မိန်းမတွေက
မွေးရာပါ ပျစ်တောက်ပျစ်တောက်တွေ ဖြစ်တယ်။ ပစိပစပ်များတယ်။ ဒါပေမယ့် အချစ်မှာ၊
တချို့အခြေအနေမှာ နှုတ်ပိတ်နေတာက အကောင်းဆုံးဖြစ်တယ်။ "silence is
golden" ဆိုသလို တစ်ခါတလေမှာ နုတ်ဆိတ်နေခြင်းက သင့်ကို အကောင်းတွေ
သယ်လာပေးနိုင်ပါတယ်။
(၁)
သူ မီးဖိုချောင် ဝင်တဲ့အခါ
မီးဖိုချောင်က
ကိုယ့်နယ်ပယ်လို့သတ်မှတ်ပြီး မီးဖိုချောင်ဝင်သူတိုင်းကို ကိုယ်အမိန့်ပေးလို့
ရတယ်လို့ မသတ်မှတ်ပါနဲ့။ သူစိတ်ပါလို့ မီးဖိုချောင်ဝင်တဲ့နေ့မှာ
လိမ္မာပါးနပ်တဲ့သင်က ဟင်းရွက်ဆေးကူ၊ အိုးခွက်ပန်းကန်ပေးရုံကလွဲရင် တစ်နေရာကို
ရှောင်နေလိုက်ပါ။ စားဖို့အဆင့်သင့်ဖြစ်ချိန်မှ သင်ပါးစပ်ကိုဖွင့်ပါ။
သူချက်တဲ့ဟင်းက ဘယ်လောက်စားကောင်းကြောင်း၊ ဟင်းချက်အစီအစဉ်မှာ
ဝင်ပြိုင်သင့်ကြောင်း ချီးကျူးစကားပြောပါ။ မီးဖိုချောင်ကို အချက်အပြုတ်
သင်တန်းကျောင်းလို သူဓားကိုင်နည်းက မမှန်ဘူး၊ ဒယ်အိုးကိုင်နည်းက ပုံမကျဘူး၊ အရသာ
ပေါ့သလေ၊ ငန်သလေနဲ့ ကဲ့ရဲ့လှောင်ပြောင်ပြီး ဆရာသွားမလုပ်ပါနဲ့။ သူစိတ်ထိခိုက်ပြီး
မီးဖိုချောင် လုံးဝမဝင်တော့တဲ့အခါ သင်သာလျှင် နေ့တိုင်း မီးဖိုချောင်စောင့်နတ်
ဖြစ်သွားပါလိမ့်မယ်။
(၂)
သန့်ရှင်းရေး ဝိုင်းကူလုပ်တဲ့အခါ
ဂျပန်နိုင်ငံက
ပညာရှင်တစ်ချို့ရဲ့ လေ့လာဆန်းစစ်ချက်အရ အခုခေတ်မှာခေတ်စားနေတဲ့
ကွာရှင်းပြတ်စဲခြင်းရဲ့ အဓိကတရားခံက နောက်မီးလင်းလို့ မဟုတ်သလို
ရိုက်နှက်ရန်ဖြစ်ကြလို့လည်း မဟုတ်ပါဘူး။ "အိမ်အလုပ်ကို သူကူမလုပ်ဘူး"
ဆိုတာပဲ ဖြစ်ပါသတဲ့။ မိန်းကလေးတွေကလည်း စဉ်းစားကြည့်သင့်တယ်။ ကိုယ့်လင်တော်မောင်က
ကိုယ့်ကြောင့် အကျင့်ပျက်သွားတာလား? သူကိုယ့်ကို သန့်ရှင်းရေးလုပ်ကူတဲ့အခါ ကိုယ်က
ဘေးကနေ ဟိုလိုလုပ်ပါလား၊! ဒီလိုမဟုတ်ဘူး! နှေးလိုက်တာလို့ ပျစ်တောက်တောက်
ရေရွတ်နေခဲ့သလား?
တစ်လောက
သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူတို့အိမ်က ရေချိုးခန်းကို သန့်ရှင်းဖို့
သူ့လင်တော်မောင်က အထူးစီမံထားတဲ့ ရေမြုပ်တွေသွားဝယ်ခဲ့သတဲ့။ ပြီးတော့
အဲဒီရေမြုပ်ဟာ ဘယ်လောက်ကောင်းကြောင်း၊ ချေးကပ်နေတဲ့ ဘေဇင်နဲ့ရေစက်ခေါင်းတွေကို
ပြောင်လက်အောင် ဆေးနိုင်ကြောင်း ပြောတယ်။ သူငယ်ချင်းက ဘာမှမပြောဘဲ ဧည့်ခန်းမှာ
ကြောင်ကလေးနဲ့ သွားဆော့နေခဲ့ပြီး လင်တော်မောင် ဆေးကြောနေတာကို စိတ်ဝင်တစား မကြာခဏ
သွားရပ်ကြည့်ရုံကလွဲလို့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။ ပြောင်လက်အောင်
ဆေးကြောပြီးနောက် လင်တော်မောင်က ...
"တွေ့တယ်မဟုတ်လား?
ဒီရေမြုပ်နဲ့ဆေးရတာ လွယ်လည်းလွယ်တယ်၊ ပြောင်လည်းပြောင်တယ်" လို့ ပြောတော့
သူ့စိတ်ထဲမှာ "နင်သာလုပ်မယ်ဆိုရင် ဘာနဲ့သုံးသုံး ကောင်းတယ်" လို့
တွေးဖြစ်ပေမယ့် ပါးစပ်က "ဟယ်... တကယ်ပဲတော့.... ရေချိုးခန်းက တစ်ခါမှ
ဒီလောက်ထိ မတောက်ပြောင်ဖူးဘူး.. နင်အရမ်းတော်တာပဲ" သူ့စကားကို လင်တော်မောင်က
တဟားဟားနဲ့ သဘောကျပြီး "ညစ်ပတ်သွားရင် နောက်တစ်ပတ် ကို' ပြန်ဆေးပေးမယ်"
လို့ ပြောလိုက်တယ်။ ကဲ... ဒီလို မိန်းကလေးမျိုးကို လိမ္မာပါးနပ်တယ်လို့ မခေါ်ဘူးလား!
(၃)
သူဒေါသထွက်တဲ့အခါ
အပြင်ကိစ္စတစ်ခုခုကြောင့်
သူဒေါသထွက်တဲ့အချိန် အဲဒီကိစ္စမှာ သူမှားခဲ့လည်း သူ့ကို
စကားခွန်းကြီးခွန်းငယ်ဖွဲ့ပြီး အပြစ်သွားမတင်သင့်ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်
မိန်းမကောင်းတစ်ယောက်ရဲ့ သွင်ပြင်ကို ရုပ်ပျက်စေနိုင်သလို သူ့ဒေါသကို ဆွပေးသလို
ဖြစ်သွားနိုင်တယ်။ စကားတစ်ခွန်းမှမပြောဘဲ သူ့ကိုပဲ စိုက်ကြည့်နေလိုက်ပါ။ ဖြစ်နိုင်ရင်
မျက်ရည်အဝဲသားနဲ့ ကြည့်ပါ။ အဲဒီနောက် မျက်ရည်တွေ မျက်လုံးအိမ်ကနေ တဖြေးဖြေး
စီးကျလာပါစေ။ သူ့ဒေါသသံတွေ တဖြေးဖြေးတိုးလာပြီး နေမသိ၊ ထိုင်မသာ ဖြစ်လာမယ်ဆိုတာကို
အာမခံပါတယ်။ နောက်ပိုင်း သူမှားသွားကြောင်း ကိုယ့်ကို ပွေ့ဖက်တောင်းပန်လာလိမ့်မယ်။
မငိုနဲ့... မငိုပါနဲ့တော့လို့ သူချော့လာပါလိမ့်မယ်။
(၄)
သူရင်ဖွင့်လာတဲ့အခါ
အလုပ်မှာ
အဆင်မပြေတဲ့အချိန်၊ သူဌေး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေရဲ့
အနှိမ်ကျင့်တာကိုခံရချိန် အိမ်ပြန်ရောက်ပြီး ကိုယ့်ကို သူရင်ဖွင့်လာပါလိမ့်မယ်။
အဲဒီအခါ သူက ထိခိုက်ဒဏ်ရာရလာတဲ့ ကလေးတစ်ယောက်လို ကိုယ့်ဆီက နှစ်သိမ့်အားပေးစကားကို
မျှော်လင့်နေပါလိမ့်မယ်။ အဲဒီလို အခြေအနေမျိုးမှာ သူ့ကိုပွေ့ဖက်ပေးလိုက်ပါ၊
ခေါင်းကို ပွတ်သပ်ပေးပါ၊ ပြဿနာဖြစ်သူတွေကို သွားဂရုစိုက်မနေဖို့ နှစ်သိမ့်ပါ။
သူခံနိုင်ရည်မရှိကြောင်း၊ စိတ်ဓာတ်တွေ မကြံ့ခိုင်ကြောင်း သင်ခန်းစာ သွားမပေးပါနဲ့။
သွားမလှောင်ပါနဲ့။ ထိခိုက်ခံစားနေတဲ့ သူ့စိတ်အပေါ် အေးစက်တဲ့စကားတွေ ထပ်လောင်းမိရင်
နှစ်ဦးကြား အခြေအနေက ပိုဆိုးသွားပါလိမ့်မယ်။
(၅)
သူပင်ပန်းလာတဲ့အခါ
အလုပ်မှာ
တစ်နေကုန်ပင်ပန်းခဲ့လို့ အိမ်ရောက်တာနဲ့ ထမင်းစား၊ ရေချိုးပြီး သူ
အိပ်ရာဝင်ချင်နေတယ်။ ကိုယ်ကလည်း သူနဲ့စကားပြောချင်နေတယ်။ ဒီလိုအချိန်မျိုးမှာ
အိပ်ချင်ပြီး မအိပ်ရသူရဲ့ စိတ်က ဒေါသထွက်လွယ်ပါတယ်။ တကယ်လို့ ကိုယ်က ဘေးမှာနေပြီး
ထပ်ပြောနေဦးမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဦးစလုံး ဒေါသစိတ်နဲ့
အိပ်ရာဝင်ရပါလိမ့်မယ်။ အိပ်ချင်သူကို အိပ်ရေးဝဝ အိပ်ပါစေ။ နောက်တစ်နေ့မနက် မနက်စာ
စားချိန်၊ သတင်းစာ ကြည့်ချိန်မှာ ကိုယ်ပြောချင်တဲ့စကားကို ပြောရင်လည်း
နောက်မကျပါဘူး။ ဒါဟာလည်း နားလည်ပေးတတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ထုတ်ဖော်နေသလိုပါပဲ....
အကြင်လင်မယားတိုင်း
ချစ်တတ်ကြပါစေ....
No comments:
Post a Comment