Wednesday, October 18, 2017

ယှဉ်ပြိုင်မှုတိုင်းကို ဒီအချက်(၃)ချက်နဲ့ အသာစီးရယူပါ

ခုလိုပွင့်လင်းလွတ်လပ်လာတဲ့ခေတ်မှာ ဒီဓါတ်ပုံကို အမြင်ရိုင်းတယ်လို့ မထင်ကြလောက်တော့ဘူး ယုံကြည်ပါတယ်။ ဒီမင်းသမီးနှစ်ယောက်ကို ယှဉ်ပြထားရင်းနဲ့ ခေတ်ရဲ့အခြေအနေကို မြင်သာစေလို့ပါ။
အရင်ခေတ်က မင်းသမီးဖြစ်ဖို့ လွယ်သလား စဉ်းစားကြည့်ပါ။ ပြက္ခဒိန်မှာ ပါဖို့၊ ကြော်ငြာလေးတစ်ခု သရုပ်ဆောင်ရဖို့ အင်မတန်ခက်ပါတယ်။ အခွင့်အလမ်း တအားနည်းတယ်။ တစ်ဖက်မှာလည်း ပြိုင်ဆိုင်မှု နည်းပါတယ်။ မင်းသမီးဆို ဒီလူ ဒီလူပဲ ရှိမယ်။ အလှအပရှုထောင့်က ကြည့်ရင်လည်း မင်းသမီးတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက် လှရင်ကို အဆင်ပြေပါတယ်။
ဒီခေတ်မှာကျတော့ မော်ဒယ်၊ မင်းသမီးဖြစ်ဖို့ အခွင့်အလမ်းတွေ တအားများလာသလို တစ်ဖက်မှာလည်း ပြိုင်ဆိုင်မှုက ပြင်းထန်လာတယ်။ မော်ဒယ်၊ မင်းသမီးတွေ လက်ချိုးရေကြည့်။ လက်နှစ်ဖက်နဲ့ မကုန်ဘူး။ ဒီလောက်လူတွေကြားထဲကနေ ထိုးဖောက်အောင်မြင်လာဖို့အတွက်လည်း တအားကြိုးစားလာရတယ်။ မင်းသမီးတစ်ယောက် လှတယ်လို့ မှတ်ကျောက်တင်ခံရဖို့ လိုအပ်ချက်တွေလည်း များလာတယ်။
ဥပမာပေးလိုက်တာပါ။ ဒါမျိုးအခြေအနေတွေဟာ နေရာတိုင်းမှာ ဖြစ်နေပါတယ်။
စီမံခန့်ခွဲမှုသင်တန်းကျောင်းတွေအများကြီးပဲ၊ ဒီကြားထဲကနေ ကိုယ်ဘယ်လိုထိုးဖောက်မလဲ။
MBA ရပြီးသူတွေအများကြီးပဲ၊ ဒီကြားထဲကနေ ကိုယ်ဘယ်လိုအောင်မြင်အောင် လုပ်မလဲ။
ဆေးရုံဆေးခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဘဏ်တွေ၊ အဲ့လို အပြိုင်အဆိုင်တွေကြားထဲ ကိုယ်ဘယ်လိုအသာစီးရယူမလဲ။
ကိုယ်ပိုင်အရည်အချင်း၊ အဆက်အသွယ်တွေ၊ ရှေ့ကိုကြိုမြင်နိုင်စွမ်းတွေ၊ အရင်းအနှီးတွေ အများကြီးလိုပါလိမ့်မယ်။ ဒါပေမယ့် အဲဒါတွေ တူနေတဲ့အခါ၊ ဒါမှမဟုတ် ပြောပလောက်အောင် ကွာခြားမနေတဲ့အခါမှာ ဒီအချက်(၃)ချက် ရှိတဲ့သူက၊ ရှိတဲ့လုပ်ငန်းက အသာစီးရပါလိမ့်မယ်။
၁။ စေတနာ
အရင်းအနှီးရှိရင် ကြော်ငြာအား ကောင်းကောင်းသုံးလို့ရတယ်။ ဟိတ်ဟန်တွေ ထုတ်လို့ရတယ်။ ဒီလိုပဲ အပြောကောင်းရင်လည်း ကျွန်တော်က ဘယ်လိုပါ ဆိုပြီး တစ်ဖက်လူ ညွှတ်ကျသွားအောင် ပြောလို့ရတယ်။ ဒါပေမယ့် တကယ်တမ်း ဒီလူ၊ ဒီအဖွဲ့အစည်း စေတနာပါတယ် မပါဘူးဆိုတာက အဲဒီနေရာတွေမှာ မသိသာဘူး။ အသေးအဖွဲလေးတွေမှာ ပေါ်တာ။
အလုပ်တခုခုကို လုပ်ခိုင်းလိုက်တယ်။ ပြီးတော့ပြီးလာတာပဲ။ ဒါပေမယ့် အသေးစိတ်လေးတွေကို ကြည့်ကြည့်။ ဘယ်ဝန်ထမ်းက စေတနာပါတယ် မပါဘူးဆိုတာ သိတယ်။
သင်တန်းကျောင်းတစ်ခုက သူ့ဆီမှာ တက်တဲ့သူတွေဆီ စာမေးပွဲအချိန်စာရင်းနဲ့နေရာ အကြောင်းကြားပေးတာ၊ ၀တ်ကျေတန်းကျေ မဟုတ်ဘဲ ဖုန်းနဲ့ရော မက်ဆေ့နဲ့ပါ ထပ်ကာထပ်ကာ ပြောပေးတယ်။ စေတနာကို ပြလိုက်တာပဲ။
ဘယ်လိုလေး လုပ်ပေးလိုက်ရင် ကိုယ့်ဆီလာတဲ့ Customer တွေ ပိုအဆင်ပြေသွားမလဲ၊ ငါ ဒီလိုလေး လုပ်ပေးလိုက်ရင် ငါ့ဘော့စ် အသေးစိတ် စစ်ကြည့်စရာ မလိုတော့ဘူး ဆိုတဲ့ စေတနာက ကိုယ့်ကို အများကြားမှာ တစ်ပန်းသာစေလိမ့်မယ်။
၂။ ၀ါသနာနဲ့ တန်ဖိုးထားမှု
အလုပ်တစ်ခု လုပ်တဲ့အခါ ဒီအလုပ်ကို တကယ်ဝါသနာပါဖို့၊ ရူးသွပ်တဲ့အဆင့်ထိ မဟုတ်တောင် ဒါကိုလုပ်နေရရင် မပင်ပန်းဘူး၊ ထမင်းမေ့ဟင်းမေ့ ဖြစ်နေတယ် ဆိုတာမျိုးလောက် ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့တွေဟာ အလုပ်ရွေးတဲ့အခါ အောင်မြင်နိုင်ချေရှိတာ၊ အများကြားမှာ ရေပန်းစားတာ၊ ဒါတွေကို ဦးစားပေးရွေးကြတယ်။ ဒီအလုပ် အဆင်ပြေနေတယ်ဆို လိုက်လုပ်တယ်၊ ဒီကျောင်း ကောင်းတယ်၊ တက်နေကြတယ်ဆို လိုက်တက်တယ်။ တကယ်တမ်း ကိုယ့်ဝါသနာက ဘာလဲ၊ ကိုယ့် Passion က ဘယ်နေရာမှာလဲ ဆိုတာ ထည့်မစဉ်းစားမိတတ်ကြဘူး။
စီးပွါးရေးလုပ်နေတဲ့ အစ်မတစ်ယောက် ပြောဖူးတာလေး သွားသတိရတယ်။ သူ့ဆိုင်ကို ပြိုင်ဘက်ကုမ္ပဏီတစ်ခုက ၀ယ်သူအယောင်ဆောင်ပြီး လာစုံစမ်းတယ်။ အကုန်အမှန်အတိုင်းပဲ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက သူတို့တခြားမှာ သွားမေးလည်း သိနိုင်တာပဲ။ ဒါပေမယ့် သူတို့ဘယ်လိုမှ မယှဉ်နိုင်တာတစ်ခု ရှိတယ်။ အဲဒါ အစ်မရဲ့ Passion ပဲတဲ့။
ပညာရေးလုပ်ငန်းနဲ့ စီးပွါးရှာနေတာမဟုတ်ဘူး။ ဒီကကျောင်းသားတွေ နိုင်ငံတကာပညာရေးနဲ့ လက်လှမ်းမီဖို့ ကူညီပေးရင်းနဲ့ ၀င်ငွေရတာ။
စာသင်ပြီး လစာယူနေတာ မဟုတ်ဘူး။ ကိုယ်သိသမျှကို မခြွင်းမချန် လက်ဆင့်ကမ်းပေးရင်းနဲ့ အသက်မွေးနေတာ။
အထက်က ခိုင်းလို့ အဖြစ်သဘောစစ်နေတာ မဟုတ်ဘူး။ တိုင်းပြည်မှာ အခွန်တွေမနစ်နာရအောင်၊ ပြည်တွင်းကို မူးယစ်ဆေးတွေ ရောက်မလာအောင် စစ်ဆေးနေတာ။
ဒါမျိုး ကိုယ့်အလုပ်ပေါ် တန်ဖိုးထားတတ်ပြီး Passion ပြင်းပြင်းပြပြနဲ့ အလုပ်လုပ်နိုင်ခြင်းက အများကြားမှာ ကိုယ့်ကို တစ်မျိုးကွဲထွက်စေပါလိမ့်မယ်။
၃။ ဖြောင့်မတ်မှု
ပုံမှာပြထားတဲ့ မင်းသမီးလိုပဲ။ ဒီခေတ်မှာ ပွင့်လင်းမြင်သာမှုက မရှိမဖြစ် အရေးပါလာတယ်။ လိမ်လို့မရတော့ဘူး။ ဖုံးကွယ်လို့မရတော့ဘူး။ အင်တာနက်ခေတ် ဖြစ်လာတဲ့အခါမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်တွေ ရလာတယ်။ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ဒီတစ်ခါ လုပ်ငန်းတွေ၊ လူတွေအနေနဲ့ တစ်နပ်စား ကြံလို့မရတော့ဘူး။ ဒီနေ့လိမ်တာနဲ့ မနက်ဖြန် အင်တာနက်ပေါ်ရောက်ပြီ၊ ကိုယ့်အကြောင်း လူတွေသိကုန်ပြီ။ ဒီအခါမှာ ကိုယ်ပေးထားတဲ့ကတိကို တည်ဖို့၊ အပြောနဲ့အလုပ် ညီဖို့၊ တာဝန်ယူ၊ တာဝန်ခံတတ်ဖို့ လိုလာပြီ။ ဒါဆိုရင် တခုခုမှားသွားဦးတော့၊ နာမည်ကိုတော့ ဆက်ထိန်းထားနိုင်လိမ့်မယ်။ မှားတာက ပြင်ရလွယ်တယ်။ ပုံရိပ်တစ်ခုပျက်စီးသွားတာက ဘယ်လိုမှ ပြန်ပြင်လို့မရပါဘူး။ ဒီအတွက် ဖြောင့်မတ်မှန်ကန်မှုရှိဖို့ သိပ်အရေးကြီးပါတယ်။
သင်တန်းတစ်ခုမှာ ဒီသင်တန်းကိုတက်လိုက်ရင် ဘာတွေဘယ်လိုတတ်မြောက်သွားမယ်၊ ဘယ်လိုအလုပ်အကိုင်တွေ ရမယ် ကြော်ငြာတယ်။ နောက်တစ်ခုက ဒီသင်တန်းကနေ Certificate ရသွားလည်း ကိုယ်မကြိုးစားရင် ဘာမှလုပ်မရဘူးလို့ပြောတယ်။ ဘယ်ဟာကို ကျွန်တော်တို့ ယုံကြည်ကြသလဲ။
ဒီ(၅)နှစ်အတွင်းမှာ နိုင်ငံကြီး ဘာဖြစ်သွားရမယ် ညာဖြစ်သွားရမယ် ဆိုပြီး မဲဆွယ်တဲ့သူနဲ့ အရှိအရှိအတိုင်း ချပြပြီး တကယ်လုပ်နိုင်တာကိုသာ ကတိပေးတဲ့နိုင်ငံရေးသမား ဘယ်သူ့ကို မဲပေးမလဲ။
အလွန်အကျွံပြောတာတွေကို ယုံပြီး လက်ခုပ်တီးတဲ့ခေတ်က တဖြည်းဖြည်းကုန်လာပါတော့မယ်။ အဲဒီအစား ရိုးသားဖြောင့်မတ်ခြင်းက အစားထိုးနေရာယူလာတော့မှာ ဖြစ်ပါတယ်။
တကယ်တော့ ဘ၀ဆိုတာ မာရသွန်ပြိုင်ပွဲတစ်ခုလိုပါပဲ။ မီိတာ ၁၀၀ လောက် အသည်းအသန်ပြေးလိုက်မယ်ဆိုလို့ အောင်မြင်မှုမရနိုင်ပါဘူး။ မာရသွန်ဖြစ်တဲ့အတွက် သက်လုံလိုလာပါတယ်။ ရေရှည်ကို စဉ်းစားဖို့ အရေးကြီးလာပါတယ်။
ဒါကြောင့် ဘယ်လိုအလုပ်မျိုးကိုလုပ်လုပ် စေတနာထားပါ။ Passion ပြင်းပြင်းပြပြနဲ့ အလုပ်လုပ်ပါ။ နောက်ပြီး ရိုးသားဖြောင့်မတ်ပါ။ ပြိုင်ဆိုင်သူတွေကြားထဲမှာ အဲဒီ(၃)ချက်နဲ့ အသာစီးရယူလိုက်ပါ။
ဒေါက်တာ ဖြိုးသီဟ

No comments:

Post a Comment