Saturday, June 28, 2014

ငါအိုသွားသောအခါ

ငါဟာ အရင် ပျိုနုစဉ်က ငါမဟုတ်တော့ဘူး ၊ ငါ့ကိုနားလည်ပေးပါ ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ ၊ အင်္ကျီ ၊ လုံချည် ဖိုသီ ဖတ်သီ ဖြစ်တဲ့အခါ ၊ ငါ့ကိုမရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ ။
ပြောဖူးတဲ့ စကားတွေကို အပ်ကြောင်းထပ်မက ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင် ပေးပါ ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ ၊ ငါးရာ့ငါးဆယ် နိပါတ် တော်တွေ ၊ဇာတ်ကြီးဆယ်ဘွဲ့တွေ ၊ စတဲ့ ပုံပြင်တွေကို ထပ်ခါ ထပ်ခါ မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာ တွေကိုသတိရပေးပါ ။
မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ ၊ အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ ၊ ငယ်ငယ်တုန်းကချော့တစ်လှည့် ၊ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ ။
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်တဲ့ ငါ့ကို မလှောင်ပါနဲ့ ။ ငယ်ငယ်တုန်းက“ ဘာကြောင့် ဆိုတဲ့ ” မေးခွန်းတိုင်းကို အရာရာကို လေ့လာ သင်ယူနေတဲ့ မင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ ။
 စိတ်သွားတိုင်း ကိုယ်မပါ အားအင်ချည့်နဲ့ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ ။
 တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ၀မ်းမနည်းနေပါနဲ့ ၊ နားလည်ပေးပါ ၊ အားပေးပါ ၊ စာနာမှု ကြင်နာမှုတွေ ပေးပါ ။
အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခု ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ ။
ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ ၊ အဲ့ဒီ အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ ။ သားတို့သမီးတို့ရေ……ထာဝရပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်……….။

No comments:

Post a Comment