တစ်ခါက
အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးအား
အင်တာဗျူးလေသည်။ အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက်
ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။
လူငယ်မှာ
ခဏမျှစဉ်းစားပြီး အဖြေကို တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။
“လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက
လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့
ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကိုရောက်ပြီး မကြာဘူး... သူဟာ ပြင်သစ်က ကားဂိတ်၊
ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။
ကားပေါ် ရထားပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။
တကယ်လို့ လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်တောင်
မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက် ကစားလိုက်ပြီး
ကားစီးတိုင်းသူဟာ လက်မှတ်မ၀ယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး
ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ ချွေတာမယ်လို့
နှစ်သိမ့်ခဲ့မိတယ်။
အဲဒီလိုနဲ့
၎ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊
အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကျောင်းသားအဖြင့် သူဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့
ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။ မိမိကိုယ်ကို
ယုံကြည်မှု အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။
အလုပ်စလျောက်တော့
ကုမ္ပဏီတွေက သူ့ကို ၀မ်းသာအားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့
ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။
နောက်ဆုံး ကုမ္ပဏီတစ်ခုကို သူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို
မေးခဲ့တယ်။
ပြန်စာရတော့
စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့
သဘောကျခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို
ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ ကားခိုးစီးမှုအတွက်
ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်းကို ကျွန်တော်တို့ ၀မ်းနည်းစွာသိခဲ့ရတယ်။
ဒီကိစ္ခနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁)
ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂)
ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက်
နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်းဖြစ်ပါတယ်။
အဲဒီ
စာကိုဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ
တုန်လှုပ်ချောက်ချားမိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ ဒီလို ရေးထားသေးတယ်...
“အသိဉာဏ်ရဲ့ချွတ်ယွင်းမှုကို
ကိုယ့်ကျင့်တရားက အမြဲတမ်း လိုက်ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့
ချွတ်ယွင်းမှုကို အသိဉာဏ်က ဘယ်တော့မှ လိုက်ဖြည့်စွက်မပေးနိုင်ဘူး”
အဲဒီ
အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော်
ပြောချင်တာကတော့ ဒါပါပဲ....
လူငယ်ရဲ့
စကားအဆုံး အင်တာဗျူးသူများ ခဏမျှတိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ
အောင်မြင်ဖို့အတွက် အရေးပါတဲ့အချက်လို့ ပြောနိုင်လား”လို့မေးတော့
“ပြောနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။
ကျွန်တော်ဒီနေ့လို အောင်မြင်လာရခြင်းဟာလဲ မနေ့အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့်
ခံယူထားလို့ပါပဲ”
No comments:
Post a Comment