လက်ထပ်ပြီး
၂၁နှစ်လွန်မြောက်လာမှ ချစ်ခြင်းဆိုတဲ့ ပန်းတစ်ပွင့် အမြဲလတ်ဆတ် လန်းဆန်းစေတဲ့
နည်းတစ်နည်းကို ကျွန်တော်တွေ့ရှိခဲ့တယ်။ အဲဒီနည်းက ဘာပရိယာယ်မှ မပါတဲ့
ရိုးသားဖြူစင်တဲ့နည်း ဖြစ်တယ်။
မကြာသေးခင်က
အခြားအမျိုးသမီးတစ်ဦးနဲ့ ကျွန်တော်ချိန်းတွေ့ခဲ့တယ်။ အဲဒီလို
ချိန်းတွေ့ဖို့အကြံကို ကျွန်တော့်ဇနီးကပဲ ပေးခဲ့ပါတယ်။
"မောင်
သူ့ကို အရမ်းချစ်မှန်း ကျွန်မသိပါတယ်"
ဇနီးစကားကိုကြားတော့
ကျွန်တော်အံ့သြပြီး ချက်ချင်းပဲ "ခင့်ကို မောင်ချစ်တယ်လေ" လို့
ပြန်ဖြေခဲ့တယ်။
"ကျွန်မသိတယ်မောင်..
ဒါပေမယ့် သူ့ကိုလည်း မောင်ချစ်တယ် မဟုတ်လား! "
ဇနီးက
ကျွန်တော့်ကိုအမေနဲ့ ချိန်းတွေ့ခိုင်းစေတာဖြစ်တယ်။ အမေတစ်ယောက်ထဲ နေလာတာ ၁၉နှစ်ရှိခဲ့ပါပြီ။
ကျွန်တော်လည်း အလုပ်များတာကတစ်ကြောင်း၊ ကလေးသုံးယောက်ရဲ့ တာဝန်ကိုယူရတဲ့
ဖခင်ဖြစ်နေတာကတစ်ကြောင်း အမေနဲ့တွေ့ဖို့၊ ဆုံဖို့ အချိန်ချို့တဲ့ခဲ့ရတယ်။
အဲဒီညက
အမေဆီ ကျွန်တော်ဖုန်းဆက်ပြီး ကျွန်တော်နဲ့ညစာအတူစားဖို့၊ ရုပ်ရှင်ကြည့်ဖို့
ချိန်းဆိုလိုက်တယ်။
"ဘယ်လိုဖြစ်ရတာလဲ?
သား နေကောကောင်းရဲ့လား? "
ညဖုန်းဆက်ပြီး
ရုတ်တရက် အမေ့ကိုချိန်းဆိုခဲ့လို့ သားတစ်ခုခုများ ဖြစ်နေပလားလို့
အမေတွေးထင်ခဲ့ပုံရတယ်။
"အမေနဲ့နှစ်ယောက်တည်း
ချိန်းတွေ့ခွင့် ရချင်လို့ပါ။ အရမ်းအဓိပ္ပါယ်ရှိမယ်လို့ ကျွန်တော်ထင်တယ် အမေ"
"အမေလက်ခံပါတယ်
သား" ခဏစဉ်းစားပြီး အမေပြန်ဖြေတယ်။
သောကြာနေ့
ရုံးဆင်းပြီးနောက် ကားမောင်းပြီး အမေ့ကို ကျွန်တော်သွားကြိုခဲ့တယ်။ ဒီလို
ချိန်းဆိုမှုမျိုး ကျွန်တော်တစ်ခါမှ မမြည်းစမ်းခဲ့ဖူးလို့ ကားမောင်းနေတဲ့အချိန်
ကျွန်တော့်ရင်တွေ တုန်လှုပ်နေမိတယ်။
အမေ့အိမ်ရောက်တဲ့အချိန်
အမေလည်း ဒီချိန်းဆိုမှုကြောင့် စိတ်လှုပ်ရှားနေမယ်လို့ ကျွန်တော်ထင်တယ်။ တံခါးဝမှာ
အမေရပ်နေတယ်။ အနွေးထည်ကို အမေဝတ်ထားတယ်။ အမေဝတ်ထားတဲ့ အထဲအင်္ကျီက
မင်္ဂလာနှစ်ပတ်လည်နေ့မှာ အမေနောက်ဆုံးဝတ်ခဲ့တဲ့ အင်္ကျီဖြစ်တယ်။ ခေါင်းပေါ်က ဆံတိုကို
အမေထပ်ကောက်ထားသေးတယ်။ အမေ့မျက်နှာက နတ်သမီးအလား ပြုံးရွှင်လို့နေတယ်။
ကားပေါ်ရောက်တော့
အမေက အားရနှစ်လိုစွာနဲ့ " အမေ့သူငယ်ချင်းတွေကို ဒီနေ့သားနဲ့
အမေချိန်းတွေ့မယ်လို့ ပြောပြတော့ သူတို့က အမေကိုအားကျကြတယ်။ အမေတို့
ဘယ်လိုချိန်းတွေ့ခဲ့ကြတယ် ဆိုတာကို သူတို့စောင့်မျှော် နားထောင်နေကြမယ်တဲ့"
အကောင်းဆုံးမဟုတ်ပေမယ့်
သပ်ရပ်ပြီး သက်တောင့်သက်သာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ထဲ ကျွန်တော်တို့
ရောက်သွားခဲ့တယ်။ အမေက ကျွန်တော့်လက်မောင်းကို ချိတ်လို့ ကတော်တစ်ယောက်နဲ့
တူနေခဲ့တယ်။ ထိုင်ခုံမှာနေရာယူပြီးနောက် အမေ့အတွက် ကျွန်တော်ကပဲ အစားအစာတွေ
မှာပေးခဲ့ရတယ်။ အမေရဲ့မျက်လုံးက လက်ရေးကြီးတွေကိုပဲ မြင်နိုင်လောက်အောင်
မွဲနေခဲ့ပါပြီ။
အစာစားရင်
တစ်ဝက်အရောက် ကျွန်တော်ခေါင်းမော့်ကြည့်လိုက်တယ်။ ကျွန်တော့်ကို ကြည့်နေတဲ့
အမေမျက်လုံးနဲ့ သွားဆုံတယ်။
"သား
ငယ်ငယ်တုန်းက အမေပဲ သားအတွက် အစာမှာပေးရတယ်"
အတိတ်ကို
အောင်းမေ့လွမ်းဆွတ်တဲ့ အပြုံးနဲ့ အမေကပြောတယ်။
"အခုတော့
အမေအနားယူလို့ရပြီ၊ အမေ့ကို ပြုစုဖို့ ကျွန်တော့်အလှည့်ရောက်ပြီလေ"
အစာစားရင်း
ကျွန်တော်တို့ စကားတွေ ပြောဖြစ်ကြတယ်။ စကားတွေက အပျော်ထဲမှာ နစ်မွန်းနေခဲ့တယ်။
ဒီနှစ်တွေအတောအတွင်း ဘဝကိုယ်စီမှာ ဖြစ်ပျက်ခဲ့သမျှကို ဖလှယ်ကြတယ်။ ကျွန်တော်တို့
စကားတွေအများကြီး ပြောခဲ့ကြလို့ ရုပ်ရှင်ကြည့်ဖို့ နောက်ကျသွားခဲ့ရတယ်။
ညစာပြီးလို့
အမေကို အိမ်ပြန်ပို့တော့ အမေက တံခါးဝမှာရပ်ရင်း "သားနဲ့ နောက်တစ်ကြိမ်
ချိန်းတွေ့ချင်သေးတယ်။ ဒီတစ်ခေါက်ကျရင် အမေရှင်းမယ်နော်" လို့ ပြောတော့
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
အမေ့ကို
ပို့ပြီး အိမ်ပြန်ရောက်တော့ ဇနီးက ဆီးကြိုမေးတယ်။
"ညနေစာချိန်းပွဲလေး
ဘယ်လိုလဲ?"
"အရမ်း
အဓိပ္ပါယ်ပြည့်စုံတဲ့ ချိန်းပွဲလေးပေါ့။ ထင်ထားတာထက်တောင်
ပိုအဓိပ္ပါယ်ရှိနေခဲ့တယ်"
အမေနဲ့ချိန်းတွေ့ပြီး
ရက်အနည်းငယ်နောက်ပိုင်း နှလုံးရောဂါကြောင့် အမေ ရုတ်တရက် သေဆုံးသွားခဲ့တယ်။
ထင်မှတ်မထားတဲ့ ရုတ်တရက်မို့ ကျွန်တော်လုံးဝ မယုံကြည်နိုင်ခဲ့ဘူး။
အမေဆုံးပြီး
သိပ်မကြာခင် ကျွန်တော်စာတစ်စောင် လက်ခံရရှိခဲ့တယ်။ စာက အမေနဲ့
ကျွန်တော်ချိန်းတွေ့ခဲ့တဲ့ စားသောက်ဆိုင်က ပို့ခဲ့တဲ့ ပြေစာတစ်စောင်ဖြစ်တယ်။
စာထဲမှာ စာတိုလေးတစ်ကြောင်းပါ ပါတယ်။
"ကုန်ကျစရိတ်ကို
အမေကြိုရှင်းခဲ့တယ်။ နောက်တစ်ကြိမ် အမေထပ်သွားဖို့ အခွင့်ရှိတော့မှာ မဟုတ်ဘူးဆိုတာ
အမေသိနေတယ်။ ဒါပေမယ့် နှစ်ယောက်စာကို အမေရှင်းခဲ့တယ်။ သားနဲ့ သားရဲ့ဇနီး အတွက်ပါ။
အဲဒီည ချိန်းပွဲလေးက အမေ့အတွက် အရမ်းအဓိပ္ပါယ်ရှိခဲ့မယ်လို့ သားတွေးထင်
မထားခဲ့မိဘူး မဟုတ်လား။ သားကို ချစ်တယ်"
အဲဒီအချိန်ကစပြီး
"ချစ်တယ်" ဆိုတဲ့ စကားကို အချိန်မလွန်ခင်ပြောဖို့ ကျွန်တော် အသိတရား
ရလိုက်တယ်။ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်တွေပေးဖို့လိုကြောင်း
ကျွန်တော်နားလည်လိုက်တယ်။
လောကမှာ
ဘယ်အရာကမှ ကိုယ့်မိသားစုလောက် အရေးမကြီးပါဘူး။ သူတို့နဲ့အတူနေဖို့
အချိန်ပိုပေးကြည့်ပါ။ ဒီကိစ္စဟာ "နောက်မှ.. အချိန်ရပါသေးတယ်" ဆိုပြီး
အချိန်ဆွဲသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။
မူရင်း---
http://www.yukz.com/novel
No comments:
Post a Comment