ဟိုရှေးရှေးတုန်းက
လောကကြီးတစ်ခုလုံးကို ပိုင်စိုးထားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။ ဘုရင်ကြီးဟာ
အရာရာကို ပိုင်ဆိုင်ထားသည့်တိုင် အလိုဆန္ဒမပြည့်ဝခဲ့ဘူး၊ မပျော်ရွှင်ခဲ့ဘူး။
ပျော်ရွှင်ပွဲတွေ၊ ညစာစားပွဲတွေ ကျင်းပခဲ့လည်း သူ့ဘ၀ဟာ ဘာဖြစ်လို့ မပျော်ရွှင်မှန်း၊
အလိုမကျမှန်း ဘုရင်ကြီးလည်း စိတ်ရှုပ်နေခဲ့တယ်။
တစ်နေ့မှာ
ဘုရင်ကြီးဟာ မနက်စောစောထပြီး နန်းတော်ထဲ လှည့်ပတ်ကြည့်ရှုခဲ့တယ်။
စားဖိုဆောင်အရောက်မှာ ပျော်ပျော်ရွှင်ရွှင် သီချင်းညည်းနေသံကို သူကြားလိုက်မိတယ်။
အသံလာရာနောက် ဘုရင်ကြီးလိုက်ကြည့်တော့ စားဖိုမှူးတစ်ဦးဖြစ်နေတာကို တွေ့တယ်။
သီချင်းညည်းနေတဲ့ စားဖိုမှူးရဲ့မျက်နှာပေါ်မှာ အပျော်တွေ ထင်ဟပ်နေတယ်။
ဘုရင်ကြီးက
တအံ့တသြနဲ့ စားဖိုမှူးကို ဘာကြောင့် ဒီလောက်ပျော်ရွှင်ရသလဲလို့ မေးတယ်။
"အရှင်မင်းကြီး၊
ကျွန်တော်မျိုးဟာ စားဖိုမှူးတစ်ဦးသာဖြစ်ပေမယ့် ကျွန်တော်မျိုးရဲ့ဇနီး၊
သားသမီးတွေကို ကျွန်တော်မျိုးတတ်နိုင်သလောက် ပျော်ရွှင်စေပါတယ်။ ကျွန်တော်မျိုးတို့
သိပ်များများ မလိုပါဘူး။ နေဖို့ တဲအိမ်တစ်လုံးရှိမယ်၊ ဗိုက်ထဲမှာ အဆာရှိမယ်ဆိုရင်
လုံလောက်ပါပြီ။ ဇနီးနဲ့ သားသမီးတွေက ကျွန်တော့်စိတ်ဓာတ်ကို
ပံ့ပိုးကူညီသူတွေဖြစ်တယ်။ အိမ်ကို ကျွန်တော်ယူပြန်တဲ့ ဘာသေးသေးမွှားမွှားအရာမဆို
သူတို့အလိုကို ပြည့်စေပါတယ်။ ကျွန်တော်မျိုးမိသားစုတွေ ပျော်ရွှင်လို့
ကျွန်တော်မျိုးလည်း ဒီလိုနေ့တိုင်းပျော်ရွှင်နေရတာပါ" လို့ စားဖိုမှူးက
ဖြေတယ်။
ဘုရင်ကြီးဟာ
စားဖိုမှူးပြောတဲ့စကားတွေကို အမတ်ကြီးတစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အမတ်ကြီးက
"အရှင်မင်းကြီး ဒီစားဖိုမှူးက ၉၉ မိသားစုမဖြစ်သေးလို့ပါ" လို့ပြောတယ်။
"၉၉မိသားစု?
၉၉မိသားစုဆိုတာ ဘာလဲ" လို့ ဘုရင်ကြီးက သိလိုစိတ်နဲ့မေးတယ်။
"၉၉မိသားစုဆိုတာကို
သိချင်ရင် အရှင်မင်းကြီး ဒီလိုလုပ်ပါ။ ပထမဦးဆုံး အထုပ်တစ်ထုပ်ထဲ ငွေပြား
၉၉စေ့ကိုထည့်ပြီး စားဖိုမှူးရဲ့ အိမ်တံခါးဝမှာ သွားချထားပါ။ ၉၉မိသားစုအကြောင်း
အရှင်မင်းကြီး အမြန်ဆုံး သိလာပါလိမ့်မယ်"
အမတ်ကြီးပြောသလို
ဘုရင်ကြီးဟာ ငွေပြား၉၉စေ့ ထည့်ထားတဲ့အထုပ်ကို ပျော်ရွှင်တဲ့စားဖိုမှူးအိမ်ရှေ့မှာ
သွားချထားလိုက်တယ်။
အိမ်ပြန်လာတဲ့
စားဖိုးမှူးဟာ အထုပ်ကိုတွေ့တာနဲ့ သိလိုစိတ်ပြင်းပြပြီး အထုပ်ကိုဖြည်ကြည့်လိုက်တယ်။
အထဲမှာ ငွေကြေးတွေကိုတွေ့တော့ ၀မ်းသာအားရ အော်ပါတယ်။
"အလို...
ငွေတွေ... ဒီလောက်များတဲ့ ငွေတွေ!"
စားဖိုးမှူးဟာ
အထုပ်ကို စားပွဲပေါ်ဖြည်ချပြီး ငွေတွေကို စရေတွက်တော့တယ်။
၉၉စေ့!
ဒီအရေအတွက်
မဖြစ်နိုင်ဘူးဆိုပြီး ငွေတွေကို သူထပ်ရေတွက်ပြန်တယ်။ ဒါပေမယ့် ဘယ်လိုရေရေ
ငွေပြားတွေဟာ ၉၉စေ့ဖြစ်နေတယ်။ စားဖိုမှူးရဲ့ စိတ်တွေ ရှုပ်ထွေးစပြုလာတယ်။ ၉၉စေ့
မဖြစ်နိုင်ဘူး? ဘယ်သူကမှ ၉၉စေ့ပဲ ထည့်ထားမှာမဟုတ်ဘူး။ ကျန်တဲ့ငွေပြား၁စေ့
ဘယ်ရောက်သွားပြီလဲ?
ဒီလိုနဲ့
ငွေပြားတစ်ပြားကို စားဖိုမှူး စရှာတော့တယ်။ အိမ်ထဲအိမ်ပြင်မကျန် ရှာတယ်။
အိမ်ဝင်းထဲရှာတယ်။ ပင်ပန်းနွမ်းနယ်တဲ့အထိရှာလည်း ငွေတစ်ပြားကို သူ မတွေ့ခဲ့ဘူး။
စားဖိုမှူးဟာ တစစ မျှော်လင့်ချက်တွေမဲ့လာတယ်။ စိတ်ထဲမှာလည်း မပျော်ရွှင်တော့ဘူး။
ငွေတစ်ပြားကို မနက်ဖြန်ထပ်ကြိုးစားရှာမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမှ
သူ့ငွေပြားတွေ တစ်ရာပြည့်မယ်။
ညက
ငွေတစ်ပြားရှာရတဲ့ဒဏ်ကြောင့် နောက်တစ်နေ့မနက်မှာ အိပ်ရာထနောက်ကျခဲ့လို့
စားဖိုမှူးစိတ်မရွှင်ဖြစ်နေတယ်။ သူ့ကိုဘာဖြစ်လို့ မနှိုးရတာလည်းလို့ ဇနီးနဲ့ သားသမီးတွေကို
သူအော်ငေါက်မိတယ်။ ငွေတစ်ပြားရှာဖို့ သူ့အချိန်တွေ ထိခိုက်ကုန်ပြီလို့ဆိုတယ်။
စားဖိုဆောင်ကို
သူအလျင်စလိုရောက်လာခဲ့တယ်။ သူ့ပုံစံက ခါတိုင်းလို ပျော်ပျော်ရွှင်ရွှင် ဖြစ်မနေဘူး။
သီချင်းတွေလည်း မညည်းနိုင်သလို၊ လေလည်း မချွန်နိုင်တော့ဘဲ ခေါင်းငုံ့ပြီး အလုပ်တွေပဲ
သိမ်းကျူံးလုပ်နေခဲ့တယ်။ ဘုရင်ကြီး သူ့ကို တိတ်တိတ်လေး အကဲခတ်နေတယ်ဆိုတာကိုလည်း သူ
သတိမထားနိုင်ခဲ့တော့ဘူး။
စားဖိုမှူးရဲ့စိတ်တွေ
ဒီလောက်အပြောင်းကြီးပြောင်းသွားခဲ့တာကို ဘုရင်နားမလည်နိုင်ဖြစ်ခဲ့တယ်။
ဒီလောက်များတဲ့ငွေကိုရတဲ့ စားဖိုမှူးဟာ ပိုပျော်သင့်တယ်လို့ ဘုရင်ကြီးထင်ခဲ့တယ်။
ဒီလိုနဲ့ အမတ်ကြီးကို မေးမြန်းပြန်တယ်။ အမတ်ကြီးက "အရှင်မင်းကြီး ..
ဒီစားဖိုမှူးဟာ ၉၉မိသားစုထဲ လုံးဝ ၀င်ရောက်လာပါပြီ" လို့ ဖြေပါတယ်။
၉၉မိသားစုဆိုတာ
သူတို့ဘယ်လောက်ပဲ ပိုင်ဆိုင်ထားသည့်တိုင် မပြည့်ဝတတ်သူတွေဖြစ်တယ်။ သူတို့ဟာ
အဲဒီထပ်ဖြည့်မယ်ငွေကြေး "တစ်ပြား"အတွက် အလုပ်တွေကို နေ့မအား
ညမအားလုပ်ကြတယ်။ "ရာ"ပြည့်မယ့် သူတို့ရဲ့လိုအင်ဆန္ဒအတွက် ပင်ပင်ပန်းပန်း
အလုပ်လုပ်ကြတယ်။ "ရာ" ပြည့်နိုင်ဖို့ "တစ်"ကို
အားအင်ကုန်ခမ်းတဲ့ထိ လိုက်ရှာပြီး ပျော်ရွှင်ခြင်းတွေ၊
ကျန်းမာရေးတွေစွန့်တဲ့လူတွေဟာ ၉၉မိသားစုပဲဖြစ်တယ်။
ဥစ္စာပစ္စည်းရဲ့
တစ်ရာပုံ တစ်ပုံနဲ့ ပျော်ရွှင်ခြင်းကိုဝယ်နိုင်ရင် ဒါဟာ ထိုက်တန်ပါတယ်။
ဒါပေမယ့်
ဥစ္စာပစ္စည်း တစ်ပုံအတွက် ပျော်ရွှင်ခြင်းနဲ့ လဲတာက မထိုက်တန်ပါဘူး။
သင်ဟာ
၉၉ မိသားစုလား?
No comments:
Post a Comment