တကယ်တော့ ကလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာဟာ အင်မတန်မှကို
သိမ်မွေ့တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ အင်တာနက်တွေမှာ ရေးကြတယ်၊ စာအုပ်တွေမှာ
ရေးကြတယ်၊ ဘယ်လိုပဲရေးရေး၊ ဘယ်အရာကိုမှ လှေနံဓားထစ် ကျင့်သုံးလို့
မရပါဘူး။ အခြေအနေ၊ အချိန်အခါနဲ့ ကလေးရဲ့ အနေအထားပေါ် မူတည်ပြီးပဲ
အကောင်းဆုံးဖြစ်အောင် ပျိုးထောင်သွားရတာပါ။
ဒီ ၂၁ ရာစုမှာတော့ လူတစ်ယောက် အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေဟာ
ပိုပြီးတော့ များလာပါတယ်။ အရင်က စာတတ်ပေတတ်ပုဂ္ဂိုလ်ဆို ကိုယ့်မိခင်ဘာသာစကား
ရေးတတ် ဖတ်တတ်တယ်ဆို လုံလောက်ပြီပေါ့။ ခုခေတ်ကျတော့ Global literacy
လို့ခေါ်တဲ့ ကမ္ဘာနဲ့ချီပြီး တွေးနိုင်ခေါ်နိုင်၊ ပြောနိုင်ဆိုနိုင်တဲ့
အစွမ်းအစ၊ Digital literacy လို့ပြောရမယ့် နည်းပညာတွေကို ဘယ်လောက်ထိ
ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သလဲ ဆိုတာတွေ ထပ်တိုးလာပါတယ်။ ဒီနှစ်ခု
မရှိထားရင် အဲဒီလူကို စာတတ်တယ်လို့ ဒီခေတ်မှာ မသတ်မှတ်တော့ပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် လုပ်တော့
တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို မေးပါတယ်။ ခေတ်သစ်မှာ အောင်မြင်ဖို့ဆိုရင်
ဘယ်လိုအရည်အချင်းမျိုးတွေ လိုလာမလဲ။ ဒီအခါ ခေတ်သစ်အတွက် မရှိမဖြစ်
လိုအပ်လာမယ့် အရည်အသွေး ၁၀ ခုကို ခေါင်းဆောင်တွေကနေ
ထုတ်နှုတ်ပြောပြခဲ့ပါတယ်။ အဲဒါလေးတွေကို ဝေမျှပေးပါရစေ။
၁။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း (Flexibility)
အစားအသောက်၊ အ၀တ်အစား စတာတွေနဲ့ ပတ်သက်ပြီး ကလေးကို ဒါဆိုဒါမှ
ဆိုတာမျိုး အကျင့်မလုပ်နဲ့၊ အလိုမလိုက်ပါနဲ့။ ဘယ်လိုအခြေအနေမျိုးမှာမဆို
အံဝင်ခွင်ကျ နေနိုင်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါမှသာ
အချိန်တိုအတွင်း အပြောင်းအလဲတွေ ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာ သူဟာ အလွယ်တကူ
အသားကျသူတစ်ယောက် ဖြစ်လာမှာပါ။
၂။ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Negotiation)
အဆော့မက်တဲ့ကလေး၊ ညဘက်ဆို မအိပ်တတ်တဲ့ကလေး၊ အစားမစားတဲ့ကလေးကို
ဘယ်လောက်ဆော့ခွင့်ပေးမယ်၊ ပြီးရင် အစားစားရမယ် ဆိုတာမျိုးလေး
ညှိနှိုင်းပေးပါ။ ငါ မိဘပဲ ဆိုတာမျိုးနဲ့ တစ်ဖက်သတ်မလုပ်ပါနဲ့။ ကြာတဲ့အခါ
ကလေးဟာ တစ်ဖက်သတ် ဆိုတာတွေနဲ့ ယဉ်လာပြီး သူကိုယ်တိုင်လည်း တစ်ဖက်သတ်လုပ်ရင်
လုပ်လာမယ်၊ သူများက သူ့ကို တစ်ဖက်သတ် လုပ်နေလည်း ငြိမ်ခံနေတဲ့ကလေးမျိုး
ဖြစ်လာနိုင်ပါတယ်။
၃။ ၀န်ဆောင်မှုပေးတတ်ခြင်း (Service orientation)
အိမ်ကို ဧည့်သည်တွေ လာတဲ့အခါ ကလေးကိုပါ ဧည့်ခံစေပါ။ အအေး၊
ကော်ဖီချပေးတာ၊ နှုတ်ဆက်စေတာ၊ ဒါမျိုးတွေ အလေ့အကျင့် လုပ်ခိုင်းပါ။ တကယ်တော့
ဝန်ဆောင်မှုဆိုတာ ကိုယ်ချင်းစာစိတ်ပါပဲ။ ငါသာ သူ့နေရာမှာဆို ဘယ်လိုမျိုးလေး
အဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲ ဆိုပြီး တွေးတတ်တဲ့ အလေ့အထရှိနေဖို့ အဓိက
လိုတာပါ။ အဲဒီစိတ်လေး ငယ်ငယ်ကတည်းက ၀င်သွားရင် ကြီးလာတဲ့အခါ
ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေမယ်။ ပြုံးရွှင်ချိုသာစွာနဲ့ ဘယ်သူ့ကိုမဆို
နှုတ်ဆက်တတ်မယ်။ လူချစ်လူခင် များပါမယ်။
၎။ ဆုံးဖြတ်ချက်ချခြင်း (Decision making)
ကလေးကို ဒါ လုပ်၊ ဒီကို သွား ဆိုတာမျိုး မပြောဘဲ သူ့အရွယ်နဲ့ ကိုက်ညီတဲ့
ကိစ္စရပ်တိုင်းမှာ ဆုံးဖြတ်ချက်ချစေပါ။ အပြင်သွားဖို့ အကျီင်္ရွေးတယ်
ဆိုပါစို့။ မိဘက ဆင်ပေးလိုက်တာမျိုး မဟုတ်ဘဲ သူ့ကို ရွေးချယ်ခိုင်းပါ။
ဘာအရောင်၊ ဘာအကျီင်္၊ ပြီးတော့မှ သူ့ရွေးချယ်မှုရဲ့
နောက်ဆက်တွဲဖြစ်နိုင်တာတွေကို ကလေးဉာဏ်မီနိုင်သလောက် ရှင်းပြပါ။ ဒါဆို
နောက်ဆက်တွဲအကောင်းအဆိုးကို စဉ်းစားပြီး ဆုံးဖြတ်ချက် ချတတ်တဲ့ အလေ့အကျင့်
ရှိလာပါလိမ့်မယ်။
၅။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားခြင်း (Emotional intelligence)
EQ မြင့်ဖို့ကတော့ ခုနောက်ပိုင်းမှာ တအားကို ပြောလာကြတာ မိဘများလည်း
သိပြီးဖြစ်မှာပါ။ အဓိကက စိတ်ခံစားချက်တွေကို သိဖို့၊ ထိန်းနိုင်ဖို့ပါပဲ။
တိုတိုပြောရရင် စိတ်အလိုမလိုက်ဖို့ပေါ့။ ဒီနေရာမှာလည်း မိဘတွေအနေနဲ့
ကိုယ့်ကလေးကို ပျိုးထောင်ပေးတာမျိုး လုပ်နိုင်ပါတယ်။ မနက်စောစော ကလေးက
မထချင်ဘူးဆိုရင် အလိုလိုက်ပြီး ပြန်ပေးမအိပ်ပါနဲ့၊ ထခိုင်းပါ။ အဲဒီလို
ကိုယ့်စိတ်ကိုယ် နိုင်နင်းတဲ့ အလေ့အကျင့်လေး ငယ်ငယ်ကတည်းက
ပျိုးထောင်ပေးထားမှ ကြီးလာတဲ့အခါ EQ မြင့်သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
၆။ အများနဲ့ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Coordinating with others)
မောင်နှမချင်း၊ ကလေးကလေးချင်း ပေးဆော့ပါ။ လိုအပ်ရင် မိဘကပါ
ဝင်ပြီးဆော့ပါ။ ဒါမှ ကလေးဟာ ညှိနှိုင်းတတ်သူ၊ မတူညီတာကို
သည်းခံတတ်သူတစ်ယောက် ဖြစ်လာမှာပါ။
၇။ လူအများကို စီမံခန့်ခွဲတတ်ခြင်း (People management)
ဒါကတော့ လူတွေကို ဘယ်လိုစည်းရုံးရမယ်၊ လှုံ့ဆော်ရမယ်၊ ညှိနှိုင်းရမယ်၊
လူ့သဘော သဘာဝတွေအကြောင်း သိထားရမယ်။ ဒါကို ဆိုလိုတာပါ။ ဒီအတွက် ကလေးကို
ခေါင်းဆောင်စိတ် ရှိနေအောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်
ပျိုးထောင်ထားဖို့ လိုပါတယ်။ ကလေးတွေအချင်းချင်း ဆော့နေတဲ့အခါ
သတိထားကြည့်ကြည့်ပါ။ ကိုယ့်ကလေးက ကလေးတွေအားလုံးကြားထဲ
ခေါင်းဆောင်တစ်ယောက်လို ပုံစံပေါက်နေပြီဆိုရင်တော့ ကိုယ့်ရဲ့
ပျိုးထောင်မှုဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ သတ်မှတ်နိုင်ပါတယ်။
၈။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity)
ပန်းချီသင်ပေးတာ၊ သိပ်ငယ်လွန်းရင်လည်း ပုံတွေဆွဲစေတာ၊ အရောင်လေးတွေ
ခြယ်တာ စတဲ့ ကစားနည်းတွေက ကလေးရဲ့ တီထွင်ကြံဆနိုင်စွမ်းကို
မြင့်တက်စေပါလိမ့်မယ်။
၉။ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်း (Critical thinking)
ကျိုးကြောင်းဆင်ခြင်နိုင်ဖို့ဆိုတာ အင်မတန်မှကို
လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအရည်အသွေး မရှိရင် အလွယ်တကူ လိမ်ခံရမယ်။
လူ့အသိုင်းအ၀ိုင်းထဲ ရှင်သန်ဖို့ရာ မလွယ်ဘူး။ ကလေးဘ၀မှာတော့ သူတို့တွေဟ
အားလုံးကို သိချင်ကြတယ်။ မေမေ ဒါက ဘာလို့အဲ့လိုဖြစ်တာလဲ၊ ဖေဖေ နေက
ဘာလို့အရှေ့က ထွက်တာလဲ စတဲ့ မေးခွန်းတွေကို တတ်နိုင်သလောက် ဖြေပေးပါ။
အရှေ့က ထွက်ချင်လို့ ထွက်တာပေါ့ ဆိုပြီး စိတ်မရှည်ဘဲ ဖြေလိုက်ရင်၊
အမေးအမြန်းက ထူလိုက်တာ ဆိုတာမျိုး ပြစ်တင်မိရင် ကလေးက
အဲဒီလိုဆက်စပ်တွေးခေါ်တာတွေ မလုပ်တော့ဘဲ အချက်အလက်ကိုပဲ
အသေမှတ်တဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
၁၀။ ပြဿနာဖြေရှင်းခြင်း (Problem solving)
ကလေးအတွက် ပြဿနာဆိုတာ ဘာများဖြစ်မလဲ။ ခဲတံကျိုးသွားတာ၊ သူ
ကြိုက်တဲ့ပစ္စည်းတခုခု ပျက်စီးသွားတာ စတာတွေက သူ့အတွက် ပြဿနာတွေပေါ့။
ဒါတွေကို သူ ဘယ်လိုသဘောထားသလဲ၊ ရင်ဆိုင်ကျော်လွှားသလဲဆိုတာ အရေးကြီးပါတယ်။
အဲဒီအပြင် မိဘတွေအနေနဲ့ သူ့အတွက် ပြဿနာတွေလည်း ဖန်တီးပေးလို့ရပါသေးတယ်။
အဲဒါကတော့ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဖွံ့ဖြိုးစေတဲ့ အရုပ်ဆက်ကစားနည်းလို
နောက်ဆုံးသူလိုချင်တာ ရလာဖို့အတွက် လက်ရှိ ကြုံသလို ဆက်ထားတဲ့ အရုပ်တွေကို
သူဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ပုံစံနဲ့ သူ့ရဲ့ ပြဿနာဖြေရှင်းမှု အရည်အသွေးကို
ပျိုးထောင်ပေးလို့ရပါတယ်။
ဆယ်ကျော်သက်ချင်း တူပေမယ့်၊ လူ့လောကထဲ ရောက်တာ ၁၅ နှစ် ၁၆ နှစ်လောက်
ရှိသေးတာချင်း တူပေမယ့် တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊
စဉ်းစားတွေးခေါ်တတ်တယ်၊ လူတွေနဲ့ ပေါင်းသင်းတတ်တယ်၊ အမြင်ကျယ်တယ်၊
ပြဿနာတွေကို သူ့နည်းသူ့ဟန်နဲ့ အကောင်းဆုံးဖြေရှင်းနိုင်တယ်။ ဒါပေမယ့်
နောက်တစ်ယောက်ကတော့ လူကြီးပြောမှ လုပ်တတ်တယ်၊ လူကြီးပါမှ သွားရဲလာရဲတယ်၊
အပေါင်းအသင်း မ၀င်ဆံ့ဘူး၊ ဘာမဟုတ်တဲ့ ပြဿနာလေးအတွက် အကြီးအကျယ်
တုန်လှုပ်နေတယ်။
ဘာလို့ ဒီလိုတွေကွာခြားနေတာလဲ။
အကြောင်းရင်းကတော့ ရှင်းပါတယ်။ ငယ်ငယ်က သူတို့မိဘတွေက သူတို့ကို ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲ ဆိုတာကြောင့်ပါပဲ။
ဒါကြောင့်မို့ မိဘများအနေနဲ့ ကိုယ့်ကလေးကို ခေတ်သစ်အတွက်
အဆင်သင့်ဖြစ်နေအောင် ခုကတည်းက အကောင်းဆုံး ပြုစုပျိုးထောင်နိုင်ကြစေဖို့
လိုအပ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
No comments:
Post a Comment