(၁)
မိသားစုပုံတွေ ရိုက်ပါ
မိသားစုနဲ့
အတူနေရချိန်တွေကို တန်ဖိုးထားပါ။ နှစ်စဉ်နှစ်တိုင်း မိသားစု အမှတ်တရပုံရိပ်တွေကို
ကင်မရာနဲ့ မှတ်တမ်းတင်ပါ။ အဝေးတစ်နေရာဆီ ခွဲခွာနေကြတဲ့ ဆွေမျိုးသားချင်းတွေနဲ့လည်း
ဒီလိုအချိန်မှာ တွေ့ဆုံနိုင်ပါတယ်။
(၂)
ကိုယ့်ကိုယ်ကို အိမ်ချစ်တဲ့အကြောင်းပြချက် တစ်ခုခုပေးပါ
ကိုယ့်အခန်း၊
ကိုယ့်အိမ်ကို အပြောင်းအလဲ ပြင်ဆင်တာမျိုးနဲ့ စိတ်ဖိအားကို ဖြေလျော့နိုင်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်ကို အပြောင်းအလဲ နည်းနည်းပေးပါ။ ဥပမာ-- ခေါင်းလောင်းလေး
ချိတ်တာပဲဖြစ်ဖြစ်၊ အလှမွေးငါးကန်လေးတစ်ခု ထားတာပဲဖြစ်ဖြစ်၊ ဓာတ်ပုံ၊ ပန်းချီ၊
ပန်း၊ အရုပ် ဒါမှမဟုတ် ပြက္ခဒိန်တွေနဲ့ ပြင်ဆင်တာပဲဖြစ်ဖြစ် တောက်ပတဲ့နေရောင်၊
လှပတဲ့ရှုခင်းအတွက် ရင်ခွင့်ပြတင်းကို ဖွင့်ပေးနိုင်ပါတယ်။
(၃)
ရှော့ပင်းထွက်ပါ
လှပတဲ့အရာတွေခံစားဖို့
ဝယ်စရာမလိုဘဲ ငေးလို့ရတဲ့ဆိုင်တွေကို လှည့်ပတ်ပါ။ ဥပမာ-- ပန်းချီးပြခန်း၊
ရှေးဟောင်းပစ္စည်းဆိုင်၊ ရတနာဆိုင်၊ ပြတိုက်၊ စာအုပ်ဆိုင်... အကြားအမြင်
ဗဟုသုတလည်းရသလို စိတ်ကိုလည်း ကြည်နူးစေနိုင်ပါတယ်။
(၄)
စိတ်ဝိညာဉ်ကို သံစဉ်တွေနဲ့ ဆေးကြောပါ
စိတ်ကိုဖြည်လျော့စေတဲ့
သံစဉ်ပါတဲ့ အခွေကိုဝယ်ပါ။ လှိုင်းပုတ်သံပဲဖြစ်ဖြစ်၊ ရေစီးသံပဲဖြစ်ဖြစ်။ ဒါမှမဟုတ်
နှစ်သက်တဲ့ သီချင်း၊ နှစ်သက်တဲ့အဆိုတော်ရဲ့ သီချင်းကိုဖွင့်ပြီး
အားရပါးရလိုက်ဆိုပါ။
(၅)
ဟာသတွေ စုဆောင်းပါ
ရယ်မောခြင်းက
ကူးစက်တတ်တဲ့ရောဂါဖြစ်တယ်။ ရယ်မောစရာတွေက ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘဝကို
အားအင်ဖြစ်စေတယ်။ ဟာသကာတွန်းစာအုပ်၊ ဟာသခွေ၊ ဟာသရုပ်ရှင်တွေကို စုဆောင်းပါ။
ပက်ပက်ဟက်ဟက် ရယ်မောချင်တဲ့အခါ ဒါတွေဟာ အသုံးဝင်တဲ့၊ ဖလှယ်လို့ရနိုင်တဲ့
ပစ္စည်းတွေဖြစ်တယ်။
(၆)
ဇိမ်ပြေနပြေ ရေချိုးပါ
နေ့တိုင်းရေချိုးခြင်းဖြင့်
ခန္ဓာကိုယ်ကို လန်းဆန်းစေသလို ပျော်ရွှင်မှုကိုလည်း ဖန်ဆင်းနိုင်တယ်။ ရေထဲ
ရေမွှေးတစ်စက် ချတာပဲဖြစ်ဖြစ်၊ ဖယောင်းတိုင်လေး ထွန်းတာပဲဖြစ်ဖြစ်၊ သီချင်းလေး
ဖွင့်ထားတာပဲဖြစ်ဖြစ်၊ ပန်းတွေထိုးထားတာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကို ကြည်နူးအောင်
ဖန်ဆင်းနိုင်တယ်။ ဒါမှမဟုတ် မတူတဲ့ရာသီမှာ ကွဲပြားတဲ့ဆပ်ပြာ အရောင်၊ ပုံစံတွေကို
ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
(၇)
ဆိတ်ငြိမ်ခြင်းကို ခံစားပါ
လူတွေဟာ
လက်ခုပ်သြဘာသံကြားမှာပဲဖြစ်ဖြစ်၊ စိတ်လှုပ်ရှားတာပဲဖြစ်ဖြစ်၊
စိုးရိမ်ပူပန်တာပဲဖြစ်ဖြစ်၊ ဆူပူသံတွေပဲဖြစ်ဖြစ် အဲဒီအရာတွေခံစားပြီးတဲ့နောက်မှာ
စိတ်ဖြေလျော့ဖို့၊ အနားယူဖို့ လိုကိုလိုအပ်တယ်။ ဒီလိုအချိန်မှာ ရေစိမ်တာ၊
အိပ်ရာပေါ်မှာ စာအုပ်တစ်အုပ်နဲ့ဇိမ်ယူတာ၊ နားကျပ်တပ်ပြီး နှစ်သက်တဲ့သီချင်းကို
နားထောင်တာမျိုး လုပ်နိုင်ပါတယ်။ ဆူညံရှုပ်ထွေးတဲ့ နေ့စဉ်ဘဝကနေ ခဏခွဲထွက်ပြီး
ဆိတ်ငြိမ်ခြင်းကို ခံစားနိုင်ပါတယ်။
(၈)
မျှော်လင့်ချက်ဘဏ်တိုက်ထားပါ
ကိုယ်လုပ်ချင်တဲ့၊
ဖြစ်ချင်တဲ့၊ ကိုယ့်ကိုယ်ပျော်ရွှင်စေမယ့် အချက်(၁ဝ)ချက်ကို ချရေးပါ။ အဲဒီနောက်
လက်တွေ့မကျလည်း ကိုယ့်ကိုယ်ပျော်စေနိုင်မယ့် စိတ်ကူး(၁ဝ)ခုကို ချရေးပါ။ ပြီးတော့
အဲဒီစာရွက်နှစ်ရွက်ကို မျှော်လင့်ချက်ဘဏ်တိုက်ထဲ ထည့်ထားပြီး အခွင့်ရတာနဲ့
စိတ်ပါလက်ပါလုပ်ပါ။
(၉)
သဘာဝတရားကို ပွေ့ဖက်ပါ
သဘာဝတရားက
လှပတဲ့ပြက္ခဒိန်တစ်ခုဖြစ်တယ်။ နွေမိုးဆောင်းရာသီတွေမှာ ထူးဆန်းအံ့သြခြင်းတွေနဲ့
ပြည့်နေခဲ့တယ်။ သဘာဝကပေးတဲ့ အလှတရားတွေကို ခံစားဖို့ မှန်ပြောင်းလိုမယ်၊
စာအုပ်ဘောလ်ပင်လိုမယ်၊ ကင်မရာလိုမယ်။ ပန်းခြံထဲမှာ လမ်းလျှောက်ရင်းနဲ့လည်း
ကိုယ့်ဘေးပတ်ဝန်းကျင်က ရှုခင်းအလှတွေကို ခံစားနိုင်ပါတယ်။
(၁ဝ)
ကိုယ်ကိုယ်တိုင်နဲ့ ချိန်းတွေ့ပါ
ကိုယ့်ကိုယ်ကို
လွတ်ငြိမ်းတာဟာ ဦးနှောက်ကို ကြည်လင်လန်းဆန်းစေတယ်။ နေ့တိုင်းထိတွေ့နေတဲ့
ပတ်ဝန်းကျင်က ခဏခွဲထွက်ပြီး တစ်ယောက်တည်း ခရီးထွက်ပါ။ တစ်ခါမှ
မရောက်ဖူးတဲ့နေရာတွေဆီ လည်ပတ်ပါ။ မရင်းနှီးတဲ့ လူ၊ ပတ်ဝန်းကျင်၊ ရှုခင်းတွေထဲ
ပျော်ဝင်ခံစားပါ။
***မူရင်းမှာရေးထားတာက
ပျော်ရွှင်နည်း(၅ဝ)ပါ။ (၅ဝ)ထဲကနေ ကျွန်မကြိုက်နှစ်သက်တာ၊ သင့်လျော်တာကို
ရွေးချယ်ဘာသာပြန်ပါတယ်။ ကျန်နေတဲ့အချက်တွေကို ဆက်လက်ဘာသာပြန်ပါဦးမယ်။
No comments:
Post a Comment