လူတိုင်းချမ်းသာချင်ကြပါတယ်။
ချမ်းသာဖို့အတွက် ကြိုးစားကြတယ်။ စိတ်ကူးယဉ်ကြတယ်။ ကြံစည်ကြတယ်။ အားထုတ်တယ်။ အောင်မြင်သွားသူတွေကတော့
ချမ်းသာသွားကြတယ်ပေါ့။ မအောင်မြင်သူတွေကတော့ ဒုံရင်းက ဒုံရင်းပဲ။ ချမ်းသာဖို့အတွက်
ဥာဏ် ရှိဖို့ လိုပါတယ်။ ဥာဏ်နဲ့တစ်ပါတည်း ဝီရိယ ကောင်းရပါမယ်။ နောက် ကံမှန်ဖို့လိုပါတယ်။
နောက်ဆုံးတစ်ခု အရေးအကြီးဆုံးဖြစ်တဲ့ စွဲမြဲခြင်းဆိုတဲ့ ဇွဲ ရှိဖို့လိုပါတယ်။ ဒီ ချမ်းသာရေး
ဝိသေသ ၄ချက်ရှိရင် ချမ်းသာပါတယ်။ ဘယ်လိုချမ်းသာအောင်လုပ်မှာလဲ။ နည်းလမ်းက များပါတယ်။
အကောင်းဆုံး ဆိုတဲ့ နည်းလမ်း တစ်မျိုးကို ပေးမှာပါ။ ကြိုပြောထားချင်တာက ဇွဲမရှိတဲ့သူတွေအတွက်တော့
ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ဇွဲရှိတဲ့သူတွေအတွက်သာ ကောင်းမှာပါ။
ချမ်းသာအောင်လုပ်နည်းလေး မပေးခင် ပုံပြင်လေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ကြားဖူးပီးသား ဆင်တူယိုးမှား ပုံပြင်တွေ ရှိမှာပါ။ ဒီပုံပြင်လေးက အခြေခံ လေးပါ။ ကဲ.... မောင်၊ညီမလေးတို့ရေ... ဟိုးရှေးရှေးတုန်းက လောဘကြီးတဲ့ သူဋ္ဌေးကြီးတစ်ဦးရှိတယ်တဲ့။ တစ်နေ့မှာတော့ အဲဒီ သူဋ္ဌေးကြီးဆီကို လူစိမ်းတစ်ယောက်က ရောက်လာပြီးတော့... “သူဋ္ဌေးကြီး ခင်ဗျား... သူဋ္ဌေးကြီးက သိပ်ချမ်းသာတယ်လို့ သိရပါတယ်။ ကျန်တော် သူဋ္ဌေးကြီး နဲ့ အလောင်းအစား တစ်ခု လုပ်ချင်လို့ပါ" လို့ အဲဒီလူစိမ်းက ပြောတာပေါ့။ သူဋ္ဌေးကြီးက "ဘာလောင်းမှာလဲ" လို့မေးလိုက်တော့ လူစိမ်းက "သူဋ္ဌေးကြီးကို ကျန်တော်က တစ်နေ့ကို တစ်သိန်းပေးမယ်။ သူဋ္ဌေးကြီးက ကျန်တော့်ကို ပထမနေ့ တစ်ပြား ပြန်ပေး၊ ဒုတိယနေ့ ၂ပြားပေး၊ တတိယနေ့ ကျတော့ ၄ပြား၊ အဲဒီလိုနဲ့ ၂ ဆတိုးတိုးပြီး ရက်ပေါင်း ၃၀ တိတိ အလဲအထပ်လုပ်မယ်။ ကျန်တော်က နေ့စဉ် တစ်သိန်း တစ်သိန်း နဲ့ ရက်ပေါင်း ၃၀ မပျက်မကွက် ပေးမယ်။ သူဋ္ဌေးကြီး လောင်းရဲပါသလား" လို့ မေးလိုက်သတဲ့။ အဲဒီမှာ သူဋ္ဌေးကြီးက စိတ်တွက် တွက်တော့တာပါပဲ။ "အင်း... သူ့ကို ငါက တစ်ပြား၊ နှစ်ပြား၊ လေးပြား၊ ရှစ်ပြား ဆိုပြီး ပေးရင် အရက် ၂၀ ကြာရင် ၅၂၄၂ ကျပ် ၈၈ ပြား ပေးရမယ်။ နောက် ၂၁ ရက်ကြတော့ ၁၀၄၈၅ ကျပ် ၆၄ ပြားပေးရမယ်။ ဒီလိုနဲ့ ၂၅ ရက်ကြရင် ၁၆၇၇၇၂ ကျပ်နဲ့ ၁၆ ပြား ပေးရမယ်။ အဲဒီအချိန် ဆို ငါက ၂၅ သိန်း ရနေပြီ။ ဒီကောင် ငဆနုံပဲ... အေးလေ... ငါလိုလူမို့လို့လဲ။ ဒီလို အချဉ်မျိုးကို တိုက်တိုက်ဆိုင်ဆိုင်လာတွေ့တာပေါ့။ ငါ့ကံဇာတာတွေ တော်တော်တက်နေပါလား။ " လို့ စဉ်းစားပီး "ကောင်းပြီ.. မောင် အဝှာ... ဒီအတိုင်းတော့ မင်းကို လည်း ငါမသိ.. ငါ့ကိုလည်း မင်းယုံမှာမဟုတ်.. ဒီတော့ တို့ အလောင်းအစားကို စာချုပ်ချုပ်ရအောင်... မင်း ကို ပေးရမှာ တစ်ပြားက စမှာနော်.... တစ်ကျပ်မဟုတ်ဘူးမို့လား..မင်း ငါ့ကို ပေးမှာကလည်း တစ်နေ့ကို တစ်သိန်းကျပ်တိတိနော်” လို့ သေချာအောင်ချုပ်လိုက်သတဲ့။ လူစိမ်းကလည်း "ဟုတ်ပါတယ် သူဋ္ဌေးမင်းခင်ဗျား... ကျန်တော် ပေးမှာ တစ်နေ့ကို ကျပ်တစ်သိန်း ဖြစ်ပြီးတော့ သူဋ္ဌေးကြီး ဆတိုးပေးရမှာက တစ်ပြားက စပေးရမှာပါ။" လို့အတည်ပြုပေးသတဲ့။ အဲဒီနောက် မှာတော့ အလဲအလှယ် လုပ်ကြရာမှာ... ရက်၃၀ မြောက် တစ်နေ့ထဲတင် သူဋ္ဌေးကြီး က လူစိမ်းကို ၅၃၆၈၇၀၉ ကျပ် ၁၂ ပြားပေးလိုက်ရပီးတော့... အားလုံး ပေါင်း ၁၀၇၃၇၄၁၈ ကျပ် ၂၃ ပြား ပေးလိုက်ရပြီး သူကတော့ သိန်း ၃၀ ကျပ်ပဲ ပြန်ရလိုက်ပါတော့တယ်။
ဒီပုံပြင်လေး နဲ့ အလားသဏ္ဍာန် တူတဲ့ ပုံပြင်လေးကတော့ စစ်တုရင် ကို တီထွင်တဲ့ ပညာရှိကို ဘုရင် က လိုရာဆုတောင်းဆိုတော့ ပညာရှိက စစ်တုရင် အကွက်တွေအတိုင်း ဆန်စေ့ တစ်စေ့က စလို့ စစ်တုရင် ကွက် ၆၄ ကွက် ပြည့်အောင် ပေးပါလို့တောင်း တော့ နောက်ဆုံး အကွက်မှာ ရှိတဲ့ ဆန်စေ့ ကတင် ၉ ကီလိုမီတာ အနံ ၉ ကီလိုမီတာ အလျား နဲ့ ၉ ကီလိုမီတာ ထုရှိတဲ့ ဆန်ပုံ ကြီး တစ်ပုံစာ လောက် ရှိနေပါသတဲ့။
ဒီပုံပြင်လေးတွေကနေ သူဋ္ဌေးဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းလေးတစ်ခုရလိုက်ပါတယ်။
အဲဒါကတော့ အရင်းအနှီးတစ်ခု (ဆိုကြပါစို့ တစ်ကျပ်) နဲ့ စပီး တစ်နှစ်ကို ၂ ဆ ပွားအောင် လုပ်နိုင်ရင် နှစ် ၃၀ ကြာတဲ့ အချိန်မှာ သိန်းပေါင်း ၁၀၀၀ ကျော် လက်ဝယ် ရှိနေပါလိမ့်မယ်။ အတိအကျပြောရရင် ၁၀၇၃၇၄၁၈၂၃ ကျပ် တိတိကို နှစ်၃၀ ကြာရင် ရမှာပါ။ တစ်ကယ်လို့များ ၅၀၀ ကျပ်နဲ့ စပီး တစ်နှစ်ကို ၂ ဆပွားအောင် သာလုပ်နိုင်ရင် နှစ်၃၀ ကြာရင် ငွေကျပ်ပေါင်း ကုဋေ ၅၀၀၀၀ ကျော် ချမ်းသာ နေမှာပါ။ အဲဒီလောက်ချမ်းသာဖို့ ဆိုတာ ဖြစ်ချင်မှ ဖြစ်လာနိုင်မှာပါ။ လက်တွေ့လည်း သိပ်မကျသလိုပါပဲ။ စိတ်ကူးယဉ်သက်သက်လို့ ထင်စရာရှိပါတယ်။ ဒီနေ့ခေတ်ရဲ့ အောင်မြင်မှု တော်တော်များများ ဟာ စိတ်ကူးယဉ်တာကနေ စခဲ့တယ်ဆိုတာ အားလုံးသိကြပါတယ်။ အဲဒီ စိတ်ကူးတွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်တဲ့ နည်းကို တောင် သိပ္ပံနည်းကျ ဆိုပြီး နံမည်တပ်လိုက်ပါသေးတယ်နော။ အဲဒီတော့သိပ္ပံနည်းကျချမ်းသာအောင် ဘယ်လိုလုပ်မလဲ။ နည်းလမ်းတွေက ဘာတွေရှိသလဲ။ အရင်ကရော ဘယ်လောက် ထိအောင်မြင်ဘူးသလဲ။ အရင်းအနှီးတစ်ခုကို တစ်နှစ်ကို ၂ ဆပွားလာအောင် ဘယ်လိုလုပ်မလဲ။ လုပ်နိုင်ရင် သေချာတာကတော့ ချမ်းသာလာမှာ ကျိန်းသေပါတယ်။
ကဲ... လိုက်နာစရာစည်းကမ်းလေးတွေ ဥပဒေသလေးတွေတော့ အနည်းအကျဉ်းရှိတယ်။ ဘာမှ ခက်ခဲတာ မပါပါဘူး။ အစကပြောခဲ့သလိုပဲ။ အခြေခံက ဇွဲ ရှိဖို့လိုတယ်။
ဥပဒေသ
သူဋ္ဌေးကြီးဖြစ်ဖို့ ဥပဒေသကတော့ တစ်ခုပဲ ရှိပါတယ်။ သတ်မှတ်ထားတဲ့ အချိန် အတိုင်းအတာ တစ်ခု ပြည့်ချိန်မှာ စတင်ရင်းနှီးလိုက်တဲ့ ပမာဏရဲ့ ၂ ဆ ဖြစ်နေအောင် ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။
အဲဒီလိုဖြစ်ဖို့ လိုက်နာစရာ စည်းကမ်းလေးတွေကတော့....
စည်းကမ်းချက် (၁)
သူဋ္ဌေးဖြစ်ဖို့အတွက် လုံလောက်တဲ့ အချိန်တစ်ခု သတ်မှတ်ပါ။
စည်းကမ်းချက် (၂)
ရင်းနှီးမြှုပ်နှံငွေ ၂ ဆတိုးဖို့ ကြိုးပမ်းရန် ကြာချိန် ကို သတ်မှတ်ပါ။
စည်းကမ်းချက် (၃)
စတင် ရင်းနှီးရမဲ့ ပမာဏကို အဆုံးရှုံးခံနိုင်တဲ့ ပမာဏနဲ့ စပါ။
စည်းကမ်းချက် (၄)
ရင်းနှီးမြုပ်နှံငွေကို အဆင့်အတန်းတစ်ခုသို့ မရောက်မခြင်း သုံးစွဲခြင်းမပြုရ။
စည်းကမ်းချက် (၅)
ရင်းနှီး မြှုပ်နှံငွေကို သတ်မှတ်သော အချိန်အတွင်း ၂ ဆ တိုးအောင် အားထုတ်ရမည်။
စည်းကမ်းချက် (၆)
အဆင့်အတန်းတစ်ခုသို့မရောက်မခြင်း လက်ရှိထမင်းကျွေးသော အလုပ်ကို မစွန့်လွှတ်သင့်။ မထိခိုက်သင့်။
စည်းကမ်းချက် (၇)
အမြတ်အစွန်းသေချာသော အလုပ်ကို တွေးတောကြံဆပြီး ၂ ဆတိုးအောင် ဆောင်ရွက်ပါ။
ဒီစည်းကမ်းလေးတွေ ကို လိုက်နာပြီး၊ အကြံဥာဏ်ကောင်းကောင်းနဲ့ ကြိုးစားမယ်။ ဝီရိယ စိုက်ထုတ်ပီး အလုပ်မှန်ကန်မယ်။ ဇွဲကောင်းမယ်ဆိုရင် သတ်မှတ်ထားတဲ့ အချိန်မှာ ချမ်းသာလာမှာပါ။ ဥပမာလေးပေးပါရစေ။ မိတ်ဆွေက စတင်အရင်းအနှီး ကို ၅၀၀ ကျပ်သတ်မှတ်ထားပြီး ကို တစ်နှစ်ကြာရင် ၂ဆ တိုးအောင် လုပ်မယ်။ အနှစ်၃၀ကြာရင် သူဋ္ဌေးဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်ဆိုပါစို့။ လက်ရှိမိတ်ဆွေက ရုံးတစ်ရုံးမှာ ဝန်ထမ်း လုပ်နေတယ်ဆိုပါစို့။ စည်းကမ်းချက်တွေအတိုင်းဆိုရင် ဒီငွေ ၅၀၀ လေးကို ဘယ်လိုများ ၁ နှစ်ကြာရင် ၂ ဆ တိုးအောင်လုပ်ရပါ့မလဲ။ ဘယ်အချိန်လောက်ကြမှ ဒီကအကျိုးအမြတ်ကို သုံးနိုင်မှာလဲ။ ဘယ်အချိန်လောက်မှ ရုံးအလုပ်က ထွက်နိုင်မှာလဲ။ ဘယ်လိုအလုပ်တွေကကော အမြတ်အစွန်းသေချာမှာလဲ။ မေးခွန်းတွေ ရင်ထဲ ပြည့်နေလောက်ပါပီနော...

No comments:
Post a Comment