သူငယ်ငယ်လေးတည်းက
မိဘတွေ ကွာရှင်းခဲ့ကြပြီ။ တခြားကလေးတွေရဲ့ အနိုင်ကျင့်ဒဏ်ကို သူမကြာခဏ ခံခဲ့ရတယ်။
အဲဒီအနိုင်ကျင့်ဒဏ်တွေကို မခံနိုင်တဲ့အဆုံး လက်ဝှေ့ပညာကို သူစွဲလမ်းခဲ့တယ်။
မခံချင်စိတ်က သူ့ကို လက်ဝှေ့ဘုရင် Muhammad Aliလို
လက်ဝှေ့သူရဲကောင်းတစ်ဦးဖြစ်ဖို့ ခွန်အားတွေပေးခဲ့တယ်။ အထက်တန်းပြီးတာနဲ့
လက်ဝှေ့လောကထဲ သူခြေစုံပစ် ဝင်ခဲ့တယ်။ အနိုင်မခံ အရှုံးမပေးတဲ့စိတ်ဓာတ်ကြောင့်
၅နှစ်အတွင်းမှာ ပြိုင်ဘက်တွေကို (၁၇)ကြိမ်တိတိ သူအလဲထိုးနိုင်ခဲ့တယ်။ ဒါပေမယ့်
၁၉၇၁ခုနှစ်က ပြိုင်ပွဲတစ်ခုမှာ ပြိုင်ဘက်ရဲ့ထိုးနှက်ချက်ကြောင့် သူ့ဦးနှောက်
အကြီးအကျယ် ဒဏ်ရာရသွားခဲ့တယ်။ မတတ်နိုင်တဲ့အဆုံးမှာ လက်ဝှေ့လောကကို ဝမ်းနည်းစွာနဲ့
သူကျောခိုင်းခဲ့ရတယ်။
ဘာအရည်အချင်းမှ
မရှိတဲ့သူဟာ နယူးယောက်မြို့ကို ရောက်လာခဲ့တယ်။ လက်တည့်စမ်းကြည့်မယ်ဆိုတဲ့ အတွေးနဲ့
သရုပ်ဆောင်သင်တန်းတစ်ခုကို သူတက်ရောက်ခဲ့တယ်။ နေ့ခင်းဘက်မှာ အလုပ်လုပ်ပြီး ညဘက်မှာ
သရုပ်ဆောင်အတတ်ကို သူလေ့ကျင့်ခဲ့တယ်။ (၇)နှစ်ခန့်ကြာပြီးနောက် ၁၉၇၉ခုနှစ်
သူအသက်(၂၇)နှစ်အရွယ်မှာ ရတောင့်ရခဲတဲ့ အခွင့်အရေးကို သူရခဲ့တယ်။ ဒါရိုက်တာ Steven
Spielberg ရိုက်ကူးတဲ့ "1941"ဆိုတဲ့ဇာတ်ကားမှာ အရံအဖြစ်
သူပါဝင်ခွင့်ရခဲ့တယ်။ အဲဒီကမှတဆင့် ဟော်လိဝုဒ်တံခါးမကြီးဆီ တစ်လှမ်းချင်း
ခြေလှမ်းမှန်မှန်လျှောက်ပြီး သူချည်းကပ်ခဲ့တယ်။
၁၉၈၃ခုနှစ်မှာ
စန်းပွင့်လာတဲ့သူဟာ "Rumble Fish"ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ်
ပါဝင်ခွင့်ရခဲ့တယ်။ ထူးကဲတဲ့ သူ့သရုပ်ဆောင်ချက်က လူတွေကို အသိအမှတ်ပြုစေခဲ့တယ်။
သူရဲ့ညှို့ယူဆွဲဆောင်ချက်က လူတွေရဲ့ရင်ထဲရောက်ရှိခဲ့ပြီး "အမေရိကန်ရဲ့
ညှို့ဓာတ်အပြင်းဆုံး၊ ဆွဲဆောင်မှုအရှိဆုံး မင်းသား"အဖြစ် သတ်မှတ်ခံခဲ့ရတယ်။
အသက်ငယ်ရွယ်တဲ့သူဟာ
အောင်မြင်မှုဒဏ်ကို မခံနိုင်ဘဲ အနေအထိုင် စည်းကမ်းပျက်လာခဲ့တယ်။ ဒီအချိန်မှာ
ကံကြမ္မာနတ်ဆိုးကြီးက သူ့အတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်ပြန်တယ်။
သူခေါင်းဆောင်ရိုက်ကူးတဲ့ "Year of the Dragon" ဇာတ်ကားဟာ
အမေရိကန်ရဲတပ်ဖွဲ့တွေ နယူးယောက်မှာနေတဲ့ တရုတ်မာဖီးယားဂိုဏ်းတွေကို
တိုက်ခိုက်ဆန့်ကျင့်တဲ့ကားဖြစ်တယ်။ အဲဒီကား ရုံတင်တာနဲ့ တရုတ်လူမျိုးတွေရဲ့
ဆန့်ကျင်တာကို ခံခဲ့ရလို့ လက်မှတ်အရောင်း လျော့ခဲ့ရတယ်။ ဒါဟာ
ယိမ်းယိုင်နေတဲ့လမ်းပေါ် ရောက်နေတဲ့သူ့ကို အလူးအလဲ ခံစေခဲ့တယ်။
စိတ်ဆတ်စိတ်မြန်တဲ့သူဟာ လက်ဝှေ့လောကထဲ နောက်ထပ်တဖန် ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။
လက်ဝှေ့လောကရဲ့
(၄)နှစ်သက်တမ်းကာလကို စွန့်စွန့်စားစား ဖြတ်ကျော်ခဲ့တယ်ဆိုပေမယ့်
သူပေးဆပ်လိုက်ရတာလည်း မနည်းခဲ့ဘူး။ သူဟာ အရက်နဲ့ဆေးလိပ်တွေမှာ မွေ့လျောနေတဲ့အပြင်
ပြိုင်ဘက်တွေရဲ့ မိုက်ရူးရဲဆန်တဲ့ ထိုးနှက်ချက်တွေကြောင့် နဂိုရုပ်ချောခန့်ညားတဲ့
သူ့မျက်နှာသွင်ပြင်ဟာ တဖြေးဖြေး ပုံပျက်လာခဲ့ရတယ်။ အဲဒီအပြင် ပိုဆိုးတာက
မအောင်မြင်တဲ့ plastic surgeryကြောင့်ဖြစ်တယ်။ ပါးစပ်နှုတ်ခမ်းတွေ ရှုံ့တွပြီး
အသားအရေနုပျိုဖို့ ထိုးသွင်းခဲ့တဲ့ Hyaluronic acidကြောင့် သူ့နဖူးကြောတွေလည်း
သေခဲ့ရတယ်။ နဂိုရှိခဲ့တဲ့ ခန့်ညားချောမောတဲ့ ဟော်လိဝုဒ်မင်းသားတစ်ဦး ရုပ်သွင်ဟာ သူ့မျက်နှာပေါ်မှာ
ထင်ဟပ်မနေခဲ့တော့ဘူး။ ဦးနှောက်တွေလည်း စာနာစိတ်မရှိတဲ့ ထိုးနှက်ချက်တွေကြောင့်
ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်။ အကူအညီမဲ့တဲ့ အနေအထားမှာ ရုပ်ရှင်နယ်ပယ်ထဲ သူနောက်တဖန်
ခြေဦးလှည့်ခဲ့ပြန်တယ်။ မိုက်ရူးရဲဆန်တဲ့စိတ်ကို သူမထိန်းချုပ်နိုင်ခဲ့တာကြောင့်
၁၉၉၄ခုနှစ်မှာ မိသားစုအကြမ်းဖမ်းမှုနဲ့ သူထောင်ကျသွားခဲ့တယ်။
ကြာရှည်မတည်တံ့ဘဲ
ပြောင်းလဲပျက်ဆီးလွယ်တဲ့ ကံကြမ္မာကြောင့် သူနာကျင်ဝမ်းနည်းခဲ့ရတယ်။ ကိုယ့်ကိုယ်ကို
အဆုံးစီရင်ဖို့အထိ သူ့ခံစားချက်ကို သူမထိန်းချုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့်
သူ့အရင်းနှီးဆုံးခွေးကလေး Lokiရဲ့ သူ့အပေါ်ကြည့်တဲ့ သနားစဖွယ်အကြည့်က
"နင်သေရင် ငါ့ကို ဘယ်သူဂရုစိုက်မှာလဲ?" ဆိုနေသယောင်ရှိတာမို့
ရှက်ရွံ့စရာကောင်းတဲ့ အဆုံးစီရင်တဲ့အတွေးကို သူဖျောက်ခဲ့တယ်။ (၁၈)နှစ်လုံးလုံး
သူ့အနားရှိခဲ့တဲ့ ခွေးငယ်လေးတစ်ကောင်ကို သူစွန့်ပစ်မထားရက်ခဲ့ဘုး။ လဲကျရာက ပြန်ထဖို့
သူဆုံးဖြတ်ပြီး ရုပ်ရှင်လောကထဲ တတိယအကြိမ်မြောက် သူဝင်ရောက်ခဲ့ပြန်တယ်။
ရုပ်ရှင်လောကထဲ
သူတဖန် ပြန်ဝင်ရောက်ချိန် ခန့်ညားတဲ့ သူ့ရုပ်သွင်တွေ တဖြေးဖြေးပျောက်ကွယ်ခဲ့သလို
တဇွတ်ထိုး မိုက်ရူးရဲဆန်တဲ့ သူ့စိတ်ကိုလည်း ချောမွတ်အောင် အချိန်ကတဖြေးဖြေး
တိုက်စားနေခဲ့တယ်။ ရှုံ့တွတဲ့မျက်နှာ၊ ဖြူဖွေးတဲ့ဆံပင်တွေနဲ့ ပါးစပ်မှာမလွတ်တမ်း
ကိုက်ခဲထားတဲ့ ဆေးလိပ်၊ လက်သင့်ခံနိုင်တဲ့လူတစ်ယောက်၊ စိတ်ဓာတ်တည်ငြိမ်တဲ့
သရုပ်ဆောင်တစ်ဦးအဖြစ် ပိုက်ကားပေါ်မှာ "မျက်နှာသစ်"အနေနဲ့ သူ့ကို
လူတွေတွေ့မြင်ခဲ့ရတယ်။ "Sin City" ဇာတ်ကားမှာ မျက်နှာထားတင်းမာပြီး
စိတ်သဘောကောင်းတဲ့ လူသန်မာ"Marv"အဖြစ် သူသရုပ်ဆောင်ခဲ့တယ်။ ချစ်သူအတွက်
အသက်ကိုမမူဘဲ ဂလဲ့စားချေတဲ့ သူ့ရဲ့သရုပ်ဆောင်ချက်မှာ ပရိသတ်ရဲ့ အသိအမှတ်ပြု၊
ဂရုစိုက်တာကို ခံခဲ့ရပြန်တယ်။
၂ဝဝ၈ခုနှစ်မှာ
ရုံတင်ပြသခဲ့တဲ့ "The Wrestler" ဇာတ်ကားက သူ့ကိုအသစ်တဖန်ပြန်စဖို့
အခွင့်အရေးကောင်းတွေ ပေးခဲ့တယ်။ တကယ့်လက်တွေ့ဘဝက သူ့အဖြစ်နဲ့ ဇာတ်ကားထဲက
Randyရဲ့အဖြစ်က တူနေခဲ့တယ်။ ကိုယ့်ဇာတ်လမ်းကို ကိုယ်ပြန်သရုပ်ဆောင်နေတယ်လို့
သူထင်ခဲ့တယ်။ မတူတာတစ်ခုက Randy ကြိုးဝိုင်းထဲလဲကျနေခဲ့တယ်။ Mickeyက အသစ်တဖန်
ပြန်ထရပ်ခဲ့ပြီး ယောက်ျားတစ်ယောက်ရဲ့ အောင်နိုင်မှုကို ထိန်းထားနိုင်ခဲ့တယ်။
"The Wrestler"ဇာတ်ကားက Venice ဖလင်ပွဲတော်မှာ ရွှေခြင်္သေ့ဆု(Golden
Lion)ရရှိခဲ့တဲ့အပြင် သူ့ကိုလည်း အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုအဖြစ်
ရာထားခံခဲ့ရတယ်။
ချစ်ဖူးမှ
အချစ်ရဲ့တန်ဖိုးကိုသိသလို မူးဖူးမှ အရက်ရဲ့ပြင်းအားကို သိသလိုမျိုး Mickey Rourke
လို့ခေါ်သူတစ်ဦးက "Rumble Fish"ဇာတ်ကားထဲကလို ရုပ်ချောခန့်ညားတဲ့လူ
မဟုတ်ခဲ့တော့ဘူး။ ကြိုးဝိုင်းထဲက မိုက်မိုက်ရူးရုး အော်ဟစ်နေတဲ့ လူငယ်တစ်ဦးလည်း
မဟုတ်ခဲ့တော့ဘူး။ ဘဝရဲ့အနိမ့်အမြင့်ကို အနှစ်(၃ဝ)ကြာ ခံစားဖြတ်သန်းခဲ့သူ
အသက်(၅၈)နှစ်ရှိတဲ့ သူဟာ အရာရာကို တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းခဲ့တော့တယ်။
လူ့ဘဝရဲ့တောက်ပြောင်ခြင်းတွေက မျက်စိတမှိတ်ရှေ့က အခိုးအငွေ့တွေအဖြစ်
သူသတ်မှတ်ခဲ့တယ်။
အင်္ဂလန်နိုင်ငံက
သေဘာၤျပတိုက္တစ္ခုမွာ သေဘာၤတစ္စီး ပြသထားတယ်။ အဲဒီသဘောင်္ဟာ တချိန်က ရေခဲတောင်ကို
အကြိမ်(၁၃၈)ခါ ဝင်တိုက်ဖူးတယ်။ ကျောက်ဆောင်တွေကို အကြိမ်(၁၁၆)ခါ ဝင်တိုက်ဖူးတယ်။
လေပြင်းမုန်တိုင်းကြောင့် ရွက်တိုင် (၂၇)ခါကျိုးဖူးတယ်။ (၁၃)ကြိမ်
မီးလောင်ခံခဲ့ရဖူးပေမယ့် ရေအောက်မနစ်မြှုပ်ခဲ့ဘူး။ ဒဏ်ရာဒဏ်ချက်တွေနဲ့
ရှေ့တိုးပြီး ရွက်လွှင့်ခဲ့တယ်။ လေမုန်တိုင်းတွေကို အရှုံးမပေးခဲ့ဘူး။
အနစ်မြှုပ်မခံခဲ့ဘူး။
ဒါဟာ
သဘောင်္တစ်စီးရဲ့ ဝိညာဉ်ဖြစ်တယ်။ ဒါဟာ ဇာတ်လမ်းတစ်ပုဒ်ရဲ့ အားရကျေနပ်မှုဖြစ်တယ်။ ဒါဟာ
လူတစ်ဦးရဲ့ စိတ်ဓာတ်ဖြစ်တယ်။
သရုပ်ဆောင်
Mickey Rourkeက ကျွန်တော်တို့အတွက် ဇာတ်ကောင်တစ်ခု၊ အင်အားတစ်စုနဲ့
စိတ်ဓာတ်ဝိညာဉ်ကို သယ်ဆောင်လာခဲ့ပါတယ်။
No comments:
Post a Comment