Saturday, July 12, 2014

သူ ငယ် ချင်း



"ရားရာ" သုံးတန်းနှစ်...

မနက်ခင်းတစ်ခုမှာ "ရားရာ" ရုတ်တရက် မူးလဲသွားခဲ့တယ်။ ဆေးရုံပို့ စစ်ဆေးကြည့်တော့ သွေးကင်ဆာလို့ သိလိုက်ရတယ်။

ရားရာတို့မိသားစုက ထိုင်ဝမ်ကျွန်း တောင်ပိုင်းမှာနေကြတယ်။ မိတ်ဆွေတွေပေးတဲ့ အကြံကြောင့် မြောက်ပိုင်း (ထိုင်ပေ) မှာ ဆေးလာကုခဲ့ကြတယ်။ ဆေးရုံ စတက်တဲ့နေ့ကစပြီး ရားရာ မျက်ရည်နဲ့ မပြတ်ခဲ့ဘူး။ အထူးသဖြင့် ခါးအထိရှည်တဲ့ သူ့ဆံပင်တွေ ဓာတ်ကင်လို့ ကျွတ်ကုန်ခဲ့တယ်။ ဆံပင်ကျွတ်ကုန်လို့ ရားရာ စိတ်ဆိုးပြီး တစ်ပတ်တိတိ ဘယ်သူနဲ့မှ စကားမပြောခဲ့ဘူး။ နပ်စ်တွေက ဘယ်လိုပဲ ချော့မော့နှစ်သိမ့်ခဲ့လည်း ရားရာ ငိုပဲငိုနေခဲ့တယ်။ ကျွေးတဲ့အစာတွေကိုလည်း ကုန်အောင်မစားခဲ့ဘူး။ အစာစားတိုင်း အစာတွေကို သူ မပစ်ထုတ်နိုင်အောင် နပ်စ်တွေက အနားမှာစောင့်ကြည့်ခဲ့ရတယ်။

တစ်ခုသော တနင်္ဂနွေနေ့မှာ ကျွန်တော်ဂျူတီကျခဲ့တယ်။ ရိုးတွင်းချဉ်ဆီ ပြောင်းရွေ့ကုသဆောင်ကလည်း ကလေးကင်ဆာဆောင်မှာပဲ ရှိနေတဲ့အတွက် အဲဒီနေ့က ပြောင်းရွေ့ကုသပြီး လူနာခန်းထဲက ကျွန်တော်ထွက်အလာ အခန်းရှေ့မှာ ဂတုံးတုံးထားတဲ့ ကလေးအယောက်(၂ဝ)ကို ရုတ်တရက် တွေ့လိုက်မိတယ်။

"ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်? " လူနာအသစ်တွေ ရောက်လာတယ်ထင်ပြီး ရုတ်တရက် ကျွန်တော် ထိတ်လန့်သွားမိတယ်။

ဒါပေမယ့် ဒီဂတုံးတွေ ကြည့်ရတာ သန်မာဖြတ်လတ်နေတယ်။ ဖျားနာတဲ့ ကလေးတွေနဲ့ တူမနေခဲ့ဘူး။ ယောက်ျားလေးတွေ သာမက မိန်းကလေးတွေပါ ဂတုံးတုံးထားတဲ့အတွက် နပ်စ်ကိုခေါ်ပြီး ကျွန်တော်မေးကြည့်လိုက်တယ်။ လက်စသတ်တော့ သူတို့က ရားရာရဲ့ အတန်းဖော်တွေဖြစ်ပြီး ကျောင်းအားရက်မှာ တောင်ပိုင်းကနေ တကူးတက ရားရာကို လာကြည့်ကြတာဖြစ်တယ်။

ရားရာက ဓာတ်ကင်ထားတဲ့အတွက် ဆံပင်တွေကျွတ်ပြီး စိတ်ထိခိုက်နေမှာ စိုးတဲ့အတွက် အတန်းဖော်အားလုံးကပါ ဂတုံးတုံးပြီး ရားရာကို လာအားပေးကြတာဖြစ်တယ်။

အဲဒီနေ့က ရားရာ ဓာတ်ကင်ပြီးစဖြစ်တဲ့အတွက် သွေးဖြူဥတွေက သာမန်အခြေအနေမှာပဲ ရှိသေးတာကြောင့် ကလေးတွေနဲ့ လက်ခံစကားပြောခွင့်ရခဲ့တယ်။ ဂတုံးအယောက်(၂ဝ)လုံး ရားရာရဲ့ အခန်းထဲမှာ စုပြုံလို့.. ဂတုံးအောက်မှာ ပြုံးရွှင်တဲ့မျက်နှာလေးတွေနဲ့ ရားရာပါ ပြုံးပျော်ရွှင်နေခဲ့တယ်။ ဆေးရုံစတက်ချိန်ကနေ ဒီနေ့အထိ ရားရာဒီလိုပျော်ရွှင်တာကို ကျွန်တော်တို့ မတွေ့ခဲ့ဖူးကြဘူး။

ဂတုံးလေးတွေ နေ့လယ်စာ ထမင်းအတူစားကြတယ်။ အခန်းနဲ့တောင် မဆန့်အောင်ပါဘဲ။ အဲဒီနေ့က ရားရာ အစာတွေ တော်တော်စားဖြစ်ခဲ့တယ်။ ဂတုံးလေးတွေ မပြန်ခင် အုပ်စုလိုက် ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ဂတုံးတိုင်း ပြုံးရယ်လို့..
ဒါ ဒီတစ်သက် ကျွန်တော်တွေ့ဖူးသမျှ ဓာတ်ပုံတွေထဲက အလှဆုံးဓာတ်ပုံဖြစ်တယ်။
အဲဒီပုံထဲကနေ မေတ္တာစစ်တစ်ခုကို ကျွန်တော်တွေ့ခဲ့ရလို့ပါပဲ..
အဲဒီမေတ္တာစစ်ကို "သူငယ်ချင်း" လို့ ခေါ်ခဲ့ပါတယ်။


မူရင်းရေးသားသူ .. Huang Guan Cheng

No comments:

Post a Comment