(၁)
ကျွန်တော်ရဲ့
လူလားမြောက်တဲ့အရွယ် ဘယ်တုန်းကစခဲ့သလဲ?
အမေနဲ့ကျွန်တော့်ကို
ဦးခင်ဇော်ထားခဲ့တဲ့နေ့က စခဲ့တယ်ထင်ပါတယ်။ ဦးခင်ဇော်က ကျွန်တော်ရဲ့အဖေပါ။
မှတ်မိစအရွယ်တည်းက သူ့ကို "အဖေ"လို့ ကျွန်တော်မခေါ်ခဲ့ဖူးဘူး။
ဦးခင်ဇော်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ခံစားချက်ကို စကားလုံးတစ်လုံးတည်းနဲ့
ဖော်ညွှန်းလို့ရတယ်။ အဲဒီစကားလုံးက ကျွန်တော့်ရိုးတွင်းချဉ်ဆီထဲ၊ အသွေးသားထဲ
စိမ့်ဝင်နေတဲ့ စကားလုံးဖြစ်တယ်။---- "မုန်းတယ်"
ကျွန်တော်
မူလတန်းစတက်တဲ့နှစ်မှာ သူ့ရဲ့ရည်းစားဦးနဲ့ ဦးခင်ဇော်ပြန်ဆုံတယ်။ အဲဒီအချိန်ကစ
ဦးခင်ဇော်ဟာ ကျွန်တော်တို့အိမ်မှာ ညမကူးခဲ့တော့ဘူး။
ချမ်းအေးတဲ့ညတစ်ညမှာ
တံခါးခေါက်သံကြောင့် အိပ်ပျော်ရာကနေ ကျွန်တော်နိုးလာခဲ့တယ်။ ဧည့်ခန်းထဲမှာ
တစ်ယောက်ယောက်နဲ့ အမေစကားပြောနေတဲ့အသံကို ကျွန်တော်ကြားလိုက်မိတယ်။
လန့်နိုးသွားတဲ့ကျွန်တော် ကုတင်ပေါ်ကဆင်းပြီး တံခါးကြားကနေ
အပြင်ကိုချောင်းကြည့်တော့ ဦးခင်ဇော်ကိုတွေ့တယ်။
"တောင်းပန်ပါတယ်"
ဦးခင်ဇော်ပြောတဲ့စကားကို
အကြာကြီးနေပြီးမှ အမေက "ကွာရှင်းဖို့ကိစ္စ ရှင်မပြောခဲ့တာ
နှစ်တော်တော်ကြာနေပြီပဲ။ ဘာဖြစ်လို့ ခုတော့ရုတ်တရက်ကြီး ပြန်ပြောရတာလဲ! ကျွန်မကို
ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်မဆုံးဖြတ်ပေးပါ့မယ်"
အမေ့စကားကြောင့်
ဦးခင်ဇော် တစ်လှည့်နှုတ်ဆိတ်သွားတယ်။ ပြီးမှ လုံးထွေးစုပုံထားတဲ့ လေတွေကို
ပါးစပ်ထဲကနေ ရှည်ရှည်လျားလျား မှုတ်ထုတ်ရင်း "သူ့မှာကိုယ်ဝန်ရှိနေပြီ။ သူအသက်
(၄ဝ)နီးနေပြီ။ ဒါဟာ သူ့အတွက် နောက်ဆုံးအခွင့်အရေးပဲ"
တစ်ပတ်ကြာပြီးနောက်
ညထမင်းစားဝိုင်းမှာ အမေက ဘာမှမဖြစ်သလိုနဲ့ ကျွန်တော့်ကိုပြောတယ်။
"သားအဖေနဲ့
အမေကွာရှင်းလိုက်ပြီ။ ဒီလိုလည်း ကောင်းပါတယ်။ ဒီနေ့ကစပြီး သားလူကြီးဖြစ်သွားပြီ။
ဒီအိမ်က တစ်ဦးတည်းသော ယောက်ျားသားဖြစ်သွားပြီနော်"
အမေမျှော်လင့်ထားသလို
သန်မာကြံ့ခိုင်ပြီး ရင့်ကျက်တဲ့ပုံစံမျိုး ကျွန်တော့်မှာ မရှိခဲ့ဘူး။ ဒါပေမယ့်
လူအများသတ်မှတ်ထားတဲ့ လိမ္မာတဲ့ကလေးတစ်ယောက်ကနေ လူဆိုးတစ်ယောက်အဖြစ်
ကျွန်တော်ပြောင်းသွားခဲ့တယ်။ ကျောင်းသွားဖို့ ငြီးငွေ့ခဲ့သလို အိမ်ကိုလည်း
ကျွန်တော်မပြန်ချင်ခဲ့ဘူး။ တွေးတောဖို့ကိုတောင် ကျွန်တော်ပျင်းသွားခဲ့တယ်။
ကျွန်တော်လုပ်တဲ့ တစ်ခုတည်းသောအလုပ်က ကွန်ပြူတာဂိမ်း ကစားတာပဲဖြစ်တယ်။ အဲဒီနှစ်က
ကျွန်တော်အသက် (၁၅)နှစ်၊ အထက်တန်း စတက်တဲ့နှစ်....
အရင်က
အမေ့အကြည့်ထဲမှာ ကျွန်တော်ဟာ လိမ္မာယဉ်ကျေးတဲ့သား၊ အိမ်အလုပ်ကူလုပ်တဲ့သား၊ ပညာလိုလားတဲ့သား၊
သူ့မျှော်လင့်ချက်၊ ရပ်တည်ချက်တွေ အလုံးစုံမှီခိုနိုင်မယ့်သားလို့ ထင်ခဲ့တယ်။
အခုတော့ .. ?
"သား...
ဘယ်လိုဖြစ်သွားရတာလဲ?" အမေက မျက်ရည်ရွှဲလဲနဲ့ ကျွန်တော့်ကိုမေးတယ်။
"ဘာမှမဖြစ်ဘူး
အမေ... သား လူလားမြောက်ခဲ့လို့ ဖြစ်မယ်"
(၂)
ကျွန်တော့်အကြောင်းကို
ဦးခင်ဇော်လည်းကြားတယ်။ "အဲဒီလူ" ကို ကျွန်တော်လုံးဝ မမြင်ချင်ဘူးလို့
အမေကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားလို့ လစဉ်လတိုင်း
အိမ်တိုင်ရာရောက်ပို့ပေးတတ်တဲ့ ကျွန်တော်အတွက် ထောက်ပံ့ကြေးတွေကို ဘဏ်ကနေပဲ
ဦးခင်ဇော်လွှဲပေးတော့တယ်။
ဒါပေမယ့်
ကျောင်းဆင်းတိုင်း ကျောင်းတံခါးဝမှာ ကျွန်တော့်ကိုလာရှာတတ်တဲ့
ဦးခင်ဇော်ကိုတွေ့ရင် မျက်နှာထားတင်းပြီး ကျွန်တော် မမြင်ချင်ဟန်ဆောင်လုပ်ပစ်တယ်။
ဦးခင်ဇော်က ကျွန်တော့်ကို အမြဲလာရှာပေမယ့် စကားတစ်ခွန်းမှတော့ လာမပြောဘူး။
အစပထမတော့ ဦးခင်ဇော်က မိဘလူကြီးတစ်ယောက်အနေနဲ့ ကျွန်တော်ကို သွန်သင်ဆုံးမတယ်၊
နောက်ပိုင်း ကိုယ်လုပ်ခဲ့တဲ့အပြစ်အတွက် နေမထိထိုင်မသာဖြစ်တယ်၊ နောက်ဆုံး
ရင်ထဲချုပ်တည်းထားရတဲ့ စိတ်အားငယ်မှုတွေဖြစ်ခဲ့တယ်။
အဲဒီအားငယ်မှုတွေ
ပေါက်ကွဲတဲ့နေ့တစ်နေ့ ကျွန်တော်တို့ကြုံခဲ့တယ်။ အဲဒီနေ့က အောင်စာရင်း
ထွက်တဲ့နေ့ဖြစ်တယ်။ ကျွန်တော်စာမေးပွဲကျကြောင်း အမေကို ကျောင်းက
အကြောင်းကြားစာပို့ခဲ့တယ်။ တစ်နေ့ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်သိပြီးသားမို့
ကြိုတင်ပြင်ဆင်ထားပါတယ်။ အမေပြန်လာရင် အဆင်သင့်ဆူနိုင်အောင် ဧည့်ခန်းထဲမှာ
ကျွန်တော်ထိုင်စောင့်နေခဲ့တယ်။ အမေပြန်ရောက်တော့ ငိုငိုယိုယိုနဲ့
ကျွန်တော့်ကိုဆူတယ်။ ရိုက်လည်းရိုက်တယ်။ အဲဒီအချိန်မှာ ဦးခင်ဇော်ရောက်လာခဲ့တယ်။
"တောင်းပန်ပါတယ်"
ဝင်ဝင်လာချင်း
ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ စကားတစ်ခွန်းကို ဦးခင်ဇော်ကပြောတယ်။
"ကျောင်းဆရာရဲ့သား
စာမေးပွဲကျလို့ အရှက်ရသွားတာပေါ့ ဟုတ်လား!"
ဦးခင်ဇော်ရဲ့ခံစားချက်ကို
ကျွန်တော်လှောင်လိုက်တယ်။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး မျက်နှာကြောတွေ
တင်းမာလာတဲ့ ဦးခင်ဇော်ကို ကျွန်တော်ကြောက်မနေခဲ့ဘူး။ ကျွန်တော်က
နည်းနည်းပိန်တယ်ဆိုပေမယ့် အရပ်ကတော့ သူ့အရပ်နဲ့မတိမ်းမယိမ်းပဲ။ ဒါပေမယ့်
ကျွန်တော့်အားက သူ့ကိုရှုံးမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
ဦးခင်ဇော်ရဲ့လက်တွေ တဖြေးဖြေး ဖြေလျော့လာတယ်။ ကျွန်တော့်ကို
တစ်ချက်စိုက်ကြည့်ပြီး နေရာကနေချာခနဲ သူလှည့်ထွက်သွားခဲ့တယ်။ တံခါးဝနားရောက်တော့
နောက်လှည့်ပြီး....
"မင်းအကြည့်မှာ
ငါဟာ ဘာပဲဖြစ်နေဖြစ်နေ ငါဂရုမစိုက်ဘူး။ ဒီလောကကြီးမှာ မိန်းမနှစ်ယောက်ကတော့
ငါ့ကိုချစ်နေတုန်းပဲ။ ငါ့ကိုသူတို့ချစ်တာ ငါတော်လို့။ ငါအသုံးမကျတာက
သူတို့နှစ်ယောက်ချစ်ခင်အောင် ငါမလုပ်နိုင်ခဲ့တာပဲရှိတယ်။ ဒါပေမယ့်
မင်းကိုယ်မင်းကြည့်စမ်း။ ငါ့တစ်ဝက်တောင် မရှိဘူး။ ငါတက်ခဲ့တဲ့ တက္ကသိုလ်ကို
မင်းရအောင်တက်နိုင်လား? မိန်းမတွေ မင်းကိုချစ်နိုင်လား? အခုအချိန်မှာ မင်းက
ငါ့ကိုအဖေလို့ မသတ်မှတ်ချင်ဘူး။ ငါက ပိုပြီးတောင် မင်းကို သားလို့မသတ်မှတ်ချင်ဘူး
သိလား!"
တံခါးကို
ဝုန်းကနဲဆွဲပိတ်ပြီး ဦးခင်ဇော်ထွက်သွားခဲ့တယ်။ အဲဒီနေ့ကစ
ကျွန်တော်ရဲ့ရူးရူးသွပ်သွပ် လူလားမြောက်ခြင်းက ဘုမသိဘမသိနဲ့ အချိန်စောပြီး ပြီးဆုံးသွားခဲ့တယ်။
(၂)နှစ်နေပြီးနောက်
သတ်မှတ်ထားတဲ့အမှတ်ထက် အမှတ်(၂ဝ)ကျော်ပိုပြီး ဦးခင်ဇော်တက်ခဲ့တဲ့ တက္ကသိုလ်ကို
ကျွန်တော်ရောက်ခဲ့တယ်။ ကျောင်းအပ်တဲ့နေ့မှာ ဦးခင်ဇော်ရောက်လာပြန်တယ်။ သူမပြောခင်
ကျွန်တော်အရင်ဆုံး စကားစတယ်။ အဲဒီစကားအတွက် ကျွန်တော်ရက်အတော်ကြာလေ့ကျင့်ခဲ့တယ်။
"ဘဝင်မမြင့်နဲ့။
ခင်ဗျားပြောခဲ့တဲ့စကားကြောင့် ကျွန်တော်ကြိုးစားပြီး ဒီတက္ကသိုလ်ကို
ရောက်ခဲ့တယ်လို့ မထင်နဲ့။ ကျွန်တော် တက္ကသိုလ်ရောက်တာ ကျွန်တော်ကြီးပြင်းချင်လို့၊
ခင်ဗျားနဲ့ လုံးဝမပတ်သက်ချင်လို့၊ ကျွန်တော် (၁၈)နှစ်ပြည့်ပြီ။ မနက်ဖြန်ကစ ခင်ဗျားရဲ့အထောက်အပံ့
တစ်ပြားတစ်ချပ်မှ အမေနဲ့ကျွန်တော် မလိုတော့ဘူး။ ကျွန်တော်ကျောင်းလခနဲ့
ကျွန်တော်အသုံးစရိတ်ကို ကျွန်တော်ကိုယ်တိုင်ရှာမယ်။ နောက်ဘယ်တော့မှ
ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့တော့"
မျက်စိကို
ဖွင့်ချည်မှိတ်ချည်နဲ့ ဦးခင်ဇော်နာကျင်နေခဲ့တယ်။ ငွေစုစာအုပ်တစ်အုပ်ထားခဲ့ပြီး
ဦးခင်ဇော်ထွက်သွားခဲ့တယ်။ သူ့နောက်ကျောပုံရိပ်က ချိနဲ့လို့၊ ခြေလှမ်းတွေက
ယိမ်းယိုင်လို့... ငွေစုစာအုပ်ကို ကျွန်တော်ဆွဲဖြဲပစ်လိုက်တယ်။
ကျောင်းတက်ရင်း
ချေးငွေ(Student Loans)ရအောင် ကျွန်တော်လျှောက်လွှာတင်ခဲ့တယ်။ ပညာသင်ဆုရအောင်
ကျွန်တော်ကြိုးစားခဲ့တယ်။ ကျောင်းအားရက်မှာ အလုပ်နှစ်ခုလုပ်ခဲ့တယ်။ ကျွန်တော်ရဲ့
လက်ရှိအခြေအနေကို "အသည်းအသန်" ဆိုတဲ့စကားလုံးနဲ့ တင်စားရလိမ့်မယ်။
ပင်ပန်းပေမယ့် ကျွန်တော်နောင်တမရခဲ့ဘူး။
ဒါပေမယ့်
ကျွန်တော့်ခန္ဓာကိုယ်တွေ တစ်နေ့နဲ့တစ်နေ့ မတူခဲ့တော့ဘူး။ ကြီးကြီးမားမား ရောဂါရှိတယ်လို့
ပြောမရပေမယ့် ဆီးအောင့်ပြီး မကြာခဏဆီးသွားတတ်တယ်။ အပေါ့သွားချင်ပေမယ့်
အိမ်သာရောက်ရင် ဆီးမရှိဖြစ်တတ်တယ်။ ခန္ဓာကိုယ်နွမ်းလျတယ်လို့ မကြာခဏခံစားရတယ်။
အဆိုးဆုံးက ဒူးတွေအားပျော့ပြီး ထိုင်မရ ထမရဖြစ်တတ်တယ်။ အရင်တုန်းက ဦးခင်ဇော်ရဲ့
ဒူးနဲ့လက်တွေတုန်ပြီး မထိန်းချုပ်နိုင်သလိုပေါ့။
အမေက
ကျွန်တော့်ကိုဆေးရုံခေါ်ပြီး စစ်ဆေးခိုင်းတယ်။ ကျောက်ကပ်အထူးကုမှာ
ကျွန်တော့်အသက်အရွယ်လို ငယ်ရွယ်တဲ့လူမရှိဘူး။ ကျွန်တော်ရှက်လို့ စစ်ဆေးပြီး
ဆေးရုံရှေ့ပန်းခြံမှာ အမေကိုထိုင်စောင့်နေလိုက်တယ်။ စစ်ဆေးထားတဲ့
အဖြေလွှာကိုကိုင်ပြီး မျက်နှာပေါ်က စိုးရိမ်စိတ်ကို ဖုံးဖိမထားနိုင်တဲ့
အမေ့ကိုကြည့်ပြီး ကျွန်တော့်စိတ်လည်း လှုပ်ရှားလာမိတယ်။
"တော်သေးတယ်။
ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်တာမျိုးတော့မဟုတ်ဘူး။ ဖိစီးမှုကြောင့်
စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဖြစ်တယ်လို့ ဆရာဝန်ကပြောတယ်။ ဒါပေမယ့် စိတ်ချွတ်ယွင်းမှုက
ပိုဆိုးတယ်၊ ကုရခက်တယ်လို့ သားဖေဖေကပြောတယ်"
"သားနေမကောင်းတာကို
ဘာဖြစ်လို့ အဲဒီလူကြီးကို ပြောပြရတာလဲ?"
ကျွန်တော်ဒေါသတကြီးအော်တော့
အမေ့ပါးစပ် တစ်ခုခုပြောဖို့ တစ်ဆတ်ဆတ်တုန်သွားတယ်။ ဒါပေမယ့် စကားတစ်ခွန်းမှ
ထွက်မလာခဲ့ဘူး။
နောက်တော့
အမေ့စေတနာကို ကျွန်တော်နားလည်ခဲ့တယ်။ စိတ်ရောဂါဆရာဝန်ရဲ့ ကုသခက တစ်နာရီကို (၂ဝဝ)
လို့ဆိုပါတယ်။ ကျွန်တော့်ကိုကုတဲ့ ဆရာဝန်က သဘောကောင်းတယ်။ ကျွန်တော်ရဲ့ ရောဂါကို
"စိုးရိမ်ကြောင့်ကြတဲ့ရောဂါ" လို့ဆိုတယ်။ စိုးရိမ်ကြောင့်ကြစိတ်များလို့
ဆီးပူဆီးနာဖြစ်ပြီး အင်အားတွေ ယုတ်လျော့ကုန်တယ်လို့ဆိုတယ်။ ရောဂါအစက
ကျွန်တော်နဲ့အဖေရဲ့ ဆက်ဆံရေးနဲ့ဆိုင်တယ်လို့ ဆရာဝန်ကပြောတယ်။
ကိုယ့်ကိုယ်အပြစ်ရှိတယ်လို့ မြင်ပြီး စိုးရိမ်မှုတွေများနေလို့ လို့ဆိုတယ်။
ကျွန်တော်ရဲ့
အမြင်အာရုံမှာ ဦးခင်ဇော်ရဲ့ နောက်ကျောပုံရိပ်ကို မြင်ယောင်လာမိတယ်။
(၃)
တကယ်လို့
အဲဒီစိတ်ရောဂါဆရာဝန်ရဲ့ ပြောချက်အရဆိုရင် ကျွန်တော့်ခန္ဓာမကျန်းမာတာက
ကျွန်တော့်စိုးရိမ်စိတ်ကြောင့်၊ ကျွန်တော့်စိုးရိမ်စိတ်က
ဦးခင်ဇော်အပေါ်ပြုမူခဲ့တဲ့ ကိုယ့်အပြုအမူအတွက် ကျွန်တော့်မသိစိတ်က
အပြစ်တစ်ခုလိုမြင်နေခဲ့လို့ဖြစ်တယ်။ ဒါကိုဖျောက်နိုင်မှ စိုးရိမ်ကြောင့်ကျစိတ်က ပျောက်သွားနိုင်မယ်၊
ခန္ဓာကိုယ်ကျန်းမာလာနိုင်မယ်လို့ ဆရာဝန်ကပြောပါတယ်။
ဒါပေမယ့်
ထင်မှတ်မထားတဲ့အဖြစ်တစ်ခုက ကျွန်တော့်ရဲ့စိတ်ကို ဖျောက်ဖျက်ပေးဖို့
အခွင့်အရေးပေးခဲ့တယ်။ ဦးခင်ဇော် ဖျားပါပြီ။ ဖျားတာမှ ရိုးရိုးဖျားတာမဟုတ်ဘဲ
ဆီးချုပ်ရောဂါ(Uremia)လို့ဆိုတယ်။ ဒါကိုကုသဖို့အတွက် နည်းတစ်နည်းပဲရှိခဲ့တယ်။
ကျောက်ကပ်အစားထိုးရမယ်တဲ့.....
ဘယ်သူက
သူ့ကိုကျောက်ကပ်လှူမှာလဲ? သူက ထီးထီးနေခဲ့သူ၊ သူရဲ့ရည်းစားဦး.. မဟုတ်သေးဘူး..
အခုသူရဲ့လက်ရှိ ဇနီးမယားလို့ပြောရင် ပိုမှန်မယ်။ သူ့ဇနီးက လှူဖို့စိတ်ရှိပေမယ့်
အမျိုးအစားမတူလို့ လှူမရဖြစ်နေခဲ့တယ်။
ဒီသတင်းကို
အမေက ကျွန်တော့်ကိုပြောပြတယ်။ အမေကို ကျွန်တော်စိုက်ကြည့်ပြီး
"အမေ...
သူ့အတွက် ကျောက်ကပ်လှူဖို့ အမေစိတ်ကူးနေတာလား" လို့မေးတယ်။ အမေဘာမှ မပြောဘူး။
ကျွန်တော်ကိုပဲကြည့်နေတယ်။ အမေရဲ့အကြည့်က နက်နဲလွန်းတယ်။
ကျွန်တော်ခန့်မှန်းမတတ်ခဲ့ဘူး။
"အမေ..
သွားမလှူနဲ့နော်။ အမေသူ့ကို မုန်းသင့်တယ်။ လှူမယ့်လှူ ကျွန်တော်ပဲ
သွားလှူသင့်တယ်"
ရင်ထဲမှာ
စူးစူးနစ်နစ်၊ နာနာကျင်ကျင်နဲ့ ကျွန်တော်ပြောမိတယ်။ အမေ့မျက်လုံးထဲ
အံ့သြဝမ်းသာတဲ့အရိပ် လက်ခနဲထတောက်သွားပြီး "တကယ်လား? သား သွားမှာလား?"
လို့မေးတယ်။
ဟုတ်ပါတယ်။
အံ့သြဝမ်းသာမှုတစ်ခုပါပဲ။ ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနေမိတယ်။ အမေဟာအခုချိန်ထိ
သူ့အပေါ်သစ္စာမဲ့ခဲ့တဲ့ ယောက်ျားကို ချစ်နေတုန်းပဲ။ သူနဲ့အတူနေတဲ့ သားထက်တောင်
အချစ်ပိုခဲ့သေးတယ်။
မခွဲစိတ်ခင်
ဦးခင်ဇော်တစ်ယောက် တခြားကုတင်ပေါ်မှာ ကျွန်တော်နဲ့ယှဉ်ပြီး လဲလျောင်းနေတယ်။
"သား..."
အသံတိုးတိုးလေးနဲ့ ကျွန်တော့်ကို လှမ်းအော်တဲ့သူ့အသံက ဆို့ဆို့နင့်နင့်....
ကျွန်တော့်နှလုံးသားတွေ
နာကျင်လိုက်တာ.. မျက်စိတွေလည်း ယောင်အန်းလို့... ဒါပေမယ့် ကျွန်တော်ကြိတ်မှိတ်ပြီး
တစ်ဖက်လှည့်လိုက်တယ်။ သူ့ကို လုံးဝမကြည့်ခဲ့ဘူး။
ဒါဟာ
အကြွေးဆပ်နေတာလို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးတယ်။ ကျွန်တော့်ကို
အသွေးအသားတွေ ပေးခဲ့တဲ့ ဒီလူကြီးအတွက် ကျွန်တော့်အသွေးအသားကို
ပြန်ပေးဆပ်နေတယ်လို့ပဲ ထင်လိုက်တယ်။ ပေးပြီးရင် ကျွန်တော်လွတ်လပ်ပြီ၊
စိတ်ဖြေလျော့နိုင်ပြီလို့ ထင်ခဲ့တယ်။
စိတ်ရောဂါဆရာဝန်ရဲ့
သုံးသပ်ချက်တွေ မှန်ကန်ခဲ့တယ်။ ခွဲစိတ်ပြီးနောက် ကျောက်ကပ်တစ်ခြမ်း
လျော့သွားတယ်ဆိုပေမယ့် ကျွန်တော့်စိတ်တွေ နေလို့ထိုင်လို့ကောင်းခဲ့တယ်။
အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ်ထင်ထားတဲ့အရာတွေ တဖြည်းဖြည်း ပျောက်ကွယ်ကုန်တယ်။
ဒါကလည်း ကျောင်းဆောင်မနေဘဲ အိမ်မှာအမေနဲ့ အတူနေတာနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။
နောက်ပြီး ဆရာဝန်ပေးတဲ့ဆေးတွေ ကျွန်တော်မှန်မှန်သောက်ခဲ့လို့ဖြစ်မယ်။
×××××××××××××
××××××××××××××××
ဘွဲ့ရပြီးနောက်
ကုမ္ပဏီတစ်ခုမှာ ကျွန်တော်လျောလျောရှူရှူ အလုပ်ရခဲ့တယ်။ အလုပ်စတက်တဲ့နေ့က
ဝန်ထမ်းအသစ်တွေ ဆေးစစ်ရတယ်။ စစ်ဆေးခန်းမှာ ဆရာဝန်က "ခင်ဗျား ကျောက်ကပ်ပြောင်းရွှေ့ခွဲစိတ်ဖူးတာလား?"
လို့ ကျွန်တော့်ကိုမေးတယ်။
ဆရာဝန်အမေးကို
ကျွန်တော် "အင်း" တစ်လုံးနဲ့ ပြန်ဖြေလိုက်တယ်။
"ခင်ဗျား
ကျန်းမာတာမြန်သားပဲ။ Anti-rejectionဆေးတွေလည်း သိပ်သောက်စရာ မလိုတော့ဘူး။
ခင်ဗျားကိုယ်ပေါ် ပြောင်းရွှေ့လာတဲ့ ကျောက်ကပ်တစ်ခြမ်းက လုပ်ဆောင်မှုအရမ်းကောင်းတယ်။
ကြည့်ရတာ သွေးတော်သားစပ်သူရဲ့ကျောက်ကပ်ဖြစ်ရမယ်"
ဆေးရုံကနေ
ကျွန်တော်ဘယ်လိုထွက်လာခဲ့မှန်း ကျွန်တော်မမှတ်မိတော့ဘူး။
အိမ်ရောက်တာနဲ့
ကုတင်ခေါင်းရင်းမှာ အမေဝှက်ထားတဲ့ သားရေသေတ္တာကို ကျွန်တော်ဖွင့်ကြည့်မိတယ်။
သေတ္တာထဲမှာ ခွါထားတဲ့ ဆေးတံဆိပ်တွေ၊ ဆေးအညွန်းတွေ အများကြီး.. တကယ်တော့ အမေက
Anti-rejection ဆေးတံဆိပ်တွေကိုခွါပြီး စိတ်ကျဆေးတံဆိပ်တွေ ပြန်ကပ်ခဲ့တာဖြစ်တယ်။
ဆေးတွေကြားထဲမှာ သဘောတူခွဲစိတ်စာချုပ်ကို ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော်တစ်ခါမှ
မမြင်ဖူးတဲ့စာချုပ်၊ လွန်ခဲ့တဲ့ (၂)နှစ်က ကျောက်ကပ်လှူဖို့
ခွဲစိတ်ခဲ့တဲ့စာချုပ်ဖြစ်တယ်။
စာချုပ်ပေါ်မှာ
ဦးခင်ဇော်က သူ့ရဲ့ကျန်းမာတဲ့ ကျောက်ကပ်တစ်ခြမ်းကို သူ့သားအတွက် ပေးလှူတယ်လို့
ရေးထားတယ်။ အောက်တစ်နေရာမှာ သူ့လက်မှတ်နဲ့ ကျွန်တော့်နာမည်ပေါ်မှာက အမေလက်မှတ်.....
ကျွန်တော့်
မျက်လုံးအိမ်ကမျက်ရည်တွေ ရုတ်တရက် ပါးပြင်ပေါ် တရဟောစီးကျလာခဲ့တယ်။
အဲဒီနေ့က
ကျွန်တော်အသက် (၂၂)နှစ်ပြည့်တဲ့နေ့ဖြစ်တယ်။
မူရင်းရေးသားသူ
-- Qian Bei
No comments:
Post a Comment