အခုချိန်မှာ
Paul Potts ဆိုတဲ့နာမည်ကို ဂူဂယ်မှာရှာကြည့်လိုက်ရင် အဲဒီစကားလုံးပါတဲ့
စာကြောင်းတွေ ထောင်သောင်းမက ထွက်ကျလာပါလိမ့်မယ်။ ဒါ အံ့သြစရာမဟုတ်ပါဘူး။ ၂၀၀၇
ခုနှစ် ဂျုလိုင်လ မတိုင်ခင်က ဒီနာမည်ကို ဂူဂယ်မှာ ရှာကြည့်မယ်ဆိုရင် ရှာဖွေရေး
အင်ဂျင်က “ဆောရီး” ဆိုပြီး ပြနေလိမ့်မယ်။ အကြောင်းက ဒီနာမည်ဟာ
ထောင်သောင်းများစွာသော နာမည်ထဲက သာမန်မထင်မရှားနာမည်တစ်ခု ဖြစ်နေလို့ပါပဲ။ ဒါပေမဲ့
၂၀၀၇ ခုနှစ် ဂျုလိုင်လနောက်ပိုင်းမှာ ဘာဖြစ်လို့ ဒီနာမည်ကို အလွယ်တကူ
ရှာနိုင်ရတာလဲလို့မေးရင် မထင်မရှား ဒီနာမည်ရဲ့နောက်မှာ အံ့သြစရာကောင်းတဲ့
ပုံပြင်တစ်ပုဒ်က တရေးရေး အသက်ဝင်နေခဲ့ပါတယ်။
Paul
Pottsး
အရပ်ပုပြီး
ခန္ဓာကိုယ်ဝတဲ့ သာမန်လက်ကိုင်ဖုန်းအရောင်း ၀န်ထမ်းတစ်ဦး ဖြစ်တယ်။ ပြင်ပန်းသဏ္ဍာန်က
မလှပတဲ့အပြင် စကားပြောရာမှာလည်း ထစ်တယ်။ ဒါကြောင့် ငယ်ငယ်လေးကတည်းက
လူများအနိုင်ကျင့်တာကို ခံခဲ့ရတယ်။ အနိုင်ကျင့်ခံရတိုင်း သူဟာ သီချင်းဆိုပြီး
ကိုယ့်ကိုယ်ကို အမြဲနှစ်သိမ့်ခဲ့တယ်။
အသက်အရွယ်ရလာတော့လဲ
ဒီကံမကောင်းခြင်းက သူအပါးက မခွာခဲ့ဘူး။ (၃၆)နှစ်ဆိုတဲ့ လူ့ဘ၀သက်တမ်းတလျှောက်မှာ
ခံရတဲ့ အမျိုးမျိုးသော ဆင်းရဲဒုက္ခက ၀င်သက်ထွက်သက် ရှုနေသလို သူ့အတွက်မဆန်းခဲ့ဘူး။
သူ ဘာလုပ်လုပ် အဆင်မပြေခဲ့ဘူး။ ဘာလုပ်လုပ် ကံမကောင်းခဲ့ဘူး။ ဒါပေမဲ့
သူ့ဘ၀ရဲ့တစ်ခုတည်းသော အိပ်မက်က သီချင်းဆိုတာပဲဖြစ်တယ်။
ဘာလုပ်လုပ်
မအောင်မြင်တဲ့ကြားက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သူကြိုးစားခဲ့တယ်။
အီတလီကိုသွားပြီး ဆရာရှာခဲ့တယ်။ မိုးရွာထဲမှာ စက်ဘီးစီးပြီး Operaအဆိုကို
သူသွားသင်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ အကျိတ်ရောင်ရောဂါဖြစ်လို့
သူဆေးရုံတက်ခဲ့ရတယ်။ အကျိတ်ကို ခွဲစိတ်ပြီး မကြာဘူး... သူ အူတက်ပေါက်ပြန်တယ်။
ဆေးရုံမှာပဲ လဲလျောင်းနေရတဲ့အတွက် အကြွေးတွေ စတာလင်ပေါင် သောင်းဂဏန်းအထိ
တင်ခဲ့ရတယ်။ “ဒီလောကမှာ ငါ အသက်ရှင်နေရတဲ့ တန်ဖိုးက ဘာလဲ” လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့လောက်တဲ့
အတွေးကို သူ မကြာခဏ တွေးတောမိခဲ့တယ်။
ဘာလုပ်လုပ်
အဆင်မပြေပေမဲ့ သီချင်းဆိုတဲ့ ၀ါသနာကိုတော့ သူလက်မလွတ်ခဲ့ဘူး။ တစ်နေ့နေ့မှာ
ကိုယ့်ဆန္ဒအတိုင်း ကိုယ့်အိပ်မက်လမ်းကို လျှောက်လှမ်းနိုင်လိမ့်မယ်လို့
သူမျှော်လင့်ခဲ့တယ်။ “နင့်ရုပ် နင့်ရည်နဲ့ ဒီတစ်သက် စင်ပေါ်တက်ဖို့
အခွင့်အရေးရှိမှာ မဟုတ်ဘူး” လို့ လူတွေက သူ့ကို ကဲ့ရဲ့ခဲ့တယ်။ တကယ်ပဲ ဒီအိပ်မက်က
သူနဲ့ဝေးလံခဲ့တယ်။
၂၀၀၇
ခုနှစ် ဇွန်လမှာ အင်္ဂလန်နိုင်ငံက Britain's Got Talent ဆိုတဲ့ အဆိုပြိုင်ပွဲကို
ကျင်းပခဲ့တယ်။ ဒါဟာ သူ့အတွက် နောက်ဆုံး အခွင့်အရေးတစ်ခုလို့ Paul ထင်ပြီး
ဝင်ပြိုင်ဖို့ စိတ်ကူးလိုက်တယ်။ အော်ပရာဆိုရတာကို ကြိုက်နှစ်သက်တဲ့ စိတ်နဲ့
ကိုယ့်ကိုယ်ကိုယုံကြည်မှု အနည်းငယ်တော့ သူ့ဆီမှာရှိခဲ့တယ်။ ဒီပွဲမှာနိုင်ခဲ့ရင်
အကြွေးတွေကိုလည်း ဆပ်နိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သူဝင်ပြိုင်ခဲ့တယ်။
ဝင်ပြိုင်တဲ့နေ့က
စတိတ်စင်ဟာ သာမန်လေးပါပဲ။ ရောင်စုံမီးလုံးတွေ မရှိဘူး၊ ရေခဲငွေ့တွေ မပါဘူး။
စင်ပေါ်စတက်တော့ သူတုန်လှုပ်မိတယ်။ ဟောင်းနွမ်းနေတဲ့ဝတ်စုံနဲ့ သူစင်ပေါ်တက်ခဲ့တယ်။
ဒီအချိန်မှာ ကြိုးစားပြီး သူလုပ်နိုင်တဲ့အလုပ်တစ်ခုက သီချင်းဆိုတာပဲဖြစ်တယ်။
ဒီလိုနဲ့ ရှေ့ကိုခြေတစ်ချက်လှမ်း ရဲဆေးတင်ပြီး သူသီချင်းဆိုခဲ့တယ်။
ထင်မထားတဲ့
သာမန်အဖြစ်တစ်ခုထဲကနေ ထူးဆန်းအံ့သြတဲ့ အဖြစ်တစ်ခု(Miracle) ဖြစ်မလာနိုင်ဘူးလို့
ဘယ်သူပြောနိုင်မလဲ? Paul နဲ့ ဥပမာပေး ပြောရရင် ထူးဆန်းအံ့သြတဲ့အဖြစ်က
သူ့ကိုယ်ပေါ်မှာ ရှိနေခဲ့တယ်။ ဟောင်းနွမ်းတဲ့ ၀တ်စုံ၊ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတဲ့
အမှုအရာ၊ ပုပြီးဝတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ လက်ကိုင်ဖုန်း
အရောင်းစာရေးတစ်ယောက်မှာ အခုလို လူတကာ အံ့သြသွားစေလောက်တဲ့ အသံမျိုး
ပိုင်ဆိုင်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမလဲ..? သူ့အသံက ဥရောပတစ်တိုက်လုံးကို
လက်ခုပ်သံတွေနဲ့ ဟိန်းသွားစေခဲ့တယ်။ သိန်းသန်းမကသော တီဗွီရှေ့က လူတွေကို
မျက်ရည်ကျစေခဲ့တယ်။
ဘီဘီစီ
အင်တာဗျူးမှာ သူ ဒီလိုဖြေခဲ့တယ်။
“အံ့ဖွယ်တန်ခိုးတွေက(Miracle)
တစ်ခြားလူတွေမှာပဲ ဖြစ်တတ်တယ်လို့ ကျွန်တော် အမြဲထင်ခဲ့တယ်။ ကျွန်တော့်လို ရုပ်ရည်
နှလုံးရည်မရှိတဲ့ သာမန်လူတစ်ယောက်ကို ဘုရားသခင်က ဘာအံ့သြစရာ တန်ခိုးမှ ပေးမယ်လို့မထင်ခဲ့ဘူး”
၅
မိနစ်တောင် မကြာတဲ့ ပြိုင်ပွဲတစ်ခုအတွက် သူ(၈) နှစ်ကြာကျင့်ခဲ့ရတယ်။ တစ်သက်မှာ
တစ်ခါပဲရှိနိုင်မယ့် အခွင့်အရေးအတွက် သူကြိုးစားခဲ့တယ်။ သူစောင့်ခဲ့တယ်။
“ကြိုးစားလိုစိတ်ရှိမယ်။
ရှေ့ဆက်လှမ်းမယ်ဆိုရင် ဘုရားသခင်က သင့်အလိုကို ဖြည့်ပေးမှာပဲ” ဒီအဖြည့်ကိုခံဖို့
(၃၆)နှစ်ဆိုတဲ့ ခယောင်းလမ်းကို သူလျှောက်ခဲ့ရတယ်။ နာမည်မထင်မရှားနဲ့ လူတစ်ယောက်ဟာ
Britain's Got Talent ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး အင်္ဂလန်ဘုရင်မကြီး ရှေ့မှောက်မှာ
သီဆိုခွင့်ရခဲ့တဲ့အပြင် တစ်ကိုယ်တော် စီးရီးခွေထုတ်ပြီး ဥရောပတစ်ခွင်လုံးကို
ဖြန့်နိုင်ခဲ့တယ်။
Paul
Potts ဟာ လူတိုင်းအတွက် အကောင်းဆုံး စံနမှုနာလေးပါ။ စိတ်ကူးအိပ်မက်ရဲ့ အင်အားနဲ့
ခြေလှမ်းတွေကို ရှေ့တိုးခဲ့တယ်။ သာမန်လူတန်းစားဖြစ်ပေမဲ့ ကြိုးစားတဲ့လုံ့လ
မလျှော့ခဲ့ဘူး။ သူ့ရဲ့ ကြိုးပမ်းမှုက လူကိုကိုင်လှုပ်နိုင်စေတဲ့
ခွန်အားတစ်ရပ်ပဲဖြစ်ပါတယ်။
ပြိုင်ပွဲဒိုင်လူကြီး
ပြောခဲ့တဲ့ စကားတွေလိုပေါ့....
“ဒီအစီအစဉ်ကို
ကျွန်တော်အရမ်းကြိုက်ခဲ့တဲ့ အကြောင်းက သာမန်လူတစ်ယောက် သာမန်အလုပ်ကို
လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ်မှာ လင်းလက်နေတဲ့၊ ယုံနိုင်စရာမရှိတဲ့
ခွန်အားတစ်ချို့ကို ကျွန်တော် မြင်ခဲ့ရလို့ပါပဲ"
Paul
Potts ရဲ့ဗီဒီယိုကလစ်လေးကို youtube မှာ ကြည့်နိုင်ပါတယ်
No comments:
Post a Comment