Saturday, September 20, 2014

လက်ဦးဆရာများ

ဒေါ်ကေဆိုင်းရော် (MBC)
- မူကြိုကို ရောက်လာတဲ့ ကလေးတွေထဲမှာ ဆင်းရဲတာချင်းအတူတူ၊ မိဘပညာအရည်အချင်းလည်း အတူတူ ဘာကြောင့်ကလေးတစ်ချို့က တခြားကလေးတွေထက် ပိုဖွံ့ဖြိုး၊ ပိုသွက်လက်နေကြသလဲ။
- ကျန်းမာတဲ့ကလေးတိုင်းမွေးဖွားလာတာနဲ့ သူတို့ခန္ဓာကိုယ်က ဘာမှမလုပ်နိုင်သေးပေမယ့် သင်ယူဖွံ့ဖြိုးနိုင်တဲ့ အစွမ်းအစတွေ ပါလာပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်အနေနဲ့ အလားအလာရှိသလောက် ဖွံ့ဖြိုးလာဖို့ဆိုရင် သူ့ကို ပြုစုစောင့်ရှောက်သူတွေ အပေါ်မှာ လုံးဝမှီခိုအားထားရတာပါ။ ဒီအချက်ကို ကလေးငယ်တွေရဲ့ ဘာသာစကားဖွံ့ဖြိုးလာပုံကို ကြည့်ပြီး လေ့လာကြည့်ကြရအောင်။ မွေးစမှာ ဖွံ့ဖြိုးမှုအနေအထား အတူတူလောက် ရှိတဲ့ကလေးတွေဟာ တစ်နှစ်သားမှာတော့ မသိမသာခြားနားလာကြတယ်။ ၃နှစ်အရွယ်မှာတော့ သိသိသာသာကြီးကို ခြားနားသွားပြီဖြစ်ပါတယ်။ ဘာသာစကားဖွံ့ဖြိုးမှုဆိုတာ ကလေးနားလည်တဲ့စကားအရေအတွက် တိုးလာတာရယ်၊ ကလေးပြောတတ်၊ သုံးတတ်တဲ့စကားလုံးအရေအတွက် တိုးလာတာရယ်ကို ဆိုလိုပါတယ်။ ကလေးတွေဟာ သူတို့ပြောတတ်တာထက် ပိုနားလည်ကြပါတယ်။ ဆိုလိုတာက စကားလုံး (၁၀၀)လောက်ကို သွက်သွက်လက်လက်ပြောနိုင်တဲ့ (၂)နှစ်အရွယ် ကလေးဟာ စကားလုံးပေါင်း (၅၀၀-၆၀၀)ကို နားလည်ပါတယ်။ သာမန်အားဖြင့် (၃)နှစ်အရွယ်ကလေးတစ်ယောက်ဟာ မိခင်ဘာသာစကားအလုံးပေါင်း(၁၀၀၀)လောက် ကောင်းကောင်း သုံးနိုင်ကြပြီလို့ ဆိုပါတယ်။
- သုံးနှစ်အရွယ်ကလေးတွေရဲ့ဘာသာစကား ဖွံ့ဖြိုးမှုကို လေ့လာတွေ့ရှိမှုအရ ပြုစုစောင့်ရှောက်သူများရဲ့ ကလေးအပေါ် အချိန်ပေးနိုင်မှုရယ်၊ တစ်နာရီမှာ ကလေးကြားရတဲ့ စကားလုံးအရေအတွက် ရယ်ပေါ်မူတည်ပြီး ဖွံ့ဖြိုးမှုနှုန်း သုံးမျိုးသုံးစား ခွဲခြားတွေ့ရှိရပါတယ်။ Channel 7 ရဲ့ ချန်ပီယံလေးများ အစီအစဉ်ကတော့ ကလေးဘယ်လောက်နားလည်တယ်ဆိုတာကို ပြိုင်တာမို့လို့ အဲ့ဒီ ၃မိနစ်အတွင်းမှာ အမေရဲ့ နားငြီးလောက်အောင် ထပ်တလဲလဲသုံးတဲ့ စကားမျိုးကိုတော့ တစ်နာရီမှာ ကြားရတဲ့ စကားလုံးထဲရေတွက်လို့ မရဘူးပေါ့။ ပထမ အမျိုးအစားက စား၊ ၀တ်၊ နေရေး ချောင်လည်တဲ့ မိဘရဲ့ကလေးတွေဖြစ်ပြီး မိဘက ကလေးကို အချိန်ပိုပေးနိုင်တယ်ဆိုတော့ တစ်နာရီမှာ ကလေးကြားရတဲ့ စကားလုံးပေါင်း (၂၁၅၃)လုံးရှိပြီး ကလေးပြောတတ်တဲ့ စကားလုံးပေါင်း (၁၁၀၀)ရှိနေတဲ့အချိန်မှာ စားဝတ်နေရေး အဆင်ပြေရုံရှိတဲ့ ဒုတိယအခြေအနေက မိဘရဲ့ ကလေးတွေကတော့ တစ်နာရီမှာ (၁၂၅၁)လုံးကြားရပြီး (၇၅၀)လုံးကို ပြောတတ်သတဲ့။ တစ်နေ့လုပ်တစ်နေ့စား အခြေအနေမှာရှိတဲ့ မိဘတွေရဲ့ ကလေးတွေကတော့ တစ်နာရီမှာမှ (၆၁၆)လုံးကြားရပြီး၊ စကားလုံးအရေအတွက် (၅၂၀)လုံးပဲ ပြောတတ်နေတယ်လို့ ဆိုလိုပါတယ်။
- ကလေးအသက်(၃)နှစ်အရွယ်ရဲ့ ကွာဟမှုက (၅)နှစ်အရွယ်ရောက်ရင် ဒီထက်ပိုပြီး ကွာဟလာမှာဖြစ်ပါတယ်။ ဒီကွာဟမှုတွေကို မလျှော့ချနိုင်ဘူးဆိုရင် အခွင့်အလမ်းအနည်းပါးဆုံး အခြေအနေမှာရှိတဲ့ ကလေးတွေရဲ့ ပညာသင်ယူရေးဟာ ဘယ်လိုရှိမယ်ဆိုတာ မှန်းလို့ ရနေပါတယ်။ စိတ်ဝင်စားဖွယ်ရာ ပူးတွဲလေ့လာမှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ စီးပွားရေးအခြေအနေနဲ့ မဆိုင်ဘဲ ကလေးဖွံ့ဖြိုးရေးအကြောင်းနားလည်တဲ့ မိဘရဲ့ ကလေးတွေဟာ ပထမအမျိုးအစားထဲက ကလေးများနည်းတူ ဖွံ့ဖြိုးတယ်ဆိုတာပါပဲ။ အဲဒီအချက်က လူဆင်းရဲပေမယ့် အသိပညာမဆင်းရဲဖို့ အရေးကြီးကြောင်းထောက်ပြနေပါတယ်။ အတန်းပညာမတတ်ပေမယ့် ကလေးဖွံ့ဖြိုးရေးအကြောင်း နားလည်တဲ့မိဘတွေဟာ ကလေးအသက်ပေါင်းများစွာကို ကယ်နိုင်တယ်ဆိုတဲ့ အထောက်အထားတွေလည်း အများကြီးရှိ ပါတယ်။ ကလေးတစ်ယောက်ကို နောင်တစ်ချိန်မှာ ကျန်းမာတဲ့ကလေးဖြစ်မလား၊ ချူချာတဲ့ကလေးဖြစ်မလား၊ ဘယ်လိုသင်ယူလိမ့်မယ်၊ ဘယ်လိုကိုယ်ရည်ကိုယ်သွေးရှိမယ်ဆိုတာ မှန်းဆလို့ရပါတယ်။ ကလေးရဲ့အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုယ်ရည်ကိုယ်သွေးတွေအတွက် သူ့ဘ၀ကို အလွှမ်းမိုးဆုံးဖြစ်တဲ့ လက်ဦးဆရာများရဲ့ ပြုစုစောင့်ရှောက်ပုံပေါ်မှာပဲ အဓိကမူတည်တာထင်ရှားပါတယ်။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗစရိယ၊ မိနဲ့ဖ . .ဆိုတဲ့စကားလေးဟာ သွေးထွက်အောင်မှန်နေပါတယ်။
- အလုပ်လုပ်ဖို့အချိန် တစ်သက်လုံးရှိပေမယ့် ကလေးသူငယ်ဘ၀ဆိုတာ တစ်ကြိမ်ပဲရှိတယ်… လို့ ပိုလန်စကားပုံရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာရှိတဲ့ မိဘမဆို သူတို့ကလေးတွေအတွက် အလေးပေးပြုစုပေးရင်းနဲ့ အကောင်းဆုံးဖြစ်နိုင်ကြပါတယ်။ မိဘတိုင်း အကောင်းဆုံးမိဘ ဖြစ်နိုင်ကြပါစေ။
ဒေါ်ကေဆိုင်းရော် (MBC)
ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးရေးစီမံချက် စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment