အလုပ်ပိတ်ရက်
စနေနေ့တစ်နေ့မှာ အမေ့အိမ်ကို ကျွန်မပြန်ဖြစ်ခဲ့တယ်။ အဝေးကသမီး အိမ်ပြန်လာတော့ အမေက
သူကိုယ်တိုင်ဈေးသွားပြီး ချက်ပြုတ်ကျွေးမွေးဖို့ ပြင်ဆင်ခဲ့တယ်။ ကျွန်မဘယ်လိုမှ
တားမရခဲ့ဘူး။
“
ငါ့ကို မတားပါနဲ့.. ငါလှုပ်နိုင်သေးတယ်... ပြန်လာခဲတဲ့နင့်တို့အတွက် ငါကိုယ်တိုင်
ချက်ပြုတ်ချင်လို့ပါ.. ဒါကို မောတယ်လို့ မခေါ်ဘူး... ပီတိလို့ခေါ်တယ်”
“ဒါဆို
သမီးလဲ ဈေးလိုက်ခဲ့မယ် အမေ”
“အေး...လာ
လိုက်ခဲ့... သမီးစားချင်တာတွေကို အမေဝယ်မယ်”
အမေ
အသက်ကြီးပါပြီ... လှမ်းလျောက်ရင် ခြေလှမ်းတွေက သိပ်မသွက်တော့ပါဘူး။
ဈေးခြင်းတစ်ဖက်ကိုဆွဲပြီး အိမ်အကြောင်း၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း
ကျွန်မတို့ ဈေးသွားခဲ့ကြတယ်။ “သစ်ပင်အို အမြစ်များ၊ လူအို စကားများ” ဆိုသလို
အမေဟာ လမ်းတစ်လျောက် မမောမပန်း စကားတွေ တတွတ်တွတ် ပြောလာခဲ့တယ်။ တခြားလူတွေက
နားမထောင်ချင်ရင် ရှောင်သွားလို့ရပေမယ့် သားသမီးဖြစ်တဲ့ ကျွန်မတို့က
နားမထောင်ချင်လဲ ဂရုတစိုက်ပုံစံနဲ့ နားထောင်ပေးနေရတယ်။
မျဉ်းကျားတစ်ခုကိုဖြတ်
လမ်းကူးရင်ဈေးရောက်ပါပြီ။ မျဉ်းကျားမကူးခင် အမေရပ်လိုက်တယ်။ ခြင်းတောင်းကို ဘယ်လက်နဲ့
ပြောင်းကိုင်လိုက်ပြီး အမေ့ညာလက်က ကျွန်မလက်ကိုတွဲဖို့ အလိုလို ကမ်းလာပါတယ်။
အဲဒီအဖြစ်ကို မြင်တော့ ကျွန်မ တော်တော်တုန်လှုပ် သွားခဲ့မိတယ်။ ကျွန်မနဲ့
အရမ်းရင်းနှီးခဲ့ဖူးတဲ့ အပြုအမူလေးတစ်ခုပါလား!
ကျွန်မ
ငယ်စဉ်အခါ ကျောင်းနေတုန်းက ဒီမျဉ်းကျားကို အမြဲဖြတ်ရတယ်။ ကျွန်မကို စိုးရိမ်တတ်တဲ့
အမေက မျဉ်းကျားရဲ့ ဟိုတစ်ဖက်ကို အမြဲလိုက်ပို့ပေးပြီးမှ အလုပ်သွားတတ်တယ်။
မျဉ်းကျားကူးတဲ့အချိန်မှာ အမေက သူ့ညာလက်ကို အမြဲကမ်းပြီး ကျွန်မရဲ့သေးငယ်တဲ့လက်ကို
ဆုပ်ကိုင်ထားတတ်ပြီး “ကားများရင် မကူးနဲ့”... “တစ်ခြားလူ ကူးတဲ့အချိန် လိုက်ကူးနော်”
စတာတွေကို မှာကြားတတ်တယ်။ ဒီလိုနဲ့ အနှစ်(၂ဝ)ကျော် လွန်မြောက်လာခဲ့တယ်။ သေးငယ်တဲ့
ကျွန်မရဲ့လက်တွေက အင်အားရှိတဲ့ လက်တစ်စုံ ဖြစ်လာခဲ့တယ်။ အမေ့ရဲ့လက်တွေကတော့
ပျော့ပျောင်းရွတွပြီး ကြမ်းတမ်းတဲ့ လက်တစ်စုံဖြစ်ခဲ့တယ်။ ဒါပေမယ့်
တွဲဖို့ကမ်းလိုက်တဲ့ သူ့ရဲ့လက်တစ်စုံက နွေးထွေးနေဆဲပါ။
ပင်ပန်းဆင်းရဲဒဏ်တွေကို
အမေ တော်တော်ခံခဲ့ရတယ်။ အဲဒီဒဏ်တွေကို အမေက သူ့ဆံပင် ဖီးသင်သလို သီကာပွတ်ကာ
ဖယ်ရှားခဲ့ပေမယ့် ကျွန်မတို့အပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကိုတော့
မဖယ်ရှားခဲ့ဘူး။ သားသမီးဖြစ်တဲ့ ကျွန်မတို့ကသာ မိဘတွေနဲ့ တဖြေးဖြေး အနေဝေးလာပြီး
တစ်လမှတစ်ခေါက်လောက်ပဲ တာဝန်အရ ပြန်လာကြည့်နိုင်ခဲ့တယ်။
ကမ်းလာတဲ့အမေ့လက်ကို
ကျွန်မပြန်မတွဲဘဲ အမေ့လက်ထဲကခြင်းကို ကျွန်မယူလိုက်တယ်။ ပြီးတော့
ကျွန်မလက်ကိုဆန့်ပြီး အမေ့ရဲ့လက်ကို ဆုပ်ကိုင်လိုက်မိတယ်။ “ငယ်ငယ်တုန်းက
မျဉ်းကျားဖြတ်တိုင်း အမေက ကျွန်မရဲ့လက်ကိုဆွဲခဲ့တယ်။ ဒီတစ်ခါ အမေ့လက်ကို
ကျွန်မတွဲပါရစေ” အမေက ကျွန်မကိုကြည့်ပြီး နွေးနွေးထွေးထွေး ပြုံးပြတယ်။
“အမေ...
အမေ့ခြေထောက်တွေက အရင်လိုမသွက်တော့ဘူး။ ကားကများ လူကများနဲ့ လမ်းမဖြတ်ခင် လက်ဝဲ၊
လက်ယာ ကြည့်ဦးနော် အမေ။ အိမ်မှာ ဘာပဲဖြစ်ဖြစ် သမီးတို့ ဘယ်လောက်ပဲ
အလုပ်များနေပါစေ အကြောင်းကြားပါနော်။ အမေက သမီးကို ကိုယ်တိုင်အနှီးတွေလဲပေးပြီး
ပြုစုပျိုးထောင်ခဲ့တဲ့ ကျေးဇူးရှင်ပါ”
အမေ့လက်ကိုဆွဲပြီး
လမ်းကူးမိချိန် ကျွန်မရင်ထဲမှာ အမည်မသိ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ နောင်တတွေ
ရနေမိတယ်။ အသက်ငယ်ရွယ်သူတွေကို ချစ်မြတ်နိုးပြီး ဂရုစိုက်ဖို့မမေ့တတ်တဲ့ကျွန်မ
အသက်ကြီးရင့်သူတွေကို ဂရုစိုက်ဖို့ မေ့လျော့နေခဲ့မိတယ်။ သားသမီးတွေရဲ့
လက်ဖ၀ါးလေးကို ကိုယ် တင်းတင်းဆုပ်ကိုင်မိစဉ်မှာ ကြမ်းတမ်းကြီးရင့်တဲ့
လက်တစ်စုံဟာလဲ လှမ်းလင့်လာမယ့် လက်တစ်စုံကို မျှော်လင့်နေကြောင်း....
စိတ်သွားတိုင်း
ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို
ကူတွဲပေးပါ။ လမ်းလျောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း
လှမ်းလျောက်ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
original
post from: http://www.youthwant.com.tw
No comments:
Post a Comment