ဥပမာ
(၁) ရေးသားသူ Gina
သူနဲ့ကျွန်မက
ချစ်သူသက်တမ်း (၁ဝ)နှစ်ကြာမှ လက်ထပ်ခဲ့ကြသူတွေဖြစ်တယ်။ တစ်ယောက်အကြောင်းတစ်ယောက်
လုံးဝနားလည်ပြီလို့ ထင်ခဲ့ပေမယ့် လက်ထပ်ပြီးမှ နေထိုင်စားသောက်တဲ့ အမှုအကျင့်တွေ၊
စရိုက်တွေ အခြားနားကြီး ခြားနားကြောင်း သိလိုက်ရတယ်။ ဒါကြောင့် လက်ထပ်ပြီး
နှစ်ဝက်မပြည့်ခင်မှာဘဲ ကိစ္စအသေးအမွှားတွေနဲ့ ကျွန်မတို့ မကြာခဏ စကားများခဲ့ကြတယ်။
"ကွာရှင်းမယ်" ဆိုတဲ့ စကားလုံးက ကျွန်မတို့ပါးစပ်ကနေ
ခုန်ပေါက်ထွက်လာခဲ့တယ်။ နောက်တော့ နှစ်ယောက်စလုံး ခေါင်းအေးအေးထား၊
စိတ်တည်ငြိမ်မှုတွေယူပြီး ကွာရှင်းခြင်းဆိုတဲ့ အန္တရာယ် ချောက်ကမ်းပါးနားရောက်နေတဲ့
အိမ်ထောင်ရေးကို ကယ်တင်ဖို့ ကြိုးစားလိုက်ကြတယ်။ ပြဿနာ အဖုအထုံးကို
ရှာဖွေနိုင်ဖို့ ကျွန်မတို့နှစ်ယောက် အိမ်ထောင်ရေး ပညာပေး သင်တန်းကိုတက်ခဲ့ကြတယ်။
သင်တန်းဆရာရဲ့ သင်ပြမှုအောက်မှာ "လူ၊ အလုပ်၊ နေရာ၊ ပစ္စည်းဥစ္စာ" တွေက
အိမ်ထောင်ရေးရဲ့ သားသတ်သမားတွေဖြစ်နိုင်သလို အိမ်ထောင်ရေး တည်မြဲဖို့လည်း
ကူညီနိုင်တယ်လို့ ကျွန်မတို့ သိလိုက်ရတယ်။ အဲဒီလိုနဲ့ "အိမ်ထောင်ရေး
ကယ်တင်ခြင်း စီမံကိန်း" ကို ကျွန်မတို့စပြီး အကောင်အထည်ဖော်ခဲ့ကြတယ်။
၁)
ဟန်းနီးမွန်းခရီးတွေထွက်ပြီး ပျားရည်လို ချိုမြိန်တဲ့နေ့ရက်တွေကို ရှာဖွေမယ်
အလုပ်တွေပစ်၊
အိမ်မှုကိစ္စတွေပစ်ပြီး နှစ်ဦးစလုံးရဲ့ အားလပ်ရက်မှာ ခရီးတစ်ခေါက်ထွက်မယ်။
စိတ်ခွန်အားကို အားဖြည့်မယ်။ အချစ်နဲ့ ချိုမြိန်ခဲ့ဖူးတဲ့ နေ့ရက်တွေကို
ပြန်လည်တူးဆွမယ်။
၂)
ပတ်ဝန်းကျင်နဲ့ လူကို အမြဲဆန်းသစ်အောင် ပြောင်းလဲမယ်
အိမ်ထဲက
အိမ်အသုံးအဆောင် ပရိဘောဂတွေကို မကြာခဏ နေရာရွေ့ပြောင်းပေးမယ်။ နွေးထွေး
သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးမယ်။ အိပ်ရာမဝင်ခင် ဖိအားတွေ
လျှော့ချစေနိုင်တဲ့ အမွှေးဆီတွေကို ထွန်းညှိမယ်။ ရေနွေကြမ်းတစ်အိုးကို သူနဲ့အတူ
အရသာခံသောက်ပြီး တစ်နေ့တာ အတွေ့အကြုံကို မျှဝေမယ်။ စကားတွေ ဖလှယ်မယ်။
"communicate" နဲ့ နှစ်ဦးကြားမှာ ဝေးနေတဲ့ အကွာအဝေးကို ဆွဲစေ့မယ်။
မင်္ဂလာ နှစ်ပတ်လည်နေ့ပဲဖြစ်ဖြစ်၊ မွေးနေ့ပဲဖြစ်ဖြစ်၊ လက်ဆောင်ပစ္စည်း ဒါမှမဟုတ်
အပြုအမှု တစ်ခုခုနဲ့ တစ်ဖက်လူ အံ့သြဝမ်းသာအောင် လုပ်မယ်။ အချစ်၊ ပျော်ရွှင်ခြင်းတွေကို
နှစ်ဦးစလုံးရဲ့ ရင်ဘတ်ထဲမှာ စုနိုင်သမျှ ထည့်စုမယ်။
၃)
ဟာသဥာဏ်နဲ့ EQ တွေကို မွေးမြူမယ်
လင်မယားစကားများရင်
အတတ်နိုင်ဆုံး အဆိပ်ရှိတဲ့ စကားလုံးမျိုးကို ရှောင်ပါ။ တစ်ဖက်သားရဲ့ အားနည်းချက်၊
သိက္ခာကို မထိခိုက်မိပါစေနဲ့။ EQ သုံးပြီး ရန်ပွဲကနေ အမြန်ဆုံးခွါပါ။
စိတ်တည်ငြိမ်မှုရမှ ဘာကြောင့်စကားများရတယ်ဆိုတဲ့ အရင်းအမြစ်နဲ့ ဖြေရှင်းနိုင်မယ့်
အဖြေကို ရှာပါ။
"အိမ်ထောင်ရေး"
ဆိုတာ လှပအဖိုးတန်တဲ့ နှင်းဆီပန်းတစ်ပွင့်နဲ့တူတယ်။ နှစ်ဦးနှစ်ဖက်လုံး
ပြုစုယုယသင့်တယ်။ ရှင်သန်ကြီးထွားဖို့ မကြာခဏ မြေသြဇာတွေ ထည့်ပေးရတယ်။ အဲဒီလိုမှမဟုတ်ဘဲ
သူ့ဘာသာသူ ကြီးချင်သလို ကြီးပါစေဆိုပြီး မြေသြဇာမထည့်၊ ပေါင်းမနုတ်ဘဲ ပစ်ထားရင်
တစ်ခါတလေမှ တိုက်ခတ်တတ်တဲ့ လေဒဏ်၊ မိုးဒဏ်တောင် သူခံနိုင်မှာ မဟုတ်ပါဘူး။ အလွယ်တကူ
ညှိုးနွမ်းသေကြေနိုင်ပါတယ်။ ဒါကြောင့် ဒီနှင်းဆီလေးလှပအောင် လန်းဆန်းနေအောင်
နှစ်ဦးစလုံး ကြိုးစားသင့်ပါတယ်။
ဥပမာ
(၂) ရေးသားသူ xin lan (辛蘭)
ကလေးမွေးပြီးနောက်
ကလေးကို ကလေးထိန်းနဲ့ ကျွန်မအပ်ခဲ့တယ်။ ကြိုပို့ရ လွယ်ကူအောင်ဆိုပြီး လက်ရှိအလုပ်က
ထွက်ပြီး အိမ်နဲ့နီးတဲ့ နေရာမှာ ကျွန်မနောက်အလုပ်တစ်ခုကို ရှာခဲ့တယ်။ ဒီလိုနဲ့
ယောက်ျားနဲ့အတူ အလုပ်အတူသွား၊ အတူဆင်းတဲ့ ကျွန်မရဲ့ နေ့ရက်က ပြီးဆုံးသွားခဲ့တယ်။
တစ်နေ့မှာ
ကျွန်မယောက်ျားရဲ့ ကျောင်းနေဖက် အမျိုးသမီးသူငယ်ချင်းတစ်ဦး အိမ်ကိုရောက်လာပြီး
သစ်သီးခြင်း လာပို့ခဲ့တယ်။ ကျွန်မယောက်ျားက သူ့ကို အလုပ်သွား၊ အလုပ်ပြန်
နေ့တိုင်းကြိုပို့ခဲ့လို့ ကျေးဇူးတင်ကြောင်း လာပြောတာဖြစ်တယ်။ ဒီအမျိုးသမီးက
လွန်ခဲ့တဲ့နှစ်ဝက်လောက်မှာ ကျွန်မတို့ အိမ်ပတ်ဝန်းကျင်နား ပြောင်းလာတဲ့သူဖြစ်တယ်။
သူ့အလုပ်က ကျွန်မယောက်ျားအလုပ်နဲ့ နီးတယ်။ ဒါကြောင့် ကားကြုံစီးနေတာလည်း
နှစ်ဝက်လောက် ရှိနေပါပြီ။
ဒါကိစ္စက
ဘာကြီးကြီးမားမားကိစ္စ မဟုတ်ပေမယ့် ဘာဖြစ်လို့ ဒီကိစ္စကို ကျွန်မယောက်ျား
လုံးဝမဟခဲ့တာကို ကျွန်မနားမလည်ခဲ့ဘူး။ သူ့ပုံစံကလည်း ပုန်းပုန်းလျှိုလျှိုပဲ။
သူ့ကိုစပြီး ကျွန်မ သံသယဖြစ်လာခဲ့မိတယ်။ သူ့ကို ကျွန်မအမြဲတမ်း စစ်မေးခဲ့တယ်။
"မဟုတ်ပါဘူး" ဒါမှမဟုတ် "ဒီကြိုပို့တဲ့အလုပ်ကို အဆုံးသတ်လိုက်မယ်"ဆိုတဲ့
သူ့ဆီက စကားသံကိုပဲ ကျွန်မမျှော်လင့်ခဲ့တယ်။
ဒါပေမယ့်
တစ်နေ့မှာ မထင်မှတ်ဘဲ သူ့ဆီက "ငါရှေ့တစ်လှမ်းဆက်တိုးမှာကို
သူမျှော်လင့်နေတာကြာပြီ။ နင်နဲ့ ကလေးတွေရဲ့ တာဝန်ကြောင့် ငါမလှုပ်ဘဲ နေရာမှာတင်
ရပ်နေခဲ့တာ အခုချိန်အထိပဲ" ဆိုတဲ့ စကားကို ကျွန်မကြားလိုက်ရတယ်။ ဘုရားရေ!
ကျွန်မနဲ့ ကလေးတွေရဲ့ တာဝန်ကြောင့်တဲ့? ဒါဟာ သူ့ဖက်ကလည်း ဟိုအမျိုးသမီးကို
စိတ်ဝင်စားတယ်။ ဒါပေမယ့် တာဝန်ကြောင့် ရှေ့မတိုးခဲ့တာလား! ကျွန်မကိုချစ်လို့
ရှေ့မတိုးခဲ့တာမှ မဟုတ်ခဲ့တာ။
အိမ်ထောင်ရေးရဲ့
အရေးအကြီးဆုံးအချိန်က တဖြေးဖြေး ချည်းကပ်နေပြီဆိုတာကို ကျွန်မတုန်လှုပ်စွာ ခံစားလိုက်မိတယ်။
စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး မဆုံးဖြတ်နိုင်ခဲ့ရင် လင်ယောက်ျားက
အမြန်ဆုံးနည်းနဲ့ ဘီးချော်တော့မယ်။
ဒီလိုနဲ့ရွာက
ယောက္ခမကို အိမ်ခေါ်ပြီး ကလေးထိန်းစေခဲ့တယ်။ ကျွန်မလည်း လက်ရှိအလုပ်ကထွက်ပြီး
အရင်အလုပ်နဲ့ နီးတဲ့နေရာမှာ အလုပ်တစ်ခု ထပ်ရှာခဲ့တယ်။ ယောက်ျားနဲ့အတူ
အလုပ်အတူသွား၊ အတူဆင်းတဲ့ နဂိုပုံစံ ထပ်ဖြစ်အောင် ကျွန်မကြိုးစားခဲ့တယ်။
ကားကြုံစီးတဲ့ အမျိုးသမီး နောက်ဆုတ်သွားလိုက်မယ်လို့ ကျွန်မ ထင်ထားပေမယ့်
သူနောက်မဆုတ်ခဲ့ဘူး။ အလုပ်သွား၊ အလုပ်ပြန်မှာ ကားကို ကျွန်မတို့သုံးယောက်အတူ
စီးခဲ့ကြတယ်။ သူတို့နှစ်ယောက်က ပြောလို့၊ ရယ်လို့... ကျွန်မရင်ထဲမှာ အော်ဆဲတာထက်
ပိုခံခဲ့ရတယ်။
ဒီလိုနဲ့
ကျွန်မယောက်ျားရဲ့ ကျောင်းနေဖက်သူငယ်ချင်း နောက်အမျိုးသမီးတစ်ယောက်ကို
ကျွန်မသွားရှာခဲ့တယ်။ ဒီကားကြုံစီးတဲ့ အမျိုးသမီးရဲ့ အချစ်ရေး၊
ကြိုက်နှစ်သက်တတ်တဲ့ အမျိုးအစားတွေ အဲဒီအမျိုးသမီးဆီ ကျွန်မမေးမြန်းခဲ့တယ်။
အရပ်မြင့်မယ်၊ သဘောကောင်းမယ်၊ ကြင်နာတတ်မယ်၊ အလုပ်အကိုင်ရှိတဲ့ ယောက်ျားဆိုရင်
သူကြိုက်နှစ်သက်ပါတယ်တဲ့။ ဒီလိုနဲ့ ကျွန်မသူငယ်ချင်းရဲ့ယောက်ျား
(ကျွန်မသူငယ်ချင်းက ကားအက်ဆီဒင့်နဲ့ ဆုံးသွားပါတယ်)နဲ့ ကားကြုံစီးတဲ့အမျိုးသမီးကို
မိတ်ဆက်ပေးလိုက်တယ်။ အရပ် ၁၇၅ cmရှိတဲ့ သွားဆရာဝန်နဲ့ မိတ်ဆက်ပေးတော့ သူက
စစချင်းမှာ အင်တင်တင်ပါ။ နောက်တော့လည်း အဆင်ပြေသွားကြပါတယ်။ ကျွန်မယောက်ျားရဲ့
ကားကြုံကိုလည်း သူမစီးတော့ဘဲ အလုပ်နဲ့နီးတဲ့ဖက်ကို အိမ်ပြောင်းသွားခဲ့ပါတယ်။
အဲဒီအချိန်ကျမှ ကျွန်မရင်ထဲက အလုံးကြီးကို ချလိုက်နိုင်တော့တယ်။
နှစ်တွေကြာခဲ့ပါပြီ..
ဒီနေ့အထိ ကားကြုံစီးတဲ့ အမျိုးသမီးအကြောင်းကို ကျွန်မ မဟခဲ့ဘူး။ ကျွန်မယောက်ျားရဲ့
နှလုံးသားထောင့် တစ်နေရာမှာ အဲဒီအမျိုးသမီးနဲ့ ပတ်သက်တဲ့ အရာလေး
ကျန်နေဦးမယ်ဆိုရင်တောင် သူဖွင့်ဟမလာခဲ့ရင် လေးစားမှုနဲ့ ခွင့်လွတ်မှုက
ကျွန်မရင်ထဲမှာ အမြဲရှိနေပါတယ်။
ဥပမာ
(၃) ရေးသားသူ - lin (小玲)
သူ့ရဲ့အသဲအသန်
ပိုးပန်းမှုကြောင့် မိဘတွေကို ဆန့်ကျင်ပြီး သူ့နောက် ကျွန်မလိုက်ခဲ့တယ်။ ကလေးတွေ
တစ်ယောက်ပြီးတစ်ယောက် မွေးဖွားခဲ့တယ်။ တစ်ယောက်ပြီးတစ်ယောက်
ပြုစုပျိုးထောင်ခဲ့တယ်။ စရိတ်တွေ တစ်နေ့ထက်တစ်နေ့ ကြီးလေးလာခဲ့တယ်။ အဖက်ဖက်က
ဖိအားကြောင့် သူ့ရဲ့စိတ်နေသဘောထားနဲ့ ခံနိုင်ရည်အားက တဖြေးဖြေး
ရုပ်လုံးပေါ်လာခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့ ရွေးခြယ်မှုကို ကျွန်မယုံကြည်ခဲ့တယ်။
ကိုယ့်ရဲ့ အလုပ်နဲ့ မိသားစုအလုပ်ကို ပစ်ပြီး သူ့ကိုကျွန်မ အားပေးခဲ့တယ်။ ညအထိ၊
ရုံးပိတ်ရက်တွေမှာတောင် သူ အချိန်ပိုဆင်းခဲ့တယ်။ ကျွန်မရဲ့ အချိန်တွေက
ကလေးသုံးယောက်နဲ့ပဲ ကုန်လွန်ခဲ့ရတယ်။
တစ်နေ့မှာ
မိတ်ဆွေတစ်ယောက်က သူ့ကိုတစ်ခြား မိန်းကလေးတစ်ယောက်နဲ့ တွေ့လိုက်ကြောင်း ကျွန်မကို
လာပြောပါတယ်။ အိမ်အလုပ်၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေခဲ့တဲ့ ကျွန်မကို မိတ်ဆွေက
"နင့်ယောက်ျား ဖောက်ပြန်နေပြီနော်။ တစ်ခြားသူနဲ့တော့မဟုတ်ဘူး။
နင့်အိမ်အမြဲလာတဲ့ မိန်းမနဲ့" လို့ သတိပေးလာပါတယ်။ ရှက်စိတ်၊ အံ့သြစိတ်နဲ့
သူ့ကိုကျွန်မ မေးမြန်းခဲ့တယ်။ ဒါပေမယ့် သိက္ခာတရားကြောင့် ကျွန်မရဲ့အမေးက
သူ့ကိုဒေါသတွေ ထွက်စေခဲ့တယ်။ ကျွန်မတို့ အကြီးအကျယ် စကားများခဲ့ကြတယ်။
ဝမ်းနည်းစိတ်၊ ရှက်စိတ်၊ ယူကြုံးမရစိတ်နဲ့ ကျွန်မအကြီးအကျယ် ခံစားခဲ့ရတယ်။
ကိုယ်အလေးချိန်တွေ ကျခဲ့တယ်။ အိုစာနေတဲ့မျက်နှာက ပိုအကြည့်ရ ရုပ်ဆိုးသွားခဲ့တယ်။
အဲဒီနောက်
ဆရာတော်တစ်ပါးရဲ့ "တစ်ခြားလူရဲ့အမှားကိုယူပြီး ကိုယ့်ကိုအပြစ်မပေးပါနဲ့"
ဆိုတဲ့ ဆုံးမစကားကို ကျွန်မသတိရမိပြီး မိသားစုနဲ့ ကလေးကို ကာကွယ်စောင့်ရှောက်ဖို့
ကျွန်မစလှုပ်ရှားခဲ့တယ်။ ဦးဆုံး အိမ်ကိုအမြဲလာတတ်တဲ့ အမျိုးသမီးရဲ့
ယောက်ျားဆီဖုန်းဆက်ပြီး ကိုယ့်မိန်းမရဲ့ အပြုအမှုတွေကို သတိထားကြည့်ဖို့
ပြောလိုက်တယ်။ ပြီးတော့ သူ့မိန်းမနဲ့ ကျွန်မယောက်ျား ဖောက်ပြန်နေကြောင်း
ပြောလိုက်တယ်။ ကလေးတွေကို စိတ်ချယုံကြည်ရသူဆီ အပ်ပြီး မိတ်ဆွေတွေနဲ့
စိတ်ပြေလက်ပျောက် ကျွန်မခရီးထွက်ခဲ့တယ်။ စိတ်အပြောင်းအလဲ ဖြစ်အောင် အားလပ်ချိန်မှာ
သင်တန်းတစ်ခုခုတက်တယ်။ လုံးဝပြောင်းလဲသွားတဲ့ ကျွန်မရဲ့ အပြုအမှုကို ကြည့်ပြီး သူ
အသိတရားရလာလို့ပဲလား ဒါမှမဟုတ် သူ့ကိုအားပေးကူညီမယ့်သူ မရှိတော့လို့ပဲလား...
ကျွန်မရဲ့စိတ်တွေ သူ့ဆီပြန်လည်လာအောင် အိမ်အလုပ်တွေ၊ အိမ်စရိတ်တွေ သူတာဝန်ယူမယ်။
ကျွန်မကို ကြိုက်တဲ့သင်တန်းတက်လို့ ပြောလာပါတယ်။ ရုံးပိတ်ရက်တွေမှာလည်း ကျွန်မကို
အပြင်ခေါ်လည်လာတတ်တယ်။ အစားကောင်းတွေကို ဝယ်ပြန်လာတတ်ခဲ့ပါတယ်။
ဥပမာ
(၄) ရေးသားသူ - Rita (麗塔)
ခါတိုင်းလိုပဲ
... နားရက်ပြည့်တော့ အလုပ်ပြန်ဝင်ဖို့ သူအဝတ်အစားတွေ သိမ်းဆည်းခဲ့တယ်။
ကလေးမွေးထားတာ သိပ်မကြာသေးတာကြောင့် လူကြီးတွေနဲ့ ကျွန်မတို့ အတူမနေခဲ့ပါဘူး။
ဒါကြောင့် ကလေးနေမကောင်းဖြစ်တဲ့အခါ ဒါမှမဟုတ် အိမ်မှာ အရေးအကြောင်းရှိတဲ့အခါမှ
သူ့ကို ကျွန်မဆက်သွယ်တတ်တယ်။
အဲဒီနေ့က
အလုပ်ကိစ္စကြောင့် သူနယ်သွားရမယ့်အကြောင့်၊ အရေးကြီးရင် သူ့ဆီဖုန်းဆက်ဖို့
သူတည်းတဲ့အိမ်က ဖုန်းကိုပါ ကျွန်မကို ပေးထားခဲ့တယ်။ အဲဒီနေ့က ဘာကိစ္စမှန်းမသိ
သူတည်းတဲ့အိမ်ကို ကျွန်မဖုန်းဆက်လိုက်တယ်။ ဖုန်းလာကိုင်တဲ့ ကလေးက
"ဦးဦးမရှိဘူး.. ဦးဦးနဲ့ဒေါ်လေး တစ်ခြားမြို့ကို သွားလည်တယ်" လို့
ပြောပါတယ်။ ကျွန်မနားမရှင်းလို့ ထပ်မေးကြည့်တယ်။ ရလိုက်တဲ့ အဖြေက "မနေ့ညက
ဦးဦးနဲ့ဒေါ်လေး အတူတူအိပ်တယ်။ မနက်လင်းတာနဲ့ သွားလည်မယ်ဆိုပြီး ထွက်သွားတယ်"
တဲ့.. ကျွန်မဘာကို ယုံရမလဲ? မိန်းမလုပ်တဲ့သူက ကလေးမွေးတာ မကြာသေးဘူး..
လင်ယောက်ျားက ဖောက်ပြန်ပြီလား?
လင်ဖောက်ပြန်သူတွေရဲ့
ဇနီးတွေလို စစချင်းမှာ မယုံကြည်နိုင်အောင် ငိုကြွေးမိတယ်။ ပြိုကွဲတော့မယ့်
အိမ်ထောင်ရေး၊ မိသားစုကို ကာကွယ်ဖို့ အရူးတစ်ယောက်လို သူ့နောက် ကျွန်မ
နောက်ယောင်ခံလိုက်ခဲ့တယ်။ လူကြီးမိဘတွေနဲ့ တိုင်ပင်ခဲ့တယ်။ ဒါကို သူက
ပုန်းလျှိုကွယ်လျှို အဲဒီအမျိုးသမီးနဲ့ ဆက်သွယ်တုန်းပဲ။ တွေ့ဖို့ကြိုးစားတုန်းပဲ။
နောက်ဆုံး အတူနေဖို့အထိပါ သူကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ လူကြီးတွေရဲ့
ဆိုဆုံးမမှုအောက်မှာ သူနောက်ပြန်လှည့်ခဲ့ပါတယ်။ ဒါပေမယ့် သူလုံးဝ မေ့ထားသေးမှာ
မဟုတ်ဘူးဆိုတာကို ကျွန်မ နားလည်ထားပါတယ်။
ဒီလိုပြဿမျိုးနဲ့ကြုံပြီးနောက်
အိမ်မှုကိစ္စတွေနဲ့ပဲ ကျွန်မနစ်မထားချင်တော့ဘူး။ ကိုယ်အပြင်ပန်းသဏ္ဍာန်ကို
ပြုပြင်တဲ့အပြင် အလုပ်တစ်ခု ကျွန်မရှာပြီး ကျွန်မအလုပ်ပြန်လုပ်တယ်။ ဝင်ငွေရှိပြီး
ကိုယ်ဘာသာကိုယ် ရပ်တည်နိုင်ခဲ့တယ်။ အပြင်အဆင်နဲ့ ချောမောလာတဲ့အတွက်ကြောင့်လား?
ကိုယ်ဝင်ငွေနဲ့ကိုယ် ရပ်တည် နိုင်တဲ့အတွက်ကြောင့်လား? ဟိုအမျိုးသမီးဆီကနေ
အပျော်တွေကို မရနိုင်တော့လို့ပဲလား?... သူ နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။
အိမ်ထောင်ရေးဆိုတဲ့ အသိုက်အမြုံထဲ စူးနစ်နေတဲ့ ဆူးတစ်ချောင်း ကျွန်မထုတ်ပစ်နိုင်ခဲ့တယ်။
No comments:
Post a Comment