ကလေးငယ်တစ်ယောက်ဟာ
ပြေးလွှားဆော့ကစားရင်း မတော်တဆ စားပွဲခုံနဲ့တိုက်မိပြီး အော်ငိုတော့တယ်။ ဒါကို
မိခင်မြင်တော့ စားပွဲခုံကို လက်နဲ့ရိုက်ပြီး ကလေးငယ်ကို "သမီးလေး လိမ်မာတယ်..
မငိုနဲ့နော်.. ခုံကို မေမေရိုက်လိုက်ပြီ" ဆိုပြီးချော့တယ်။
တူတဲ့
အဖြစ်တစ်ခုမှာပါပဲ။ ဒါပေမယ့် ဒီအဖြစ်မှာ နောက်မိခင်တစ်ဦးက ကလေးငယ်ခေါ်ပြီး
စားပွဲခုံကို နောက်တစ်ပတ်ပတ်ဖို့ ပြောတယ်။ နောက်ပြီး ကလေးငယ်ကို
"စားပွဲခုံကို သမီးတိုက်မိတဲ့အကြောင်း ၃ခုရှိတယ်။ ပထမတစ်ချက်က
သမီးအမြန်ပြေးလို့ စားပွဲခုံကို ရှောင်ချိန်မရလိုက်ဘူး။ ဒုတိယတစ်ချက်က လမ်းကို
သမီးသေချာမကြည့်လို့၊ တတိယတစ်ချက်က သမီး တခြားအကြောင်း တွေးနေလို့ဖြစ်တယ်။ ခုနား
စားပွဲခုံနဲ့ သမီးတိုက်မိတာ အဲဒီ၃ခုထဲက ဘယ်တစ်ခုလဲ?" လို့မေးတယ်။
စားပွဲခုံက
အသေပါ။ လူကို လာမတိုက်တတ်ပါဘူး။ လူကသာ စားပွဲခုံကို သွားတိုက်တာဖြစ်လို့
လူမှားပါတယ်။ စားပွဲခုံ မမှားပါဘူး။ ပထမ မိခင်က စားပွဲခုံကို လက်နဲ့ရိုက်ပြီး
စားပွဲခုံမှားတယ်၊ သမီး မမှားဘူးလို့ ကလေးငယ်ကို သင်ပြနေတာနဲ့တူတယ်။ ဒီလို
အသင်အပြအောက်မှာ ကြီးပြင်းတဲ့ကလေးငယ်ဟာ ကိစ္စရပ်တစ်ခုခုနဲ့ ကြုံလာတဲ့အခါ
ခေါင်းရှောင်လာတတ်တယ်။ အကြောင်းပြချက်အမျိုးမျိုးနဲ့ ကိုယ်လွတ်ရုန်းလာတတ်တယ်။
တခြားလူကို လွှဲချတတ်တယ်၊ အပြစ်ရှာတတ်တယ်။
ဒုတိယမိခင်ရဲ့
သင်ပြပုံကတော့ ကလေးငယ်ကို ကိုယ့်တာဝန်ကိုယ် သတ္တိရှိရှိလုပ်ဖို့၊
တခြားလူကိုသွားပြီး အပြစ်မရှာ၊ မစွပ်စွဲဖို့ဖြစ်တယ်။ ဒီလို အသင်အပြအောက်မှာ
ကြီးပြင်းတဲ့ ကလေးငယ်ဟာ ကိစ္စရပ်တစ်ခုခုနဲ့ ကြုံတိုင်း ကိုယ့်ရဲ့လိုအပ်ချက်ကို
အရင်ဆန်းစစ်တတ်တယ်။
တချို့ကိစ္စမှာ
ဘယ်သူမှန်၊ ဘယ်သူမှားတယ်ဆိုပြီး လုံးဝခွဲခြားရဖို့ ခက်တယ်။ တကယ်တော့ လူတိုင်း
အမှားနဲ့မကင်းကြဘူး။ အမှားများတာနဲ့ အမှားနည်းတာပဲ ကွာတယ်။ တကယ်လို့ လူတိုင်း
ကိုယ့်အလုပ်ကိုကိုယ် တာဝန်ယူနိုင်ခဲ့ရင်၊ ကိုယ့်ရဲ့လိုအပ်ချက်ကို
ဆန်းစစ်နိုင်ခဲ့ရင် ဖြေရှင်းလို့မရနိုင်တဲ့ ကိစ္စဆိုတာ ရှိမှာမဟုတ်ပါဘူး။
အဖွဲ့အစည်း
အချင်းချင်းကြားမှာပဲဖြစ်ဖြစ်၊ လူလူချင်းကြားမှာပဲဖြစ်ဖြစ် တခြားလူက ကိုယ့်ရဲ့လိုအပ်ချက်ကို
ထောက်ပြတဲ့အခါ ချေပဖို့၊ ငြင်းခုန်ဖို့ အရင်မကြိုးစားဘဲ ဆန်းစစ်မှုတွေ
အရင်လုပ်သင့်တယ်။ မှားမှန်းသိတာနဲ့ ချက်ချင်းပြင်မယ်။ တကယ်လို့ မှားမနေရင်လည်း
သတိပေးချက်အနေနဲ့ သဘောထားပြီး အာရုံစိုက်မယ်။
စိတ်နေသဘောထားက
အရာရာကို ဆုံးဖြတ်သတဲ့။ တူညီတဲ့ကိစ္စမှာ စိတ်နေသဘောထားချင်း မတူရင် ရလဒ်ကလည်း
တူမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိစ္စရပ်ကို ပြီးမြောက်အောင်
ဆောင်ရွက်ချင်ရင် ပထမဦးဆုံးလုပ်ရမှာက စိတ်နေသဘောထား ဖြောင့်မှန်နေဖို့ပါပဲ.....
No comments:
Post a Comment