မိတ်ဆွေတစ်ဦးရဲ့အိမ်ကို
အလည်အပတ်သွားခဲ့တုန်းက ဓာတ်လှေကားကထွက်တာနဲ့ သူတို့အိမ်ပေါက်ဝမှာ ဆိုင်းပုဒ်တစ်ခု
ချိတ်ထားတာကို တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာက "အိမ်ထဲမဝင်ခင်
ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန်
ပျော်ရွှင်ခြင်းသာသယ်ခဲ့ပါ" လို့ရေးထားတယ်။
အိမ်ထဲရောက်တော့
အိမ်ရှင်တွေက ဖော်ရွေသလို သားသမီးတွေကလည်း ပျူငှာယဉ်ကျေးကြတာကို တွေ့ရတယ်။ အိမ်လေးက
ညီညွှတ်နွေးထွေးမှုတွေနဲ့ ပြည့်နေခဲ့တယ်။
အဲဒီဆိုင်းပုဒ်အကြောင်း
အိမ်ရှင်မကို ကျွန်တော်မေးတော့ သူက အိမ်ရှင်ယောက်ျားကို
ပြုံးပြုံးရယ်ရယ်နဲ့ကြည့်ပြီး "ရှင်ပဲပြောလိုက်ပါ.." လို့ပြောတယ်။
အိမ်ရှင်ယောက်ျားကလဲ
ညင်ညင်သာသာနဲ့ "ခင် ပဲပြောလိုက်ပါ.. ဒါ ခင် ဆန်းသစ်ထားတာလေ"
လို့ပြောတယ်။
နောက်ဆုံး
အိမ်ရှင်မက သိမ်သိမ်မွေ့မွေ့နဲ့ " တစ်ခါက ကျွန်မအိမ်ပြန်လာတဲ့အချိန်
ဓာတ်လှေကားက မှန်ထဲမှာ ပင်ပန်းနွမ်းနယ်ပြီး သုန်မှုန်နေတဲ့
ကိုယ်ပုံရိပ်ကိုသွားတွေ့မိတယ်။ မှန်ထဲက မျက်ခုံးနှစ်ခုထိလုမတတ်
မျက်မှောင်ကျုံ့ပြီး စိတ်ပျက်နေတဲ့ ကိုယ့်မျက်လုံးတစ်စုံကို တွေ့မိတော့
ကျွန်မလန့်သွားခဲ့တယ်"
"ဒါနဲ့
ကိုယ်တောင်လန့်တဲ့ကိုယ့်ပုံစံကို အိမ်က ကလေးနဲ့ ခင်ပွန်းတွေ့တဲ့အချိန်
ဘယ်လိုခံစားရမလဲလို့ ကျွန်မစဉ်းစားမိတယ်။ တကယ်လို့ သူတို့ရဲ့ဒီလိုပုံစံမျိုးကို
ကျွန်မတွေ့ရင်ကော ဘယ်လိုခံစားရမလဲလို့ ကိုယ့်ကိုယ်ပြန်မေးမိတယ်။ တဆက်တည်း
ထမင်းစားပွဲပေါ်က ကလေးတွေရဲ့ ဆိတ်ငြိမ်တာတွေ၊ လင်ယောက်ျားရဲ့ အေးတိအေးစက်
အမူအရာတွေကို သွားမြင်ယောင်မိတယ်.... "
"ဒါနဲ့
နောက်တစ်ရက်မှာ ကိုယ့်ကိုအသိပေးတဲ့အနေနဲ့ ဒီလိုဆိုင်းပုဒ်လေးရေးပြီး
အိမ်ရှေ့တံခါးဝမှာ ချိတ်ဆွဲထားလိုက်တယ်။ ဒီလိုချိတ်ဆွဲပြီးနောက် ဒီလိုဆိုင်းပုဒ်က
ကိုယ့်ကိုအသိပေးရုံမက မိသားစုအားလုံးကိုလည်း အသိပေးသလိုဖြစ်သွားတယ်။ ပိုထူးဆန်းတာက
ကျွန်မတို့မိသားစုတင်မက ကျွန်မတို့အိမ်ကိုလာတဲ့ ဧည့်သည်တွေပါ
ပြုံးပြုံးရွှင်ရွှင်ဖြစ်သွားကြတယ်" လို့ပြောပြတယ်။
သူဟာ
ဖြတ်ထိုးဥာဏ်ကောင်းတဲ့ အိမ်ရှင်မတစ်ဦးဖြစ်တယ်။ လောကမှာ အကောင်းနဲ့အဆိုး၊
ပျော်ရွှင်တာနဲ့ စိတ်ညစ်တာ၊ ကံကောင်းတာနဲ့ကံမကောင်းတာတွေက အမြဲဒွန်တွဲနေပါတယ်။
တချို့က အပြင်မှာ အဆင်မပြေခဲ့တိုင်း၊ မကျေနပ်ခဲ့တိုင်း အဲဒီစိတ်ညစ်စရာတွေကို
အိမ်အရောက်သယ်ခဲ့ကြပြီး သားသမီးအပေါ်၊ ယောက်ျားမိန်းမတွေအပေါ် ပုံချတတ်တယ်။ တကယ်တော့
လျှပ်တစ်ပြက်အပြောင်းအလဲတစ်ခုက မတူတဲ့ပြောင်းလဲမှုတစ်ခုကို ပေးသွားခဲ့ပါတယ်။
"အိမ်ထဲမဝင်ခင်
ကျေးဇူးပြုပြီး စိတ်ညစ်စရာတွေကို အပြင်မှာချွတ်ခဲ့ပါ။ အိမ်ပြန်ချိန်
ပျော်ရွှင်ခြင်းသာ သယ်ခဲ့ပါ"
စိတ်ပြောင်းတာနဲ့
သဘောထားလိုက်ပြောင်းပါတယ်
သဘောထားပြောင်းတာနဲ့
အကျင့်လိုက်ပြောင်းပါတယ်
အကျင့်ပြောင်းတာနဲ့
လူ့ဘဝလိုက်ပြောင်းပါတယ်
ကံကြမ္မာကိုပြောင်းမဲ့အစား
ကိုယ့်ကိုယ်ကိုပြောင်းလဲမယ်
ကိုယ့်အကျင့်ဆိုးကို
ပြောင်းလဲလိုက်တာနဲ့ ပျော်ရွှင်ခြင်းတွေက အလိုလိုရောက်လာပါလိမ့်မယ်။
No comments:
Post a Comment