဲ့
ဆုံးဖြတ်ချက်တွေကို“တည်မြဲချင်တဲ့ တိမ်းစောင်းမှု”က လွှမ်းမိုးတာချည်းပဲတဲ့။
(အထက်လူတွေက ရင်ကြားစေ့ရေး အခြေခံနဲ့ အကြောင်းခြင်းတတွေကို
ဆုံးဖြတ်ချက်တွေ ချတယ်လို့ ဆိုကြတယ်။ status quo bias တွေ မဟုတ်လောက်ပါဘူး
ထင်ပါရဲ့။ သူတို့ဟာ အဲဒီ တိမ်းစောင်းခြင်းကို သတိရဖို့ပဲ။)
၅။ ပရိသတ်ကြီး ခင်ဗျား။
ယခုလို လျှောက်ရေးနေခြင်းဟာ ကျွန်တော်တို့အနေနဲ့ စနစ် (၁) အပြင် စနစ် (၂)
သို့ ရောက်ရေး စနစ် (၁)နှင့် (၂) ပေါင်းရေး ဖြစ်ပါတယ်။ လူမှာ အထင်အမြင်
အတွေးမှောက်မှားခြင်း (illusion) ဖြစ်ရာဖြစ်ကြောင်းက အတော်များပါတယ်။
မှောက်မှားခြင်းက လွတ်ဖို့ဟာ လွယ်ကူတယ်လို့တော့ဖြင့် မဟုတ်ပါဘူး။ သို့သော်
“သိ” တယ်ဆိုရင် သတိထားမိနိုင်တယ်။
Thinking, Fast and Slow ဆိုတဲ့
စာအုပ် ရှိတယ်။ ယခု အမေရိကန် သမ္မတကြီး ဒေါ်နယ်ထရမ့်က အထက်ပါစာအုပ်ကို
ဖတ်ဖူးချင်မှ ဖတ်ဖူးမယ်လို့ ပြောကြပါတယ်။ သူက သာမန်သိစိတ် (common sense)
ကို သုံးပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်လို့ ကြွားတယ်ဆိုပဲ။ (A
Conversation with Daniel Kahneman, 2017)၊ ရီရတယ်။
ကျွန်တော်က
တောင်ကျွန်းကြီးပေါ်က ကျွန်တော့်မိတ်ဆွေကို ပြောရတယ်။ ကျွန်တော်တို့မှာ
နားပိတ်မျက်စိပိတ်တာ ကြာပြီ။ ယခုထိလည်း ၆၆ (ဃ) ဆိုတာ ရှိသေးတယ်။
ကျွန်တော်တို့ခမျာများမှာ သတင်းတွေကို ဝေဖန်ချက်၊ စိစစ်ချက် လုပ်နိုင်တာ
မဟုတ်ဘူး၊ လုပ်ရဲတာ မဟုတ်ဘူး။ ရေးရဲတာ မဟုတ်ဘူး။ ခမျာများမှာပညာရေးကလည်း
ဝေဖန်ဆန်းစစ်နိုင်သော ပညာရေးမျိုးလည်း မရကြဘူး။ စနစ် (၂) စဉ်းစားပုံကို
ဘယ်လိုရောက်မတုန်း။
စိတ်ကို ခြယ်လှယ်ကြတဲ့ တိမ်းစောင်းမှုတွေကို bias လို့ ခေါ်တယ်။
တိမ်းစောင်းမှုများ
ယခု ဘူးသီးတောင်၊ မောင်တောဘက်ဆီက ကိစ္စတွေကို ကြည့်ရာမှာ
ပြည်တွင်းကရှုမြင်ပုံနဲ့ ပြည်ပကရှုမြင်ပုံ အတော်ကွာတယ်။
သတင်းမှားတွေကြောင့်လို့ ပြောကြပေတဲ့ တိမ်းစောင်းခြင်းတွေ လွယ်ကူစွာ
စိတ်ထဲရောက်ခြင်းကြောင့်လည်း ပါတယ်၊ availability bias လို့ ခေါ်တယ်။
တခြားတိမ်းစောင်းခြင်းများ(biases) ကြောင့်လည်း ပါတယ်။ ရှင်းပြပါရစေ။
၆။ တောင်ကျွန်းကြီးပေါ်နေတဲ့ မိတ်ဆွေကြီးရဲ့ စာထဲမှာ “ကိုယ့်တိုင်းပြည်ကို
နိုင်ငံတကာအတွင်းကလို့ မြင်လာဖို့ လိုတယ်။
နိုင်ငံတကာဆက်ဆံရေးဆိုတာရှိသေးတယ်။ အရင်နှစ်နှစ်ဆယ်တုန်းကလို
နိုင်ငံတကာဆက်ဆံရေးဆိုတာ ထည့်မစဉ်းစားပဲ ကျားတွေ့တုတ်ဆွဲ လုပ်လို့
မရတော့ဘူး” လို့ ပါတယ်။ အရင်တုန်းက နိုင်ငံတကာဆက်ဆံရေး ဆိုတာက
ကျွန်တော်တို့မှာ မရှိပေတဲ့ အခုရှိတယ်။ သူ ပြောသလိုပဲ ကျွန်တော်တို့လူထုဟာ၊
မကောင်းတဲ့ ရည်ရွယ်ချက်တစုံတရာကြောင့် ရမ်းကားနေတဲ့ အလဇ္ဇီတွေလို၊
သူကြီးသားတွေလို မဖြစ်ဖို့တော့ လိုမယ်။ ထင်ရာလုပ်တာနဲ့
အချုပ်အခြာအာဏာပိုင်မှုကလည်း မတူဘူး။
၇။ အမှန်အမှားကို သိဖို့
လွတ်လပ်စွာ ပိုင်းခြား စိစစ်မှု ဆိုတာတွေ ဗုဒ္ဓက ဟောခဲ့တာပဲ။
လိစ္ဆဝီမင်းတပါးဖြစ်တဲ့ ဘဒ္ဒိယကို ဆုံးမတာ၊ ကာလာမမင်းတွေကို ဆုံးမတာ၊
တိဿရဟန်းကြီးကို ဟောတာတွေ အများကြီးရှိပေတဲ့ မလိုက်နာကြတာ များတယ်
ထင်ပါရဲ့။ ဒါကြောင့် illusion of validity ဆိုတဲ့ “ကိုယ့်စဉ်းစားပုံကဖြင့်
အားကိုးထိုက်တယ်လို့ ထင်တဲ့ မှောက်မှားခြင်း” က ဝင်တာပဲ။ Illusion of
validity လို့ ဆိုတဲ့ ကိုယ့်အမြင်ကို ဟုတ်လှပြီလို့ ထင်မှုတွေက အများကြီးပဲ။
နားမထောင်ကြတဲ့ အထက်လူတွေမှာ ဖြစ်တယ်။ အာဏာရှင်တွေမှာ ဖြစ်တယ်။ အာဏာရှင်
လုပ်ချင်ကြတဲ့ ခေါင်းဆောင်တွေမှာလည်း ဖြစ်တယ်။ သူတို့ကထင်မှုကြောင့်
တခြားလမ်း alternative တွေကို မစဉ်းစားနိုင် မရွေးချယ်နိုင်တာပဲ
များတယ်လို့ ဆိုတယ်။
၈။ အလိုအလျောက်သိစိတ်နဲ့ အလွယ်တကူ
ဆုံးဖြတ်တော့ မှားကြတယ်။ အလိုအလျောက်သိစိတ်နဲ့ ဆုံးဖြတ်လို့ မှားတဲ့
အမှားတွေကို အတိုကောက်အခေါ်ကheuristics ဟူရစ်စတစ်တဲ့။ “ဟူရစ်စတစ်”တွေက
ခံစားမှုအခြေခံ ရှိတယ်။ စိတ်ခံစားမှုကို လှုံ့ဆော်တယ်။ ကိုယ့်မှာ ရှိတဲ့
ပစ္စည်းကို တန်ဖိုးပိုတွက်တဲ့ endowment effect ။ ရောက်ရှိနေတဲ့
အခြေအနေကိုပဲ တည်တံ့စေချင်တဲ့ စိတ်မျိုးကဲနေတဲ့ status quo bias ။ ရမှာနဲ့
ဆုံးမှာနှစ်ခု ယှဉ်ရင် ဆုံးမှာ ပိုကြောက်တဲ့ loss aversion … စတာတွေဟာ
ဟူရစ်စတစ် နမူနာတွေပဲ။ ဆုံးဖြတ်ချက်တွေ ချဖို့ လိုတဲ့အခါ ဟူရစ်စတစ်တွေက
ဆုံးဖြတ်ချက်တွေကို ခြယ်လှယ်တာပဲ။
Availability heuristic
ဆိုတာက ဖြစ်ရပ်တခုဟာ ထင်ရှားနေလို့ လူ့စိတ်ကို အလွယ်တကူ ရောက်ပြီး
အလိုအလျောက် သိစိတ်နဲ့ မှောက်မှားအောင် ဆုံးဖြတ်စေခြင်းကို ခေါ်တယ်။
Availability ဆိုတာ စိတ်ပညာအလိုမှာ စိတ်ကို အိုင်ဒီယာတခု
အလွယ်ရောက်နိုင်ခြင်းပဲ။ ဇာတ်ဆန်ဆန် သေတဲ့ အဖြစ်၊ ဥပမာ …
ဆိုင်ကလုန်းကြောင့် အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် သေတဲ့ အဖြစ်မျိုးဟာ
စိတ်ကို အလွယ်တကူ ရောက်တယ်။ ဆီးချိုရောဂါကြောင့် သေနေကြတာပဲ၊
ကိုယ့်ကိုယ်ကိုယ် သတ်သေ၊ လေဖြတ်လို့ သေ … သေကြတာပဲ။ စက်တင်ဘာ ၁၁ ရက်
အကြမ်းဖက်အဖြစ်ကြောင့် သေတဲ့အခါ အကြမ်းဖက်ခြင်းကို ကြောက်ရွံ့တဲ့အဖြစ်ဟာ
ခုနက ဖြစ်ရပ်တွေထက် အများကြီး ပိုတယ်။ တီဗွီဖန်သားပြင်မှာ နေ့ရောညပါ
တွေ့နေရတာကိုး။ ဘင်္ဂါလီတွေ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးကြတဲ့ ပုံရိပ်တွေကို
နေ့ရောညပါ လွှင့်တဲ့အခါ မြန်မာပြည်အစိုးရအပေါ် ပြောစရာ ဖြစ်လာတဲ့ အဖြစ်ဟာလည်း
availability heuristic တမျိုးပဲ။ ထောင်ချောက်ထဲ ဝင်တိုးတာပဲလို့
ပြောကြတယ်။ ကမ္ဘာအရပ်ရပ်က လူတွေရဲ့ စိတ်ထဲဆီကို အလွယ်တကူ ရောက်သွားပြီ။
လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို ခြယ်လှယ်နိုင်တဲ့ အပြုအမူ ဆိုင်ရာ
နည်းလမ်းတွေ (behavioral techniques) ကို အသုံးချတာတွေ ရှိနေပြီလို့
ဆိုတယ်။ သတင်းအချက်အလက်နဲ့ သိစိတ်ကို ဆွဲဆောင်ဖို့ ကြံတာမဟုတ်ဘဲ၊ လူတွေရဲ့
ကျိုးကြောင်းမရှိတဲ့ လှုံ့ဆော်မှုတွေဆီကို၊ ခံစားမှု ခလုတ်မောင်းတွေ
ဖြုတ်ဖို့နဲ့ မသိလိုက်တဲ့ တိမ်းစောင်းမှုများဆီ ရောက်အောင် လုပ်ပြီး
အပြုအမူကို ဖန်တီးတာကို အပြုအမူဆိုင်ရာ နည်းလမ်းလို့ ခေါ်တယ်။ (Behavioral
techniques do not seek to persuade us consciously with information and
argument. Rather, these techniques change behavior by appealing to our
nonrational motivations, our emotional triggers and unconscious biases.)
မောင်တောဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေကို လက်ဆောင်ပေးသလိုပဲလို့ ဆိုကြတယ်။
ကျွန်တော်တို့ကတော့ သဲထဲခေါင်းစိုက်နေကြတာနဲ့ တူနေတယ်တဲ့။ ဒီကြားထဲမှာ
အလဇ္ဇီတွေနဲ့ သူကြီးသားတွေကလည်း တမှောင့်။ မြန်မာပြည်ရဲ့ ပုံရိပ်ကို ပိုပြီး
ကျအောင် လုပ်သလို ဖြစ်နေတယ်။
လမ်းပေါ်ကလူတယောက် ပြောချင်တာများ (ကိုတာ)
No comments:
Post a Comment