ခေါက်ဆွဲသုံးပွဲနှင့် ကြက်ဥကြော်
၎တန်းတက်နေတဲ့ သားက အိမ်မှာဆို ဘုရင်တစ်ဆူလိုပါပဲ။ တစ်အိမ်လုံးက၀ိုင်းချစ်ကြတယ်။ သားက ကြက်ဥအရမ်းကြိုက်တယ်။ အထူးသဖြင့် ကြက်ဥကြော်ပေါ့။
တစ်နေ့မနက် ကျွန်မ ကြက်ဥခေါက်ဆွဲ နှစ်ပွဲလုပ်ပါတယ်။ ခေါက်ဆွဲတစ်ပွဲပေါ်မှာကြက်ဥတစ်လုံးတင်ပြီး ကျန်တစ်ပွဲက ကြက်ဥမပါဘူး။ ခေါက်ဆွဲကို စားပွဲပေါ်တင်ပြီးသားကို ကျွန်မမေးလိုက်တယ်။
" သား....ဘယ်တစ်ပွဲစားမလဲ ? "
"ကြက်ဥပါတဲ့တစ်ပွဲ မေမေ" သားက ကြက်ဥပါတဲ့ တစ်ပွဲကို လက်ညှိးထိုး ပြီးပြောတယ်။
"မေမေကို ကျွေးပါလား သား... ပုံပြင်တစ်ပုဒ်မှာ လေးနှစ်ပဲရှိသေးတဲ့ ကောင်လေး
တစ်ယောက်က သစ်တော်သီးမျှသတဲ့။ သားက ဆယ်နှစ်တောင်ရှိနေပြီ မေမေကို
ကြက်ဥမျှပါနော်"
"ကောင်လေးကကောင်လေး...သားကသား...မမျှနိုင်ပါဘူး"
"တကယ်မမျှဘူးပေါ့ ? "
သားက ဆတ်ခနဲ ကြက်ဥကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
"နောင်တမရဘူးလား သား" ကျွန်မမေးလိုက်ပြန်တယ်။
"မရပါဘူး" ကျန်ကြက်ဥကို ပါးစပ်ထဲ ထိုးထည့်ရင်း သားကပြောပါတယ်။
သားစားတာကို ကြည့်ပြီးမှ ကျွန်မခေါက်ဆွဲကို စစားဖို့ပြင်လိုက်တယ်။
ကျွန်မရဲ့ခေါက်ဆွဲမှာ ကြက်ဥကြော် နှစ်လုံး ဖွက်ထားတာကို သားမြင်အောင်ပြလိုက်ပြီး.. "သား...တပန်းသာချင်တဲ့လူဟာ ဘယ်တော့မှ အသာမရနိုင်ဘူးဆိုတာ မှတ်ထားနော်" ကြက်ဥကြော်စားနေတဲ့ ကျွန်မကို သားက ငိုမဲ့မဲ့နဲ့ ပြန်ကြည့်ပါတယ်။
ဒုတိယအကြိမ် ခေါက်ဆွဲချက်စားတော့ ပထမတစ်ခေါက်လိုပဲ တစ်ပွဲက ကြက်ဥကြော်ပါပြီး
ကျန်တစ်ပွဲက မပါ ဘူး။
"သား...ဘယ်တစ်ပွဲစားမလဲ ?"
"လေးနှစ်သားကလေးတောင် သစ်တော်သီး မျှသေးတာပဲ..မေမေကို သားကြက်ဥ မျှပါတယ်" သားက
ပြောပြောရီရီနဲ့ ကြက်ဥကြော်မပါတဲ့ တစ်ပွဲကို ရွေးလိုက်တယ်။
"နောင်တမရဘူးပေါ့ ?"
"မရဘူး မေမေ" သားက ပြောပြောဆိုဆို ခေါက်ဆွဲကို စစားပါတော့တယ်။
ခေါက်ဆွဲကုန်တဲ့အထိ ကြက်ဥကြော်ကို သူမတွေ့ခဲ့ပါဘူး။ ဥပါတဲ့ တစ်ပွဲရဲ့အောက်မှာ
ကြက်ဥကြော် နောက်ထပ်တစ်လုံး ၀ှက်ထားတာကို သားမြင်အောင် ပြပြီး.."သား...ကိုယ်အသာရအောင် လုပ်တဲ့လူဟာ တခါတလေမှာ နစ်နာတတ် တယ်ဆိုတာ မှတ်ထားနော်"
ဒုတိယအကြိမ် သင်္ခန်းစာရလိုက်တော့ သားက မချိတင်ကဲနဲ့ သွားဖြီးပြပါတော့တယ်။
နောက်တစ်ခေါက် ခေါက်ဆွဲချက်ပြန်တော့ အရင်ပုံစံအတိုင်းပဲ တစ်ပွဲက ကြက်ဥပါပြီး
နောက်တစ်ပွဲက မပါခဲ့ ပြန်ဘူး။
" သား...ဒီနေ့ ဘယ်တစ်ပွဲစားမလဲ ? "
" မေမေဟာ လူကြီးပါ...မေမေ အရင်ရွေးပါ။ သားမေမေကို အရင်မျှပါတယ်"
"ဒါဆိုရင် မေမေ အားမနာတော့ဘူးနော်" ကြက်ဥကြော်ပါတဲ့ တစ်ပွဲကို ကျွန်မယူပြီး
ပြောလိုက်တယ်။
သားက ဥမပါတဲ့ တစ်ပွဲကို စားနေခဲ့တယ်။ စားရင်းစားရင်း အောက်နားရောက်တော့သူ့ခေါက်ဆွဲထဲမှာလည်း ကြက်ဥကြော် တစ်လုံးပါတာကို တွေ့လိုက်တယ်။
"သား....အသာမရချင်တဲ့လူဟာ နစ်နာမှုနည်းတယ်ဆိုတာ မှတ်ထားပါနော်"
သားက ကျွန်မအပြောကို သဘောတူကြောင်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြတယ်။
ကျွန်မရဲ့အပြောကို အခုအချိန်မှာ သားဟာ သေချာသဘောပေါက်လိမ့်မယ် မထင်ဘူး။
ဒါပေမယ့် စကားသုံးခွန်းနဲ့ ခေါက်ဆွဲစား ခဲ့တာကိုတော့ သားတစ်သက် မေ့လိမ့်မယ်မထင်ဘူး။
Chawn Hong ၏ "ပုံစံအမျိုးမျိုးပြောင်းပြီး မိဘလုပ်ခြင်း" စာအုပ်မှ
Chawn Hongဟာ "တရုတ်ပြည်ကို ပထမဦးဆုံး နိုးထစေတဲ့ဖခင်" "ကလေးတွေ မညံ့ဘူးလို့
ပထမဦးဆုံး သတိပြုမိတဲ့ဖခင်" "ခြောက်ကြိမ်မြှောက် တကမ္ဘာလုံးဆိုင်ရာ
ဘ၀ကိုမြတ်နိုးသူ ဆုရပိုင်ရှင်" "နန်ကျင်း နားမကြား ကလေးကျောင်းမှ
ကျောင်းအုပ်ဆရာကြီး" "နားမကြားတဲ့ သမီးကို ဒုက္ခ္ခိတဆိုတဲ့ အရိပ်ဆိုးက လွတ်အောင်
လမ်းညွှန်ပေးခဲ့တဲ့အပြင် အမေရိကန်မှာ ဘွဲ့လွန်သင်တန်းတွေ တက်နိုင်တဲ့အထိ
ပြုစုပျိုးထောင် ပေးခဲ့တဲ့ ဖခင်" "သာမန်ဖခင်တစ်ဦးမှ တနိုင်ငံလုံးထိ
နာမည်ကြီးခဲ့တဲ့ ပညာရေး ဖခင်တစ်ဦး" ပါ။
No comments:
Post a Comment