ဒီလိုအဖြစ်လေးတစ်ခု
ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီး သခင်စကားနားထောင်တဲ့
ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကို ဘေးအိမ်ခွေးကြီးက
ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ ခွေးကလေးကို သခင်က ဆေးထည့်ပေးဖို့
ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကို လှမ်းကိုက်ခံလိုက်ရတယ်။ သခင်က စိတ်မဆိုးတဲ့အပြင်
“ကျွန်တော့်ကို လှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ” လို့ ပြောခဲ့တယ်။
ဒါဟာ
ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကို လှမ်းကိုက်တာက
မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ကိုယ့်ကို နောက်ထပ်အနာတရ မဖြစ်အောင်
ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင် သခင့်ကိုတောင်
ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသထွက်မိလိမ့်မယ်။
စိတ်ဆိုးဒေါသရဲ့နောက်ကွယ်မှာ ဒဏ်ရာရနေတဲ့ ခွေးကလေးကို သခင်က တစ်ခုခုထပ် လုပ်မိမှာ
အမှန်ပါပဲ။
နောက်အဖြစ်တစ်ခုက
ဒီလိုဆိုပါတယ်။
ရုံးဆင်းပြန်လာတဲ့
ဖခင်တစ်ဦးဟာ အိမ်ထဲဝင်လိုက်တာနဲ့ ဧည့်ခန်းတစ်ခုလုံးကို ကစားစရာတွေနဲ့ ရှုပ်ပွအောင်
ဆော့ကစားနေတဲ့ သားကိုတွေ့လိုက်တယ်။ ဖခင်ဟာ သားကို ဘာအကျိုးအကြောင်းမှ ပြောမနေဘဲ
ဒေါသတကြီး သားကို ဆူတော့တယ်။ ထက်မြက်တဲ့သားက ဘာမှပြန်မပြောဘဲ ပစ္စည်းတွေကိုသိမ်း
လက်ကိုစင်ကြယ်အောင်ဆေးပြီးမှ ဖခင်ကို ပွေ့ဖက်ပြီး “ဖေဖေ... ဒီနေ့အလုပ်မှာ
ဘဝင်မကျတာတွေ ဖေဖေကြုံခဲ့ရတယ် မဟုတ်လား?” လို့ မေးလိုက်တယ်။
လိမ္မာတဲ့သားက
ဖခင်ဒေါသထွက်ရတာဟာ သူတစ်ယောက်တည်းကြောင့်မဟုတ်ဘဲ ဖခင်စိတ်ထဲမှာ နဂိုကတည်း
တစ်ခုခုထိခိုက်ခံထားရလို့၊ မကျေနပ်လို့ ဆိုတာကို သဘောပေါက် နားလည်လိုက်တယ်။
ကျွန်မတို့ရဲ့
ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်မျိုးတွေ မကြာခဏ ကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ...
ကျောင်းဆင်းပြန်လာတဲ့
ကလေးငယ်တစ်ယောက် ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်လိုက်တယ်။ “ဘာဖြစ်လာသလဲ?”
လို့ သူ့ကိုမေးရင် “မေမေနဲ့ မဆိုင်ပါဘူး၊ ဟာ... သိပ်ရှုပ်တာပဲ” စတာတွေနဲ့ ကိုယ့်ကို
ပြန်အော်တတ်သလိုမျိုး
“
ဒီည ဘာဟင်းစားချင်သလဲ” လို့ ကြင်ကြင်နာနာနဲ့ မေးလာတဲ့ဇနီးကို လင်ယောက်ျားက
“မင်းနဲ့ငါ ယူတာ ဒီလောက်ကြာနေပြီ။ ငါဘာကြိုက်တယ်ဆိုတာ မင်းမသိဘူးလားကွ” လို့
ပြန်အော်တတ်သလိုမျိုး
ဧည့်ခန်းမှာ
ကလေးငယ်ကိုပွေ့ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ထိုင်နေတဲ့ ဇနီးကို ရုံးဆင်းပြန်လာတဲ့
လင်ယောက်ျားက “နေမကောင်းလို့လား?” လို့ ဂရုတစိုက်နဲ့ မေးတဲ့အမေးကို “ရှင်
ဘာဖြစ်လို့ အခုမှ ပြန်လာရသလဲ?” လို့ အော်ငေါက်သလိုမျိုး
အထက်က
အဖြစ်အပျက်မျိုးတွေမှာ ဂရုတစိုက်မေးတဲ့ကိုယ့်ကို ပြန်အော်တယ်ဆိုပြီး
ကျွန်မတို့လည်း စိတ်ဆိုးဒေါသထွက်ကြမှာပဲ။ အဲဒီနောက် အပြန်အလှန် အော်ဟစ်တာ၊
ကျိန်ဆဲတာတွေ ဖြစ်လာတော့မယ်။ ဒါမှမဟုတ် မခေါ်မပြောတဲ့ သွေးအေးစစ်ပွဲတွေ စတော့မယ်။
တကယ်လို့
သူငါ့ကို ပြန်အော်တာ အပြင်မှာ၊ တစ်နေရာရာမှာ သူဘဝင်မကျခဲ့လို့၊ ထိခိုက်ခဲ့လို့၊
စိတ်ဒဏ်ရာရခဲ့လို့၊ အနိုင်ကျင့်ခံခဲ့ရလို့လို့ ဖြေတွေးခဲ့ရင် ပြဿနာတစ်ခုက
ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားနိုင်ပါတယ်။
စိတ်ဒဏ်ရာရနေတဲ့
လူတစ်ယောက်ကို ကျွန်မတို့ ဘယ်လိုဆက်ဆံမလဲ? သူဟာ တခြားသူရဲ့နားလည်မှု၊
လက်ခံနိုင်မှုတွေကို လိုအပ်နေသူဖြစ်တယ်။
ဒေါသတကြီးနဲ့
လွယ်အိတ်ကို ခုံပေါ်ပစ်တင်တဲ့ ကလေးငယ်ကို “သား ကျောင်းမှာ
တစ်ခုခုဖြစ်ခဲ့ပြီမဟုတ်လား.. လာ..လာ.. ဘာတွေဖြစ်ခဲ့လဲ မေမေ့ကိုပြောပြ”
ဒေါသထွက်တဲ့
လင်ယောက်ျားကို ဇနီးက “ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ? ကျွန်မကလွဲရင် ရှင့်ကို
စိတ်ဆိုးအောင် ဘယ်သူလုပ်နိုင်သလဲ?”
မျက်နှာရှစ်ခေါက်ချိုးနဲ့
ဇနီးကို “တစ်နေ့ကုန် ကလေးထိန်းနေရတာ ပင်ပန်းနေပြီလား? အိမ်အလုပ်တစ်ခုခု
ကိုယ်ဘာများကူညီရမလဲ?” စတဲ့ စကားတွေက စိတ်ဆိုးဒေါသထွက်နေသူရဲ့ စိတ်ကို
အနည်းအများတော့ ပြောင်းလဲစေမှာ အမှန်ပါပဲ။ တစ်ပါးသူရဲ့ နားလည်မှု၊
လက်ခံမှုကိုရရှိပြီးနောက် ဒေါသတကြီးထွက်ဆိုခဲ့မိတဲ့ သူတို့စကားတွေအတွက် သူတို့
အားတုန့်အားနာဖြစ်နေမိမှာ သေချာပါတယ်။
စာအမြဲသွားဖတ်နေကျ
http://share.youthwant.com.tw မှာဖတ်မိတဲ့ စာတစ်ပုဒ်ကို ဆီလျှော်အောင်
ဘာသာပြန်ပါတယ်။
No comments:
Post a Comment