ရေးသားသူ- ဒဗလျူ လစ်ဗင်စတန်လားနဒ်
ဘာသာပြန်- ခင်မောင်ညို (ဘောဂဗေဒ)
"ဘ၀တစ်လျှောက်အောင်မြင်ပျော်ရွှင်နည်း" စာအုပ်မှ ထုတ်နုတ်တင်ပြသည်။
နားထောင်စမ်းသားလေးရေ၊ အဖေဟာ ဒီစကားတွေကို သားလေးအိပ်ပျော်နေတုန်း
ပြေနေတာကွ။ လက်ဖ၀ါးသေးသေးလေးကို ပါးကလေးမှာ အပ်လို့၊
ဆံပင်ကွေးကွေးနုနုလေးတွေက နဖူးပေါ်မှာ ချွေးတွေနဲ့ ကပ်လို့ပေါ့။ အဖေဟာ
သားရဲ့ အခန်းထဲကို တိတ်တိတ်ကလေး ခိုးဝင်လာခဲ့တာ။ စာဖတ်ခန်းထဲမှာ
ဖေဖေသတင်းစာဖတ်နေရင်း နောင်တတရားတွေ ရလာခဲ့တယ်။ အဖေရဲ့ အပြစ်တွေအတွက်
သားအိပ်ရာဘေးကို အဖေရောက်လာခဲ့တယ်။
အဖေစဉ်းစားနေတာတွေ ရှိတယ်သားရဲ့
သားကို အဖေက စိတ်ဆိုးခဲ့တယ်။ သားကျောင်းသွားဖို့ အ၀တ်အစားလဲနေတုန်း သားက
ပေါင်ဒါမှုန့်ယူပြီး မျက်နှာကို တစ်ချက်တို့လိုက်ရုံလေးနဲ့ သားကို အဖေက
အော်ခဲ့မိတယ်။ သားရဲ့ ဖိနပ်တွေကို သန့်သန့်ရှင်းရှင်းမထားလို့လည်း သားကို
ဆူရပြန်တယ်။ တချို့ပစ္စည်းတွေကို သားက ကြမ်းပြင်ပေါ်ပစ်ချပြန်တော့လည်း
ဒေါသတကြီး ပြောမိဆိုမိပြန်ရော။ သားက ကစားတော့မလို့ လုပ်နေတုန်း။ ဖေဖေက
မြင်းရထားနဲ့ ထွက်မယ်လုပ်တော့ သားက လက်ကလေးကို ဝှေ့ရမ်းလို့ "တာ့တာ့
ဖေဖေကြီး" လို့ နှုတ်ဆက်တယ်။ ဖေဖေက မျက်မှောင်ကြုတ်ပြီး "ဟိတ်ကောင်
နောက်ဆုတ်နေစမ်း" လို့ ပြောလိုက်မိတယ်။
ညနေပိုင်းရောက်တော့လည်း ဒီလိုပါပဲ။ ဖေဖေ လမ်းလျှောက်လာတော့
လမ်းမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားနေတဲ့ သားကိုတွေ့ရပြန်ရော။ သားက
မြေကြီးပေါ် ဒူးထောက်ပြီး ကျောက်ခဲတွေနဲ့ ဆော့ကစားနေတယ်။ ခြေစွပ်ကလည်း
စုတ်ပြတ်ပေါက်ပြဲလို့။ သားသူငယ်ချင်းတွေရှေ့မှာ သားကို ဆိုဆဲပြီး
အဖေ့ရှေ့ကနေ သားကို အိမ်ပြန်ခိုင်းလိုက်တော့ အရှက်ခွဲသလို ဖြစ်သွားတာပေါ့။
အဖေက ခြေစွပ်တွေဟာ သိပ်ဈေးကြီးတာ၊ မင်းဘာသာမင်း ၀ယ်ရတာမဟုတ်လို့
ဂရုမစိုက်တာ၊ ကိုယ့်ဘာသာကိုယ်ဝယ်ရမှ ဂရုစိုက်မှာလို့ အဖေဆိုလိုက်မိတယ်။
စဉ်းစားကြည့်စမ်းသားရယ်၊ အဖေတစ်ယောက်က ဒီလိုပြောလိုက်တာကို။
ပြီးတော့
မှတ်မိသေးလား။ စာဖတ်ခန်းထဲမှာ အဖေစာဖတ်နေတုန်း တိတ်တိတ်ကလေး သားဝင်လာတယ်။
သားရဲ့ မျက်လုံးမှာ ၀မ်းနည်းနေတဲ့ အရိပ်ယောင်ကို တွေ့ရတယ်။
သတင်းစာဖတ်နေတုန်း ဇိမ်ပျက်အောင် လုပ်ရသလားလို့ စိတ်ဆိုးပြီး သတင်းစာဘေးချ၊
မျက်စောင်းထိုးလိုက်တော့ တံခါးဝမှာ တုံ့ခနဲဖြစ်သွားတယ်။ "ဘာလာရှုပ်တာလဲကွ"
လို့ အဖေက လှမ်းအော်လိုက်တယ်။
သားက ဘာမျှ ပြန်မပြောရှာပါဘူး။
အပြေးကလေး ၀င်လာပြီး ဖေဖေ့လည်ပင်းကို သိုင်းဖက်၊ ဖေဖေ့ကို နမ်းသွားတယ်။
သားဖက်ထားတဲ့ လက်ချောင်းတွေဟာ ဖေဖေက သားကို ဘယ်လောက်ပစ်ထားထား၊
ဘယ်လိုပဲဆူဆူ၊ အဖေကို မချစ်ဘဲ မနေနိုင်ဘူးဆိုတာကို ပြနေတယ်။ ပြီးတော့ သားက
လှေကားကို ပြေးတက်သွားတယ်။
ခဏနေတော့ ထိတ်လန့်ပြီး အဖေ့လက်ထဲက
သတင်းစာလွတ်ကျသွားတယ်။ အဖေလည်းကိုယ့်ဘာသာကိုယ် အတော်လေး
တုန်လှုပ်ချောက်ချားမိတယ်။ အဖေ့မှာ ဘယ်လို အကျင့်ဆိုးတွေစွဲနေပါလိမ့်။ သားဟာ
ကလေးငယ်လေး တစ်ယောက်ဖြစ်တာနဲ့ အဖေက အပြစ်ရှာရ၊ ဆူပူ
ကြိမ်းမောင်းရတဲ့အကျင့် ဘယ်တုန်းက အမြစ်တွယ်နေပါလိမ့်။ ဒီလို လုပ်တာတွေဟာ
အဖေက သားကို မချစ်လို့ မဟုတ်ပါဘူးကွယ်။ အဖေက သားကို ကလေးလို သဘောမထားဘဲ
လူကြီးလိုထင်၊ လူကြီးလို မြင်ထားလို့ပါကွယ်။ ကလေးတစ်ယောက်က လူကြီးတွေ
တွေးသလို၊ လူကြီးတွေ တွက်သလို မတွေးတတ်၊ မတွက်တတ်ဘူးဆိုတာ
အဖေမေ့သွားလို့ပါကွယ်။ သားလုပ်တာတွေကို အဖေက လူကြီးမျက်စိနဲ့ လိုက်ကြည့် ၊
လူကြီးပေတံနဲ့ လိုက်တိုင်း လုပ်ခဲ့မိတယ်။
သားမှာ အကျင့်ကောင်း၊
အကျင့်မှန်လေးတွေ အများကြီးရှိပါတယ်။ ဟိုတောင်ကုန်းပေါ်မှာ ထိုးကျနေတဲ့
အရိပ်ကြီးလောက်ကိုပဲ သားရဲ့နှလုံးသား သေးသေးလေးလေးက
ကျယ်ပြန့်ကြီးမားပါပေတယ်။ အဖေ့ကို ပြေးဖက်ပြီး အိပ်ရာဝင်အနမ်းပေးသွားတာကိုက
သားဘယ်လောက် သဘောထားကြီးတယ်။ အငြိုးအတေး မရှိဘူး ဆိုတာ ပြသနေပါတယ်။
ဒီနေ့ညအတွက် ဘာမျှ အရေးကြီးတာမရှိပါဘူးသားရယ်။ အဖေဟာ ကိုယ့်အပြစ်
ကိုယ်ရှက်ပြီး သားအိပ်ရာဘေးကို အမှောင်ထဲမှာ ၀င်လာခဲ့တယ်။
ဒီအကြောင်းတွေကို သားနိုးနေတဲ့အချိန်မှာ ပြောပြရင် သားရဲ့ ဦးနှောက်က
နုနယ်၊ အရွယ်ကလည်း ငယ်သေးတော့ ဒါတွေကို သားနားလည်နိုင်မှာ မဟုတ်ဘူး။
ဒ့ါကြောင့် သားအိပ်ပျော်တဲ့အချိန်မှာ လာပြေနေတာ။ မနက်ဖြန် နံနက်က စပြီး
အဖေအပြေအဆို၊ အနေအထိုင် ဆင်ခြင်ပါတော့မယ်။ အကျင့်ဆိုးတွေကို ပြင်ပါတော့မယ်။
အဖေနဲ့သား တစ်ထပ်တည်း ဖြစ်ပါတော့မယ်။ သားရယ်ရင် အဖေလိုက် ရယ်မယ်၊
သားငိုရင် အဖေလိုက်ငိုမယ်။ ပြောမှားဆိုမှား မဖြစ်အောင် ဆင်ခြင်မယ်။ သားဟာ
ဘာမျှ မဟုတ်သေးဘူး။ ကလေးလေးပဲရှိသေးတယ် ဆိုတာ အဖေ မေ့မေ့မသွားအောင် နှုတ်က
တတွတ်တွတ် ရွတ်နေမယ်။
သားကို အဖေက လူကြီးကို မြင်ခဲ့မိတယ်။ အခုလို
အိပ်ရာထဲမှာ သားကွေးကွေးလေး အိပ်နေတော့မှ သားဟာ တကယ့် ကလေးလေး
တစ်ယောက်ပဲဆိုတာ အဖေမြင်လာတော့တယ်။ မနေ့က သားကို သားအမေရဲ့ ရင်ခွင်ထက်
ထည့်ထားတော့ သားခေါင်းလေးကို မေမေ့ပခုံးပေါ်မှာ မှီလို့။ သားဟာ တကယ့်
ကလေးလေးပဲရှိသေးတာ။ အဖေက သားကလေးဆိုတာ မေ့ပြီး အများကြီး အများကြီး
ဖြစ်စေချင်ခဲ့၊ တောင်းဆိုခဲ့မိတယ်ကွယ်။
လူတွေကို ရှုတ်ချ
ပြစ်တင်မယ့်အစား သူတို့ကို၊ သူတို့၏ ဘ၀ကို၊ သူတို့ တွေးခေါ်ပုံ၊
နေထိုင်ပုံကို သိအောင် ကြိုးစားကြပါစို့။ သူတို့ ဘာလို့ အဲ့သလို
လုပ်ရသလဲဆိုသည်ကို အဖြေထုတ်ကြည့်ပါ။ ဝေဖန်တာထက်ပိုပြီး အကျိုးရှိပါသည်။
နားလည်ခြင်း၊ ကရုဏာသက်ခြင်း၊ ညှာတာခြင်းများ ဖြစ်လာမည်။
No comments:
Post a Comment