Saturday, July 12, 2014

Barriers of Access to Healthcare ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အတွက် အတားအဆီးများ



မြန်မာလိုတော့ “ပေးကားပေး၏မရ” ဟု ဆိုရိုးရှိသည်။ ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပေးကားပေး၏မရ ဆိုသော အဖြစ်များ များစွာရှိ၏။ မြန်မာနိုင်ငံတွင် ဆေးစွမ်းလှသည်ဟု နာမည်ကြီးသော ဆရာဝန်ကြီးနှင့် ပြသခွင့်ရမည်။ အကောင်းဆုံးဆိုသော ဆေးရုံတွင် လေအေးပေးစက်ဖွင့်ပေးထားသော အခန်း၌ ကိုယ်ပိုင်သူနာပြုဆရာမတစ်ဦးထားရှိ ကုသပေးမည်။ မည်သည့်ဆေးဆိုင်တွင်မှ ၀ယ်ယူမရနိုင်သည့် နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ဆေးများဖြင့် သုံးစွဲကုသပေးမည်။ တခုသာလိုသည် တစ်ထောင်တန် ငွေစက္ကူများကို ဂုံနီအိတ်နှင့် ထမ်းပြီးသာ ယူလာခဲ့ပါ။

အစိုးရ ဆေးရုံ ဆေးခန်းများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အခြားဝန်ထမ်းများ ခန့်ထားပေးသည်။ လူတွေက ဘာကြောင့်များ မသွားကြတာပါလိမ့်။ စဉ်းစားစရာပင်။

အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ မရှိမဟုတ်။ ရှိသည်။ ရနိုင်သည်။ သို့သော် ..
 

အများစုအတွက် လက်လှမ်းမမီနိုင်။ ဘာတွေကများ တားဆီးထားပါလိမ့်။ ထိုအတားအဆီးများကို လေးမျိုး ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်သည်။
  1. Psychological barrier
  2. Physical barrier
  3. Administrative barrier
  4. Financial barrier
တို့ဖြစ်သည်။ တစ်ခုချင်းရှင်းအံ့။

1. Psychological barrier ( စိတ်တွင်း အတားအဆီး )

လူနာ နှင့် မိသားစု၏ စိတ်တွင်းမှ ဖြစ်နေသော အတားအဆီးဖြစ်သည်။ ဒီရောဂါကတော့ ဆေးမြီးတိုလေးနဲ့ဆို ပျောက်သွားမှာပဲ။ ဆေးရုံ ဆေးခန်းသွားပြလဲ ကောင်းမှာ မဟုတ်ပါဘူးဟု ထင်နေခြင်းမျိုးဖြစ်သည်။ ဆေးရုံ ဆေးခန်းများမှ အရည်အသွေးမီ ကုသမှု မပြုပေးခြင်းကြောင့် တိမ်းပါးသွားသည်များကို တွေ့မြင်ကြားသိရခြင်းကြောင့် ယုံကြည်မှု လျော့နည်းနေခြင်းသည်လည်း ဤခေါင်းစဉ်အောက်တွင် အကျုံးဝင်လေသည်။
2. Physical barrier ( နေရာဒေသ အတားအဆီး )

လူနာ့အိမ်နှင့် ဆေးရုံဆေးခန်း ဝေးနေခြင်းဖြစ်သည်။ ဥပမာ - အနီးဆုံး ဆေးရုံက ခြေလျင် ၂-ရက်လောက် လျောက်ရမည်ဆိုလျင် တော်ရုံတန်ရုံဖြင့်တော့ သွားလိမ့်မည်မဟုတ်။
3. Administrative barrier (အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး)
ဆေးရုံ ဆေးခန်း၏ လုပ်ထုံး လုပ်နည်းများအရ ကြန့်ကြာခြင်း၊ ကုသမှု မပေးနိုင်ခြင်းတို့ဖြစ်သည်။ ဥပမာ - ဆေးကုသခွင့်ရဖို့အတွက် လူမှုဖူလုံရေးကဒ်ရှိရမည်၊ စက်ရုံမှ ဆရာဝန်၏ လွှဲပို့စာ ပါလာရမည် စသည့် အချက်အလက်များ မပြည့်စုံ၍ ဆေးကုသခွင့် မရရှိခြင်း။ အချို့သော အန်ဂျီအို ဆေးခန်းများတွင် ဆေးခန်းဖွင့်ရာ မြို့နယ်တွင် နေထိုင်ကြောင်းအထောက်အထားပါမှ ဆေးကုသပေးမည် ဆိုသည့် အချက်မျိုး ဖြစ်သည်။ အမျိုးသား သဘောတူကြောင်း ထောက်ခံစာပါရမည်၊ သက်ဆိုင်ရာ ရ၀တ ထံမှ ကလေး ၂ယောက်ရှိကြောင်း ထောက်ခံစာပါရမည်၊ သားကြောဖြတ် ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ပါရမည်၊ သို့မှသာ သားကြောဖြတ်ပေးမည် ဆိုသည်မျိုးသည် ဤ Administrative barrier ( အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး ) အမျိုးအစားတွင် အကျုံးဝင်လေသည်။ လူနာမိသားစုက ဒေသခံ ဘာသာစကားသာ ပြောတတ်သည်။ ဆရာဝန်ကလည်း ဗမာလိုသာ ပြောတတ်သည်။ ဘာသာပြန်ကမရှိ။ ဤသည်လည်း အုပ်ချုပ်မှု ဆိုင်ရာ အတားအဆီး တစ်မျိုးပင်။
4. Financial barrier ( ငွေကြေး အတားအဆီး )

ငွေကြေးမတတ်နိုင်ခြင်းပင်။ ဆေးဖိုး၊ ကုသခ၊ ခရီးစရိတ် စသည်များကို မတတ်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိပါဟု ဆိုလာလျင် မည်သည့်အကြောင်းကြောင့် မရရှိသနည်း ဆိုသည်ကို စုံစမ်းဖို့လိုသည်။ လူနာ နှင့် မိသားစုတို့က ဆေးရုံဆေးခန်း ကြောက်တတ်ခြင်းကြောင့် ကုသမှု မခံယူခြင်းကို ဆေးရုံဆေးခန်း အရေအတွက် တိုးဖွင့်ပေးခြင်းဖြင့် ဖြေရှင်းမရနိုင်။ အလားတူပင် ငွေကြေးမတတ်နိုင်၍ လာရောက်ကုသခြင်း မပြုသူများကို ဆေးရုံတွင် ဆေးကုသခြင်းသည် ဆေးမြီးတိုဖြင့် ကုသခြင်းထက်ကောင်းကြောင်း တရားဟောနေ၍ အလကားပင်။ အနာသိမှဆေးရှိနိုင်မည် မဟုတ်ပါလား။

မိမိ၏ ပတ်ဝန်းကျင်တွင် ဆေးကုသမှုမရရှိသော အဖြစ်များ ကြုံလာပါက မည်သည့် အတားအဆီးက ဒုက္ခပေးနေသလဲ ဆိုတာကို အဖြေရှာကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

No comments:

Post a Comment