ည...
အမှောင်ထုက တဖြေးဖြေး လွှမ်းမိုးလာသည်။ ချုံစပ်မှ အကောင်ငယ်လေးများ၏ အော်သံသည်
တိတ်ဆိတ်သောညကို ပိုအသက်ဝင်စေသည်။ ချောင်ကျကျ သစ်ပင်တစ်ပင်၏ သစ်ရွက်တစ်ရွက်ပေါ်တွင်
ခြင်လေးနှစ်ကောင် နားနေသည်။ ခြင်တစ်ကောင် က သစ်ရွက်ပေါ်တွင် တွဲခိုနေသော
အေးခဲနေသည့်နှင်းရည်ကို စုပ်ယူရင်း ဘေးတွင် စိတ်ကောက်နေသော ခြင်မအား
တစ်ချက်တို့လိုက်ပြီး စိုးရိမ်သော အသံဖြင့်ချော့နေသည်။
“ရှင်မ..
တစ်နေ့လုံး ဘာမှ မစားမသောက်ဘူး။ နှင်းရည်လေး သောက်လိုက်ပါလား”
ခြင်မက
နှင်းရည်များဖြင့် စွတ်စိုနေသော သစ်ရွက်ကို တစ်ချက်ကြည့်ရင်း....
“အေးစက်နေတဲ့
ဒီအရာကို ကျွန်မ ဘယ်လိုမျိုချရမလဲ..? နေ့တိုင်း ရှင်ဒီစကားပဲပြောနေတာ
စိတ်ကုန်လာပြီ” မကျေမနပ်နှင့် မျက်စောင်းခဲ၍ဆိုသည်။
“လူတွေနဲ့မှ
ရင်ဆိုင်ချင်တာလား ရှင်မရယ်.. သူတို့က အနံ့အသက် အမျိုးမျိုးနဲ့ ကျုပ်တို့ကို
ဆွဲဆောင်နေကြတာ.. အဲဒီအနံ့တွေရတိုင်း ကျုပ်ကတော့ မူးမေ့မတတ်ဘဲ.. မတော်လို့
ရှင်မတစ်ခုခု....” ခြင်ဖိုက စိတ်ပူစွာပြောသည်။
“ရှင်
သိပ်ပျော့ညံ့လွန်းတယ်” အေးစက်စက် တစ်ချက်ကြည့်ရင်း သူမ ထပျံသွားသည်။
သူမပျံဝင်သွားသော
အိမ်၏ ပြတင်းပေါက်မှ ဖြာကျလာသော အလင်းတန်းကို ကြည့်ပြီး သူ ရတက်မအေးတော့။
ဘာကြောင့်မှန်းမသိ ဒီည တစ်ခုခုဖြစ်မည်ဆိုတာကို သူကြိုသိနေသည်။ သစ်ရွက်ပေါ်တွင်
နားနေရင်း သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေမိသည်။
သူမကို
တွေ့ချင်စိတ်တွေ ပြင်းပျလာသည်။ သူမ အန္တရာယ်မှ ကင်းပါ့မလား... ?
လူသွေးကိုမှ
တပ်မက်သော သူမ၏ စိတ်ဆန္ဒကို သူ မတားဆီးနိုင်ခဲ့။ သူမ၏တဇွတ်ထိုးနိုင်မှုက သူတို့ဘ၀ကို
ပျက်ဆီးသွားစေနိုင်သည်ဟု
သူစိတ်မကောင်းစွာ
တွေးမိသည်။
နှင်းများပိုသိပ်သည်းလာသည်။
အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း သူမ ထွက်အလာကို ရင်တထိတ်ထိတ်နှင့် စောင့်နေမိသည်။
စိုးရိမ်စိတ်ဖြင့် စောင့်နေရတာကို သူ စိတ်မရှည်ချင်တော့။ မိမိအသက်ကို မမှုတော့ဘဲ
ပြတင်းပေါက်ထဲ ပျံဝင်သွားသည်။ မီးရောင်မှိန်မှိန်အောက်တွင် လူ၏လက်မောင်းက
သွေးကြောထဲ ခေါင်းကိုနစ်ပြီး အငမ်းမရ စုပ်ယူနေသော သူမကို တွေ့လိုက်မိသည်။
စုပ်အားကြောင့်
တောင်ပံလေးတွေတောင် တုန်ခါနေပါလား..!
လူ၏သွေးများ
သူမ ခန္ဓာကိုယ် သွေးကြောစိမ်းစိမ်းလေးထဲ ၀င်ရောက်သွားခိုက် ဘယ်ဖက်ပုခုံးကို
လှုပ်တောင် မလှုပ်သောလူ၏ ညာဖက်လက် မြှောက်လိုက်သည်ကို သူ အထိတ်တလန့်
မြင်လိုက်ချိန်မှာတော့....
“မြန်မြန်ရှောင်”
အဆုတ်ကွဲမတတ်
သူအော်ပြီး သတိပေးလိုက်သော်လည်း မမီတော့...
အရှိန်ပြင်းသော
လက်ဝါးဒဏ်ကြောင့် သူမ ကြမ်းပြင်ပေါ် လုံးထွေးပြီး ပြုတ်ကျသွားသည်။
သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော သူမဘေးသို့ သူ ချက်ချင်းရောက်သွားသည်။ သူမကို
ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်မိသည်။ မျက်ရည်များ အဆက်မပြတ်ကျလာသည်။ မျက်ရည်များဖြင့်
ပြည့်နေသောမျက်စိကို သူမ အားယူဖွင့်ရင်း သူ့ကိုကြည့်လိုက်သည်။
“နှမျောဖို့
ကောင်းလိုက်တာ... အသက်တွေ ဆုံးရှုံးရတော့မှာပါလား”
ညည်းညူနေသော
သူမကို ထောင်မတ်ပေးရင်း.....
“ဘာဖြစ်လို့
ကျုပ်တားတာကို လက်မခံခဲ့တာလဲ ရှင်မရယ်”
“ရှင်မ
သိပါတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ရှင်မမှာ ကိုယ်ဝန်ရှိနေပြီ။ နှင်းစက်လေး
သောက်ရုံနဲ့ ကလေးတွေအတွက် အဟာရ မရနိုင်ဘူး။ အန္တရာယ်ရှိမှန်း သိလည်း ကလေးအဟာရ အတွက်
လူသွေးကိုမှ တောင့်တမိတာပါ။ ရှင်မ သေမယ်ဆိုတာ သိပြီးသားပါ။ လူတွေကို မဆန့်ကျင်၊
မနာကျင်စေချင်တဲ့ ရှင်ကတော့ မသေနိုင်သေးပါဘူးလေ”
သူမ
မျက်တောင်ကို ပုတ်ခတ်ပြီး အားတင်းပြုံးလိုက်ရင်း...
“ကလေးမွေးပြီးနောက်ပိုင်း
အားအင်တွေ ကုန်ခမ်းနွမ်းနယ်ပြီး သေရမယ့်အတူတူ လူတွေ ရှင်မတို့ကို
ဘယ်လောက်မုန်းတီးနေလည်း ရင်သွေးတွေအတွက် အကောင်းဆုံး အဟာရကို ပေးခဲ့ချင်ပါသေးတယ်”
“ဘာဖြစ်လို့..
ဘာဖြစ်လို့ အစက မပြောခဲ့တာလဲ ရှင်မရယ်”
“ရှင်မကို
ရှင်သိပ်ချစ်မှန်းသိပါတယ်။ အစက ပြောပြခဲ့ရင် ရှင်မကိုယ်စား ရှင်ခံရမယ်ဆိုတာ
သိလို့၊ ရှင်မကိုယ်စား ရှင်အသေခံမယ်ဆိုတာ သိလို့ မပြောရက်ခဲ့တာပါ။ ရှင့်အတွက်
ရင်သွေးလေးတွေ မွေးဖွားခဲ့ရမယ်ဆိုရင် ရှင်မ သေရကျိုးနပ်ပါတယ်။ အရင်ဘ၀က
ဝဋ်ကြွေးအတွက် ဒီဘ၀မှာ ဆပ်ခဲ့ချင်ပါတယ်။ ခုတော့.....”
“ဒါတွေဟာ
ကျုပ် မသုံးမကျခဲ့လို့ပါ။ ရှင်မကို ကျုပ်မကာကွယ်နိုင်ခဲ့ဘူး။ လိုချင်တာကို
မပေးနိုင်ခဲ့ဘူး။ ရှင်မ တော်တော်ခံခဲ့ရတယ်။ နောင်ဘ၀.. နောင်ဘ၀သာ ရှိမယ်ဆိုရင်
ကျုပ်တို့နှံကောင် လုပ်ကြရအောင်နော်။ မင်္ဂလာဦးညမှာ ကျုပ်ကိုစားပြီး ကျုပ်အတွက်
ကလေးမွေးပေးပါနော်။ ကျုပ်ရဲ့သွေးတွေ ရှင်မကိုယ်ထဲ လည်ပတ်ပြီး ရင်သွေးတွေအတွက် အဟာရ
ဖြစ်ခဲ့မယ်ဆိုရင် ကျုပ်သေပျော်ပါပြီ ရှင်မရယ်”
“မဟုတ်ဘူး..
မဟုတ်ဘူး.. ရှင်မတို့ ပုစဉ်းရင်ကွဲ လုပ်ကြရအောင်။ နေ့တိုင်း နှင်းရည်တွေသောက်ပြီး
ပျော်စရာသီချင်းတွေ ဆိုကြရအောင်နော်။ သတိ... သတိထား.. လူလာနေပြီ..
မြန်မြန်သွားတော့...” မျက်ရည်များ တလိမ့်လိမ့် စီးကျရင်း သူမ အသက်ကို
ပြင်းပြင်းရှုပြီး သတိပေးလိုက်သည်။
သူ
နောက်ကို တစ်ချက်လှည့်ကြည့်ရင်း နောင်တမဲ့စွာ ပြုံးလိုက်မိသည်။
“ကျုပ်တို့
နောင်ဘ၀ကျရင် ပုစဉ်းရင်ကွဲ လုပ်ကြမယ်ဆို”
“ဖြန်း...”
အားပါသော
ရိုက်သံနှင့်အတူ ကျေနပ်သော စကားသံတစ်ခု...
“ဟင်း...
သေစမ်း.... နောက်တစ်ကောင်”
သူမသေခင်
သူမကိုတင်းတင်းလေး ဖက်ထားမိသည်။ သူတို့ ကိုယ်ပေါ်မှ စီးကျလာသော
သွေးများရောယှက်မိပြီး အနီရောင် မျက်ရည်စက် တစ်စက်အဖြင့် ပေါင်းစပ်သွားလေတော့သည်။
No comments:
Post a Comment