(၁)
ပျော်ရွှင်တဲ့အရာတွေကို စုဆောင်းပါ
ပျော်ရွှင်ခြင်းဆိုတာ
ကိုယ့်ကိုယ်ကို ချစ်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်အတွက် ပျော်ရွှင်တဲ့အရာတွေကို
စုဆောင်းပါ၊ သိုလှောင်ပါ။ ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ ပျော်ရွှင်စရာငါးခုကို မှတ်သားပါ။
မှတ်သားထားတဲ့ ပျော်ရွှင်ခြင်းတွေကို မှတ်စုစာအုပ်မှာ ညှပ်ထားပါ။
စိတ်ညစ်ဝမ်းနည်းတဲ့အခါ ဒါမှမဟုတ် လိုအပ်တဲ့အခါ ပျော်ရွှင်ခြင်းမှတ်စုကို ထုတ်ဖတ်ပါ။
နွေးထွေးတဲ့ ပျော်ရွှင်ခြင်းတွေကို အသစ်တဖန် ပြန်ခံစားမိပါလိမ့်မယ်။
(၂)
ကြည်နူး၊ ဂရုစိုက်တဲ့ စကားကိုပြောပါ
လူတိုင်းလူတိုင်း
ကြည်နူးတဲ့စကား၊ ဂရုစိုက်တဲ့စကားကို နှစ်သက်ကြတယ်၊ လိုအပ်ကြတယ်။
ဂရုစိုက်စကားတစ်ခွန်းဟာ သဲကန္တာရက အိုအေစစ်နဲ့တူတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စိတ်ဝိညာဉ်ကို
နှစ်သိမ့်ပေးနိုင်သလို လူ့စိတ်ကိုလည်း လန်းဆန်းပျော်ရွှင်စေတယ်။
(၃)
လမ်း ကွေ့ပတ်သွားပါ
ပတ်ဝန်းကျင်အသစ်က
သစ်လွင်တဲ့အတွေးတွေကို ရစေတယ်။ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ရှုခင်းမြင်ကွင်းတွေက
ထူးဆန်းအံ့သြမှုတွေ အများဆုံးပေးနိုင်တယ်။ လမ်းသွယ်၊ လမ်းမြောင်ထဲ ကွေ့ပတ်ဝင်ကြည့်ပါ။
အဝေးပြေးလမ်းမကို စွန့်ခွာပြီး အရောင်စုံတဲ့ မြို့လမ်းလေးတွေထဲ လျှောက်ကြည့်ပါ။
သွားမယ့်နေရာရဲ့ တစ်ကီလိုမီတာအလိုမှာ ကားရပ်ပြီး လမ်းဆင်းလျှောက်ကြည့်ပါ။ လမ်းဘေးက
လှပတဲ့ရှုခင်းတွေကို ခံစားမိပါလိမ့်တယ်။
(၄)
အရေးမပါတဲ့ အလုပ်ကို တမင်လုပ်ပါ
တကယ်လို့
သင်လမ်းလျှောက်တတ်ရင် သင်ကတတ်ပါလိမ့်မယ်။ တကယ်လို့ သင်စကားပြောတတ်ရင် သင်သီချင်း
ဆိုတတ်လိမ့်မယ်။ ဘဝဆိုတာ အရေးမပါ၊ ငြီးငွေ့တဲ့အရာတွေနဲ့ ပြည့်နှက်နေပါတယ်။
ဒါပေမယ့် အဲဒီအရာတွေကို နှစ်သက်တဲ့စိတ်ခံစားချက်နဲ့ ခံစားခဲ့ရင်
သာမန်လွန်းတယ်ဆိုတဲ့ အရာမှာတောင် သစ်လွင်ခြင်းတွေ ရှိနိုင်ပါတယ်။
ဥပမာ---
မနက်အိပ်ရာထချိန် ကိုယ့်ဘေးပတ်ဝန်ကျင်က လူကို "ကောင်းသော
မနက်ခင်းပါ"လို့ နှုတ်ဆက်မယ်။ သွားတိုက်ချိန်မှာ မှန်ထဲက ကိုယ့်ပုံရိပ်ကို
ပြုံးပြမယ်။ ဒါမှမဟုတ် အရေးမပါတဲ့ အိမ်အလုပ်တွေကို နှစ်နှစ်သက်သက်နဲ့ လုပ်မယ်။
(၅)
မှတ်စုရေးပါ
တွေးတောခြင်းဆိုတာ
အဖိုးတန်တဲ့ရတနာလို့ သင်ထင်မိမှာ မဟုတ်ဘူး။ သင့်စိတ်ထဲက အရာတွေကို ချရေးပြီး
ထွက်ပေါက်ပေးပါ။ ကဗျာတိုလေးဖြစ်ဖြစ်၊ ရိုးရှင်းတဲ့ဝါကျဖြစ်ဖြစ်
သင်တွေးတောမိတာတွေကို ချရေးပါ။ သင်နှစ်သက်တဲ့ ပုံစံအတိုင်း စိတ်ကြိုက်ရေးပါ။
နေ့စဉ်ဘဝကို ရေးမှတ်ခြင်းဖြစ် သင့်တွေးတောမှုတွေ ပိုတိုးတက်လာပါလိမ့်မယ်။
(၆)
မလိုတဲ့ပစ္စည်းတွေကို လက်ဆင့်ကမ်းပါ
ဆုံးရှုံးသွားတဲ့အရာတွေကို
ပြန်လိုချင်စိတ်ရှိမရှိ စာရင်းတစ်ခုပြုပါ။ မလိုအပ်တဲ့ပစ္စည်း.. ဥပမာ... ဘောလ်ပင်၊
ပိုစတာ၊ စက္ကူပုံး၊ လိပ်စာကတ်... စတာတွေကို သပ်သပ်စီခွဲပြီး သိမ်းထားသင့်တာ သိမ်းထား၊
ပြုပြင်စရာကို ပြုပြင်၊ ပစ်သင့်တာကိုပစ်ပါ။ မလိုအပ်တဲ့ပစ္စည်းတွေကို လက်ဆင့်ကမ်း၊
ပေးဝေတာဟာလည်း အနုပညာတစ်မျိုးဖြစ်တယ်။
(၇)
မိဘတွေနဲ့ မိသားစုသမိုင်းအကြောင်း စကားလက်ဆုံပြောပါ
သင့်ဘေးက
နီးကပ်တဲ့ဆွေမျိုးသားချင်းကို ဂရုစိုက်ပါ။ အချင်းချင်းကြားက သံယောဇဉ်ကို
တန်ဖိုးထားပါ။ မိသားစုအသိုင်းအဝိုင်းကို ချစ်ခင်ပါ။ မိသားစုသမိုင်းအကြောင်း
ပြောဆိုမေးမြန်းပါ။ မိသားစုနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေကို ပုံဖော်ရေးဆွဲပါ။
မိဘတွေရဲ့ဓာတ်ပုံ၊ ငယ်ဘဝပုံတွေကို ကူးယူပြီး လွယ်ကူတဲ့စကားလုံးတွေနဲ့ ပုံဖော်ပါ။
မိသားစုအချင်းချင်း ပိုနီးကပ် တွယ်တာပါလိမ့်မယ်။
(၈)
ကိုယ့်ကိုယ်တိုင်အတွက် အလုပ်တစ်ခုလုပ်ပါ
ဘယ်လို
အကြောင်းပြချက်နဲ့ဖြစ်ဖြစ် သင့်နေ့စဉ်ဘဝကို ပျော်ရွှင်ခြင်းသံစဉ်တွေနဲ့
ပြည့်နေပါစေ။ ကိုယ့်ကိုယ် ထူးဆန်းအံ့သြအောင် လုပ်ပါ။ ကိုယ့်ကိုယ်ကို ပွေ့ဖက်ပါ။
ထိုးထွင်းဉာဏ်ရှိရင် ပျော်ရွှင်ခြင်းဆိုတာရှိပါတယ်။ ကိုယ့်ကိုယ်တိုင်အတွက်
လုပ်ချင်တာတွေကို စာရင်းပြုပါ။ ဥပမာ--- စိတ်ဝင်စားစရာကောင်းတဲ့
လှုပ်ရှားမှုတစ်ခုခုကို အားလပ်ချိန်ရှိတာနဲ့ လုပ်တာမျိုး၊ နေ့တိုင်း ကိုယ့်ကိုယ်
လက်ဆောင်တစ်ခုပေးတာမျိုး (ဥပမာ-- ရေစိမ်တာပဲဖြစ်ဖြစ်၊ နှစ်သက်တဲ့သီချင်းခွေကို
နားထောင်တာပဲဖြစ်ဖြစ်) ဒါမှမဟုတ် ကိုယ်အမှားလုပ်ခဲ့မိတာကို
ကိုယ်တိုင်ခွင့်လွှတ်တာမျိုးဖြစ်ဖြစ်...
(၉)
တစ်မိနစ်အချိန်နဲ့ လှပတဲ့အရာကို ခံစားပါ
စိတ်ကိုဖြေလျော့ပြီး
တစ်မိနစ်အချိန်နဲ့ ဘဝထဲက တိုတောင်းသေးငယ်တဲ့အရာတွေကို ခံစားကြည့်ပါ။ ဥပမာ---
ပန်းရနံ့ကို ရှုရှိုက်တာမျိုး၊ ကြည်လင်တဲ့ ကန်ရေပြင်ကို ကြည့်တာမျိုး၊
နေဝင်နေထွက်ချိန်ကို ခံစားတာမျိုး၊ တောအုပ်ရဲ့ရနံ့၊ နွေးထွေးတဲ့နေရောင်ခြည်၊
အေးမြတဲ့ လေပြေ၊ လှပတဲ့သက်တန့် စတာတွေကို ခံစားကြည့်ဖို့ ကိုယ့်ကိုယ်
အချိန်တစ်မိနစ်ပေးပါ။
(၁ဝ)
နေ့ရက်တိုင်းကို ဆန်းသစ်ပါ
အရာရာကို
ဆန်းသစ်နိုင်ပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီး နှုတ်ခမ်းနီကို
အရောင်ပြောင်းဆိုးနိုင်တယ်၊ ရေမွှေးပြောင်းသုံးနိုင်တယ်၊ ဆံပင်ပုံ ပြောင်းနိုင်တယ်။
ဒါမှမဟုတ် အဝတ်အစားကို တခြားစတိုင် ပြောင်းလဲဝတ်ဆင်တာမျိုး လုပ်နိုင်ပါတယ်။
***မူရင်းမှာရေးထားတာက
ပျော်ရွှင်နည်း(၅ဝ)ပါ။ (၅ဝ)ထဲကနေ ကျွန်မကြိုက်နှစ်သက်တာ၊ သင့်လျော်တာကို
ရွေးချယ်ဘာသာပြန်ပါတယ်။ ကျန်နေတဲ့အချက်တွေကို ဆက်လက်ဘာသာပြန်ပါဦးမယ်။
No comments:
Post a Comment