လူနှစ်မျိုးရှိတယ်ဆိုတာ သိထားရပါမယ်။ တစ်မျိုးက extrovert တစ်မျိုးက introvert.
ကိုယ့်typeက Introvert လား extrovert လား သိထားရင် နည်းနည်းသက်သာတယ်။ ဘာလို့လဲဆိုတော့
introvert တွေကို လူတွေက သိပ်နားမလည်ကြဘူး။ သူတို့ အထင်က တစ်မျိုးဖြစ်လေလေ
ကိုယ်ကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိလေလေ ဖြစ်တတ်လို့ပါ။
introvert က လူများများနဲ့ ရောလို့မရဘူး။ စကားများများ မပြောတတ်ဘူး။
လူအများစုဝေးကြပြီဆို သူက ဒေါင့်တစ်ဒေါင့်မှာ ကပ်ပြီး တိတ်တိတ်လေး
ကြည့်နေတတ်တယ်။ သူတစ်ယောက်တည်း အဲလို ကြည့်နေရတာကို ကြိုက်တယ်။ သူ့ကို
လူတွေစကားလာပြောရင် ဘာပြန်ပြောရမှန် ရုတ်တရက် မသိလို့ လူတွေစကားလာများတာကို
စိတ်အနှောင့်အယှက်ဖြစ်တယ်။ ဒါပေမယ့် ခင်တဲ့ မင်တဲ့သူတွေကိုတော့
တစ်ခွန်းခြင်း အေးအေးဆေးဆေး အကြာကြီး ပြောနိုင်တယ်။
သူနဲ့
စကားပြောရမယ့်သူကို ရွေးသလို ပြောမယ့်အကြောင်းအရာကိုလည်း ရွေးတယ်။
စကားစုံအောင် မပြောတတ်ဘူး။ တောင်ရောက် မြောက်ရောက် မပြောတတ်ဘူး။
အာလာပသာလာပလည်း မပြောတတ်ဘူး။
စခြင်းနောက်ခြင်း လုပ်ခဲတယ်။ ရွှတ်နောက်နောက် မနေတတ်ဘူး။ သူများရွှတ်နောက်နောက်လုပ်ရင်လည်း သူနားမလည်နိုင်ဘူး။
လူတွေနဲ့ပတ်သက်ပြီး စိတ်ပင်ပန်းတတ်တယ်။
သိပ္ပံပညာရှင်တွေ တွေးခေါ်ပညာရှင်ကြီးအာကာသယာဉ်မှုးတွေ ဆေးပညာရှင်တွေ
တော်တော်များများက introvert တွေ။ သူတို့ introvert ဖြစ်လို့သာ
တစ်ယောက်တည်း နာရီပေါင်းများစွာ ရက်ပေါင်းများစွာ နေပြီး အလုပ်လုပ်နိုင်တာ။
introvert မဟုတ်ရင် တစ်ယောက်တည်း အချိန်အကြာကြီး မနေနိုင်ဘူး။
extrovert က ကျတော့ အဲသလို မဟုတ်ဘူး။ extrovert က
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံနေရမှ။ သူငယ်ချင်းတွေ အပေါင်းအဖော်တွေနဲ့
တရုံးရုံးလုပ်နေရမှ။ သူ့မှာ သူငယ်ချင်းတွေလည်း အများကြီးရှိတယ်။
သူ့သူငယ်ချင်း အပေါင်းအသင်းနဲ့ တွေ့ရတော့မယ်ဆိုရင်ကို အူတွေမြူးပြီး
ပျော်နေတာ။ လူအသစ်တွေနဲ့ ခင်လွယ်မင်လွယ် ရင်းနှီးလွယ်တယ်။
introvert က သူငယ်ချင်း နည်းနည်းပဲထားတယ်။ ပြီးတော့ သူတို့က လူအသစ်တွေနဲ့
မပေါင်းချင်ဘူး။ လူဟောင်းတွေနဲ့ပဲ ရိုးရိုးပဲ ပေါင်းသင်းဆက်ဆံနေသွားချင်တာ။
extrovert ကို လူတွေက ပိုခင်ကြတယ်။ ဘာလို့လဲဆိုတော့ သူက စကားပြောနေရရင် ကြိုက်တဲ့သူဆိုတော့ လူတွေက သူနဲ့တွေ့ရင် မပျင်းရလို့လေ။
ဘာပြောရပြောရ ပြောနေရရင် ပြီးရော ကြိုက်တယ် ဆိုတဲ့သူဖြစ်နေတော့ သူက
စမယ် နောက်မယ် သူ့အကြောင်းကိုယ့်အကြောင်း ဘာမှအရေးမကြီးတဲ့အကြောင်းလည်း
ပြောတယ် ၊ လူတွေရဲ့ ခင်မင်မှုကိုရတာ ကြိုက်တယ် ဆိုတော့ introvert နဲ့
extrovert ယှဉ်လိုက်ရင် extrovert က လူချစ်လူခင်များပါတယ်။
introvert က အကြောင်းအရာရွေးတယ် ၊ ဒါအပြင် ပြောမယ်ကြံပြီးခါမှ တော်ပါပြီလေ
မပြောလည်း ရတာပဲ ဆိုပြီး သူက ပါးစပ်ပိတ်သွားရော။ အဲဒီတော့ လူတွေ ဟင် သူက
ငါတို့ကို မခင်ဘူး မခင်လို့ ဘာစကားမှ မပြောတာ မခင်လို့ ငါတို့နဲ့
မရောတာလို့ ထင်သွားတတ်တယ်နော်။ အမှန်တော့ သူက မခင်တာ မဟုတ်ဘူး ခင်ပါတယ် ၊
ဒါပေမယ့် introvert ဖြစ်နေတော့ သူက အတွင်းလှည့်ဖြစ်နေတယ်။ သူ့အတွင်းထဲကို
ပြန်ပြန်လှည့်ကြည့်ပြီး သူ့အတွင်းထဲက မပြောပဲနေလို့ရရင် မပြောတော့ဘူး။
ပြောပြီး ပြီးရော ဆိုတဲ့သူလည်း မဟုတ်ဘူး ၊ ပြောပြီး
ပြန်ပြန်စဉ်းစားတယ် ၊ အဲဒါက ဘယ်လို ၊ ဟိုဟာက ဘယ်လို စသဖြင့် ၊ ပြီးတော့ သူက
အဲဒါတွေ အကုန်လုံးကို အစာချေသလို ပြန်ချေတယ်။ ပြန်တွေးပြီး အစာချေသလို
ချေလိုက်ရမှကို သူက နေသာထိုင်သာ ရှိတယ်။
သူမှားသွားရင်
သူ့အမှားသူ တနုံ့နုံ့နဲ့ တွေးမပြီးတော့ဘူး။ လူတွေအတွက် ဘာမှ seroius
ဖြစ်စရာမလိုတာကို သူက ဖြစ်နေတော့ သူ့မှာ မပြီးနိုင်မစီးနိုင်ဖြစ်နေတာကို
လူတွေက စိတ်မရှည်ဘူး။ သူများက ပြီးပြီ ၊ မေ့သွားပြီ ၊ သူက မပြီးသေးဘူး
ပြောနေတုန်း ။ ကြာတော့ သူ့ကို အဲဒါကြီး မေ့လိုက်ပါတော့ကွာလို့
ပြောယူရတဲ့အထိပဲ serious ဖြစ်တတ်တယ်။
ဒီနေရာမှာ extrovert က
အေးဆေးပဲ။ သူမှားသွားလည်း သိပ်စိတ်မပူဘူး။ ဘာလို့လဲဆိုတော့ သူ့ကို လူတွေက
ဒီလောက်ကြီး seroius ဖြစ်နေမှာ မဟုတ်ဘူးလို့ သိထားလို့။ လူတွေကို သူကလည်း
သိပ်serious ဖြစ်မနေဘူး။ အခင်အမင်ပျက်တယ် ဆိုတာ မပျော်တတ်တဲ့သူတွေကြားမှာ
ဖြစ်ကြတာလို့ သူယုံကြည်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခင်ကြတယ်ဆိုရင် စ နောက်
အမှားပါလည်း ခွင့်လွှတ်လိုက် အကြာကြီး သိပ်တွေးမနေနဲ့ ဆိုတဲ့သူမျိုး။
introvert က လူရွေးပေါင်းသလို သူတို့ခင်မိရင်လည်း တစ်သက်တာပဲ။
သူတို့တကယ်ခင်တဲ့သူ သူတို့ကို စိတ်ဆိုးမှာ သိပ်ကြောက်တတ်တယ်။
စိတ်ဆိုးသွားရင်လည်း သူတို့မှာ ဘာလုပ်ရမှန်း မသိအောင်ဖြစ်တတ်ကြတယ်။
ချော့တယ် ဆိုတာ သူတို့သိပ်မလုပ်တတ်ဘူး ။ ဒါပေမယ့် သူတို့
ချစ်တဲ့ခင်တဲ့သူအတွက် အနစ်နာခံရဖို့ ဝန်မလေးတတ်ပါဘူး။ လိုလိုလားလား
အနစ်နာခံတတ်ကြပါတယ်။
ချစ်မိပြီဆို စွဲစွဲမြဲမြဲချစ်တဲ့သူမျိုးပါ။
စိတ်ပျက်လို့ ဟင်ခနဲ ဆိုလည်း လှည့်ကိုမကြည့်တော့ဘူးဆိုတဲ့သူတွေပါ။
သူတို့ကို နားလည်နိုင်တဲ့သူ ရှားလို့ တစ်ကိုယ်တည်း အထီးကျန်နေတတ်ကြတာလည်း
များပါတယ်။
ကိုယ်ဟာ introvert တစ်ယောက်ဖြစ်နေရင်
introvertတွေဟာ လူ့လောကမှာ နေရတာ အခက်တွေ့ရတာ ပိုများတယ် ဆိုတာ
သဘောပေါက်ထားရမယ် အဲဒါ ဘာ့ကြောင့်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။
တကယ်တော့ introvert စစ်စစ် extrovert စစ်စစ် ဆိုတာ ဖြစ်ခဲပါတယ်။ နည်းနည်းရောနေတတ်တာချည်းပါ။
အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် introvert ဘက်များတယ် ဆိုရင်တောင်
extrovert လေးနည်းနည်း ရှိပါသေးတယ်။ လူတွေနဲ့ ရောရောနှောနှော ရီရီမောမောလေး
အချိန်အတိုင်းအတာလေး တစ်ခုထိတော့ နေလို့ရပါတယ် ၊ ပျော်ရမှာပါ။ အကြာကြီးသာ
မရတာ။ ကိုယ့် Type ကိုကိုယ်သိပြီး အကောင်းဆုံးဖြစ်အောင်
လုပ်ယူသွားလို့ရပါတယ်။ တစ်ခါတလေ introvert တစ်ယောက်က လိုအပ်ရင် extrovert
ဖြစ်လို့ရသေးတယ်။ အမြဲတမ်းကြီးတော့ မဖြစ်နိုင်ဘူးပေါ့။ တချို့လည်း
ငယ်တုန်းမှာ extrovert ဖြစ်ပြီး အသက်ကြီးလာတော့ introvert ဘက်ကို
ပြောင်းလဲလာတာမျိုးလည်း ရှိတယ်။
ဘယ်လိုပဲဖြစ်ဖြစ်လေ တစ်ယောက်တည်းလည်း ပျော်မှဖြစ်မယ် ဆိုတာ သတိမမေ့ဖို့ အရေးကြီးပါတယ်။
ကိုယ့်အကြောင်းလေးကိုယ် သိထားပြီး ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ်
လူတွေနဲ့ ခင်ခင်မင် ပြောဆို ဆက်ဆံမိဖို့ အလေ့အကျင့် လုပ်သင့်ပါတယ်။
မကြောက်ပါနဲ့။ နည်းနည်းလည်း စိတ်ပင်ပန်းခံသင့်ပါတယ်။ သိပ်အများကြီးတော့
မခံပါနဲ့။ လူတချို့ဟာ ခင်စရာကောင်းပါတယ်။ သူတို့ကို စိတ်ထဲမှာထားပြီး
လူလူချင်းဆက်ဆံရေးကို မြတ်နိုးပါ။
လူတွေကို ရိုးရိုးသားသား
ခင်မင်မိလို့ ခံရမယ်ဆိုလည်း လူ့လောကမှာ လူတစ်ယောက်အနေနဲ့ ပြည့်ပြည့်ဝဝ
နေသွားလိုက်ရချင်တဲ့သူအတွက် အဲဒီအတွက်ခံလိုက်ရဖို့ ဘာမှ
တွန့်ဆုတ်နေစရာမရှိပါဘူး။ လူတွေကို မရိုးမသားနဲ့ ဟန်လုပ်ပြီး
မဆက်ဆံမိဖို့ပဲ လိုတာပါ။
ဆက်ဆံရေးဟာ အနုပညာတစ်မျို့းပါ။ ပညာတစ်မျိုးပါ။
ဒီဆက်ဆံရေးနဲ့ပဲ ပျော်ရွှင်မှုတွေ ရရတာ စိတ်ချမ်းသာမှုတွေ ရရတာ နွေးထွေးလုံခြုမှုတွေ ရရတာ နော်။
ဒီဆက်ဆံရေးတွေကြောင့်ပဲ မေတ္တာတွေ စေတနာတွေ ဖြစ်ခွင့်ရနေတာနော်။
မွန်မြတ်တဲ့ ကောင်းမွန်တဲ့ လှပတဲ့ ဆက်ဆံရေးဟာ စိတ်ဓာတ်ကို ရင့်ကျတ်စေပါတယ် ... ဂုဏ်သိက္ခာတွေကို ဖြစ်ထွန်းစေပါတယ်။
No comments:
Post a Comment