ရာထူးဂုဏ်ရှိတဲ့ဖခင်နဲ့ တက္ကသိုလ်ဆရာမတစ်ဦးရဲ့သားဖြစ်ရတာ
တခြားသူအတွက်တော့ ငွေဇွန်းကိုက်မွေးလာသူလို့ ဆိုကြလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ
ကျွန်တော့်အတွက် စိတ်ဖိစီးမှုတစ်ခုဖြစ်ခဲ့တယ်။ အကြောင်းက ဖေဖေ၊ မေမေတို့ရဲ့ကောင်းမွန်တဲ့မျိုးရိုးဗီဇကို ကျွန်တော်အမွေမရခဲ့လို့ပါပဲ။
(၂)နှစ်ခွဲသားအရွယ်ဆိုရင် တခြားကလေးတွေက စကားကို တီတီတာတာပြောတတ်နေပြီ၊
ကဗျာတွေ စာတွေရွတ်တတ်နေပြီ။ ဒါပေမဲ့ ကျွန်တော်မှာတော့ (၁)ကနေ (၁ဝ)အထိ
သေသေချာချာ မရွတ်တတ်ခဲ့သေးဘူး။
မူကြိုစတက်တဲ့နေ့မှာပဲ
တခြားကလေးကို ထိခိုက်ဒဏ်ရာရအောင် ကျွန်တော်လုပ်ခဲ့တယ်။ ကျောင်းက
ဈေးအကြီးဆုံးဆိုတဲ့ စန္ဒာယားကို ဖျက်ဆီးခဲ့တယ်။ အဲဒီနောက်
မူကြိုကျောင်းပေါင်းစွာ ကျွန်တော်ပြောင်းခဲ့တယ်။ ကျောင်းတစ်ကျောင်းမှာ
(၁ဝ)ရက်ကျော်ကြာအောင် ကျွန်တော်မနေခဲ့ဖူးဘူး။ ကျောင်းက ကျွန်တော့်ကို
ဆက်လက်မခံနိုင်တော့ဘူးလို့ အကြောင်းကြားတိုင်း ဖေဖေက
ကျွန်တော်ကိုရိုက်နှက်တတ်တယ်။ သူ့လက်သီးနဲ့ ထိုးတယ်။
ဖေဖေအဲဒီလိုရိုက်နှက်တိုင်း မေမေက အပြေးလေးလာပြီး ကျွန်တော်ကိုပွေ့ဖက်
ကာကွယ်ပေးခဲ့တယ်။
ကျွန်တော်အတွက် မူကြိုကျောင်းဆက်ရှာဖို့ မေမေကို
ဖေဖေခွင့်မပြုခဲ့ဘူး။ ဒါကို မေမေသဘောမတူခဲ့ဘူး။ ကလေးငယ်ဆိုတာ အပြင်လောကနဲ့
ဆက်ဆံရတယ်။ အိမ်ထဲမှာပဲ တစ်သက်လုံးနေခိုင်းထားလို့ မရဘူးလို့
မေမေကပြောတယ်။ ဒီလိုနဲ့ မူကြိုကျောင်းတစ်ကျောင်းဆီ
ကျွန်တော်ရောက်လာခဲ့ပြန်တယ်။
အဲဒီနေ့က ကလေးငယ်တစ်ယောက်ရဲ့
ထမင်းပန်းကန်ထဲ ကျွန်တော်ကျင်ငယ်စွန့်လိုက်မိတယ်။ မေမေက ကျောင်းကိစ္စနဲ့
ခရီးထွက်နေတော့ ကျောင်းကဆရာမ အကြောင်းကြားကြားချင်း ဖေဖေက ဒေါသတကြီးနဲ့
ကျွန်တော်ကိုလာကြိုခဲ့တယ်။ ပြီးတော့ ကျွန်တော်ကို
ဧည့်ခန်းမှာချုပ်နှောင်ထားခဲ့တယ်။ ကျွန်တော် အာခေါင်ကွဲမတတ်အော်တယ်။
လက်မှာကြိုးရာတွေထင်းအောင် ရုန်းခဲ့တယ်။ ဖေဖေလွတ်မပေးခဲ့လို့ ဧည့်ခန်းထဲက
တီဗွီ၊ အိမ်အသုံးအဆောင်တွေကို ကျွန်တော် ကန်ကြောက်ဗြောင်းဆန်အောင်
လုပ်ပစ်လိုက်တယ်။
မေမေအိမ်ပြန်ရောက်လာတော့ ကျွန်တော့်လက်ကောက်ဝတ်က
အစင်းရာတွေကိုကြည့်ပြီး ရင်ကွဲမတတ်ငိုခဲ့တယ်။ ဒီကိစ္စအတွက်နဲ့ ဖေဖေကို
မေမေကွာရှင်းခွင့်တောင်းခဲ့တယ်။ မေမေရင်ခွင်ထဲမှာ
ကျွန်တော်တိတ်ဆိတ်ငြိမ်သက်လို့... တအောင့်ကြာတော့ မေမေက "သား...အောင်အောင်
သားလည်း ဒီလိုငြိမ်သက်သွားနိုင်တာပဲ။ ဒါကြောင့် မေမေ အမြဲပြောတယ်.. သားဟာ
ဒီလောက,ကလူတွေရဲ့ နားလည်မှုပေးတာကိုမခံရတဲ့ ပါရမီရှင်ဆိုတာ... "
ကျွန်တော် မူလတန်းတက်တော့ ဆရာမတော်တော်များများက ကျွန်တော့်ကို
သူတို့အတန်းထဲမှာ မထားချင်ကြဘူး။ နောက်ဆုံးမှာ မေမေရဲ့သူငယ်ချင်း
ဆရာမချယ်ရီက ကျွန်တော်ကိုလက်ခံခဲ့တယ်။ မေမေကိုပေးခဲ့တဲ့ကတိအတိုင်း
အတန်းသားတွေကို ဒေါသနဲ့ကျွန်တော်မဆက်ဆံခဲ့ပါဘူး။ ဒါပေမဲ့
ကျောင်းအသုံးအဆောင်တွေက ကျွန်တော့်လက်ချက်နဲ့ တစစီဖြစ်ခဲ့ရတယ်။
တစ်နေ့မှာ ဆရာမက ကျွန်တော့်ကို စာသင်ခန်းတစ်ခုထဲခေါ်ပြီး ပြောတယ်။
"အောင်အောင်.. အောင်အောင်ကြောင့်ပျက်စီးခဲ့ရတဲ့ ဒီပစ္စည်းတွေကို အောင်အောင်ပြန်ကုပေးလိုက်ပါ"
ဒီလို တစစီကွဲကြေပျက်စီးတဲ့အရာကို ပြန်ကု၊ ပြန်ဖာထေးရတာကို
ကျွန်တော်ဝမ်းသာတယ်။ ကျွန်တော်မုန့်ဖိုးနဲ့ ဝယ်စုထားတဲ့
ကိရိယာတန်ဆာပလာတွေကိုယူပြီး မျက်စိရှေ့က တစစီဖြစ်နေတဲ့အရာတွေကို
အသက်ဝင်အောင် ကျွန်တော်လုပ်ခဲ့တယ်။ သိပ်မကြာဘူး... အဲဒီသံတိုသံစ
အပျက်အစီးတွေက ကားငယ်လေးတစ်စီး၊ ဘယ်ညာဘက်မညီတဲ့အတောင်ပံနဲ့
လေယာဉ်ငယ်တစ်စီးဖြစ်ခဲ့တယ်။
ကျွန်တော်ဘေးမှာ အတန်းဖော်တွေ
တဖြည်းဖြည်းဝိုင်းလာခဲ့တယ်။ လူကြီးမိဘတွေပေးမကိုင်တဲ့
အိမ်သုံးတန်ဆာပလာတချို့ရဲ့သုံးနည်းတွေ သူတို့ကို ကျွန်တော်သင်ပြတယ်။
အရင်ကလို လက်သီးနဲ့ တခြားသူရဲ့အမြင်အာရုံကို ကျွန်တော်မဖမ်းစားခဲ့တော့ဘူး။
ကျွန်တော်ဘေးက အမြင်အာရုံတွေမှာ ခင်မင်ရင်းနှီးမှု၊ နွေးထွေးမှုတွေ
သန်းလာခဲ့တယ်။
အလယ်တန်းရောက်တော့ စာဖတ်ကြိုက်တဲ့မေမေအတွက်
စာဖတ်ပြီးမီးထပိတ်စရာမလိုတဲ့ အဝေးထိန်းမီးဖွင့်ပိတ်ခလုတ်တစ်ခု
ကျွန်တော်စမ်းသပ်တီထွင်ပေးခဲ့တယ်။ မေမေက ယုံရနိုး၊ မယုံရနိုးနဲ့
ခလုတ်ကိုနှိပ်ကြည့်တယ်။ အခန်းမီး ဖျတ်ခနဲလင်းလာတာကို ကြည့်ပြီး
ကြည်လင်တဲ့အပြုံးနဲ့ မေမေကပြောတယ်။
"မေမေ ပြောခဲ့သားပဲ... မေမေ့သားက ပါရမီရှင်ဆိုတာ.."
နောက်ဆုံးမှ ဆရာမချယ်ရီက ကျွန်တော်ကိုပြောပြတယ်။
ကျောင်းက ပြန်လည်ကုသ၊ ဖာထေးရေးအခန်းက ကျွန်တော့်အတွက်
မေမေသပ်သပ်ငှားရမ်းခဲ့တဲ့ အခန်းပါတဲ့။ မေမေက နည်းလမ်းမျိုးစုံနဲ့
ကျွန်တော်ရဲ့ပိုလျှံတဲ့ စိတ်ဖိအားအတွက် ထွက်ပေါက်တစ်ခုရှာပေးခဲ့တယ်။
ကျွန်တော်ရဲ့လက်စွမ်းအားကိုပြဖို့
ပြုစုပျိုးထောင်ခဲ့တယ်။
အလယ်တန်းကို ကျွန်တော်ပျော်ပျော်ရွှင်ရွှင် ဖြတ်ကျော်ခဲ့တယ်။
အထက်တန်းရောက်တော့ ပတ်ဝန်းကျင်စိမ်းတစ်ခုမှာ ကျွန်တော်ဟာ အများသူရဲ့
ဝေဖန်သူဖြစ်ခဲ့ပြန်တယ်။ အိမ်စာ အချိန်မီမတင်တာ၊ မကြာခဏ
လက်တွေ့ခန်းထဲကပစ္စည်းတွေ ဖျက်ဆီးတာ၊ ပိုဆိုးတာက အတန်းပိုင်ဆရာမကို
ကျွန်တော် လုံးဝမနှစ်သက်တာပါပဲ။ အခါကြီးရက်ကြီးနေ့မျိုးတွေမှာ သူ့ကို
လက်ဆောင်ပစ္စည်းနဲ့ကန်တော့ဖို့၊ ပေးဖို့ အရိပ်အယောင်ပြတတ်တဲ့
အတွက်ကြောင့်ပါ။ လူ့အတ္တကိုနားလည်တဲ့ အုပ်ထိန်းသူတချို့က ပေးကြပါတယ်။
"ဒီလောက်အကျင့်သိက္ခာမရှိတဲ့ဆရာမကို လက်ဆောင်တွေပေးကြသေးတယ်။ ဒါဟာ
သူခိုးကို ဓားရိုးကမ်းတာနဲ့ အတူတူပဲ။ မေမေသူ့ကို လက်ဆောင်တွေပေးရင်
သားကျောင်းမတက်တော့ဘူး"
ဒီလိုရဲ့နောက်ဆက်တွဲက စာသင်ခန်းထဲမှာ
ကျွန်တော်ခွဲခြားဆက်ဆံ ခံရတာပါပဲ။ အတန်းပိုင်ဆရာမက ကျွန်တော်ကို ဘယ်တော့မှ
စာမမေးဘူး။ စာကို ကျွန်တော်ကောင်းအောင် ဘယ်လိုရေးရေး အမှတ်များများမပေးဘူး။
ကျွန်တော့်ကို စာသင်ခန်းစည်းကမ်း လိုက်မနာဘူးဆိုပြီး
နေ့တိုင်း ကျောင်းဆင်းတိုင်း အခန်းသန့်ရှင်းရေးလုပ်ဖို့ အပြစ်ပေးတော့တယ်။
သန့်ရှင်းရေးအတွက် ကျောင်းမှာတစ်ယောက်တည်းကျန်တဲ့ ကျွန်တော်ကိုကြည့်ပြီး
မေမေကငိုတယ်။ ကျွန်တော်က ကျွန်တော်ရဲ့မရှိတဲ့ကြွက်သားကို ထောင်ပြပြီး
"မေမေ... ဂရုမစိုက်ပါနဲ့... သူ့ကို ဂရုမစိုက်ရင် ကျွန်တော်ကိုလည်း မထိခိုက်၊ မနာကျင်စေနိုင်တော့ဘူး"
ကျွန်တော်စကားကြောင့် မေမေက တအံ့တသြနဲ့ ကျွန်တော့်ကိုကြည့်တယ်။ "မေမေ
သားမိုက်တယ်မဟုတ်လား" ဆိုတော့ မေမေကခေါင်းညိတ်ပြီး "မိုက်ရုံမက
အတွေးပါကောင်းတယ်"လို့ဆိုတယ်။
အဲဒီနောက် ကျောင်းဆင်းတိုင်း မေမေက ကျွန်တော့်ကိုလာကြိုရင်း ကျွန်တော်နဲ့အတူ သန့်ရှင်းရေးဝိုင်းလုပ်ပေးတယ်။
"ဒါဟာ အမှန်တရားအတွက် ပေးဆပ်ခြင်းဖြစ်မလား" လို့ ကျွန်တော်ဆိုတော့
"ဒီအတွက် သားဘက်မှာ မေမေရပ်တည်တယ်။ သားတစ်ယောက်တည်း တိုက်ပွဲဝင်နေတာ
မဟုတ်ဘူး"လို့ မေမေက ထောက်ခံတယ်။
အထက်တန်းစာမေးပွဲဖြေဖို့
ရက်နီးပါပြီ။ ကျွန်တော်အရည်အချင်းနဲ့ တက္ကသိုလ်ကောင်းရမှာမဟုတ်ဘူးဆိုတာ
ကျွန်တော်သိတယ်။ ကျွန်တော်စိုးရိမ်မိပြန်တယ်။ ခေါင်းကို နံရံနဲ့တိုက်၊
အစာငတ်ခံ၊ တရားထိုင်နဲ့ ကိုယ့်ကိုယ်ကို အခန်းထဲမှာပိတ်လှောင်ပြီး
ကိုယ့်ရဲ့ညံ့ဖျင်းမှုအတွက် ကျွန်တော်ဆန္ဒပြမိတယ်။
လေးရက်လုံးလုံး ကျွန်တော်က အခန်းထဲမှာနေတယ်။ မေမေက အခန်းပြင်မှာနေတယ်။ ကျွန်တော်မစားခဲ့ဘူး။ မေမေလည်း မစားခဲ့ဘူး။
ပထမတစ်ရက်.... မေမေက ဖေဖေအကြောင်းပြောတယ်။ မေမေနဲ့ပြန်ပေါင်းဖို့အတွက်
မေမေကို ဖေဖေလာရှာခဲ့တယ်တဲ့။ ဒါပေမဲ့ မေမေငြင်းဆန်ခဲ့တယ်။ "သား
အောင်အောင်ကို တစ်လောကလုံးကလူတွေ မနှစ်သက်ချင်နေ ကျွန်မခွင့်ပြုတယ်။
ဒါပေမဲ့ သူ့ကိုအကြောင်းမဲ့ စော်ကားတာ၊ ထိခိုက်နာကျင်စေတာကိုတော့ ကျွန်မ
ခွင့်မလွှတ်နိုင်ဘူး" လို့ ဖေဖေကို မေမေက ပြောခဲ့တယ်။
ဒုတိယရက်....
မေမေက ကျွန်တော်ငယ်သူငယ်ချင်း ကျော်စိုးကို အိမ်ခေါ်လာတယ်။ ကျော်စိုးက
"အောင်အောင်... မူလတန်းတုန်းက မင်းပေးခဲ့တဲ့ ကွန်ထရိုးကားကို
ငါ့စာကြည့်ခန်းထဲမှာ ခုထိသိမ်းထားတုန်းပဲ။ အဲဒီကားလေးက ငါ့အတွက်
အရမ်းတန်ဖိုးရှိတဲ့ ကစားစရာလေးပေါ့။ အခု ကျောင်းစာမှာ နင်အခက်အခဲတွေ့တယ်။
ဒီတော့ ဘာဖြစ်လဲ.. နောင်တစ်ချိန်မှာ မင်းဖြစ်မြောက်မှာပါ... မင်းက
ငါတို့အားကိုးရမယ့် သူငယ်ချင်းပါကွာ" လို့ ပြောခဲ့တယ်။
တတိယရက်...
ဆရာမချယ်ရီ အိမ်ကိုရောက်လာတယ်။ ဆရာမက ငိုသံနဲ့ "အောင်အောင်.. သားက
ဆရာမသင်ဖူးသမျှ ကျောင်းသားတွေထဲမှာ အထူးချွန်ဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့
တခြားကျောင်းသားထက် သား တမူထူးခြားခဲ့တယ်။ သား ကျောင်းစာမှာမထူးချွန်ဘူး။
ဒါပေမဲ့ သား ကျန်းကျန်းမာမာရှင်သန်တယ်။ သား ထွင်ပေးခဲ့တဲ့
လျှပ်စစ်ဖုန်စုပ်ကျောက်သင်ပုန်းဖျက်လေး ဆရာမ ဒီကနေ့အထိ သုံးနေတုန်းပဲ။
ဒီအတွက် သားကို ဆရာမဂုဏ်ယူတယ်" လို့ ပြောခဲ့တယ်။
စတုတ္ထရက်မှာ
အခန်းပြင်ဘက် ဘာအသံမှ မကြားခဲ့ရတော့ဘူး။ မစားမသောက်နဲ့ မေမေမခံနိုင်မှာကို
ကျွန်တော်စိုးရိမ်မိတယ်။ အခန်းပြင်ဘက် ကျွန်တော်ခြေဖျားထောက် ထွက်ကြည့်တော့
မေမေက မီးဖိုထဲမှာ ကြော်ချက်နေတယ်။ မေမေ့နား ကျွန်တော်မရောက်ခင် မေမေက..
"အင်း... သား ထွက်ထွက်လာချင်း ပထမဆုံးလုပ်ချင်တဲ့အရာက အစာစားတာပဲဆိုတာကို မေမေသိနေတယ်လေ"
"မေမေ.. သားကို ခွင့်လွှတ်ပါနော်။ သား ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ ထင်မိတယ်"
"သားအသုံးမကျဘူးလို့ ဘယ်သူပြောတာလဲ။ ရှေ့ဆက်မယ့်လမ်းအတွက် သား မစားမသောက်တာကို အသုံးမကျဘူးလို့ ပြောရင် အဲဒီပြောတဲ့လူ
မေမေနဲ့တွေ့မယ်"
လဝက်လောက်နေတော့ မေမေက ကျွန်တော်ကို အရွေးအချယ်ပုစ္ဆာတစ်ပုဒ်မေးတယ်။
A. အကောင်းဆုံးတက္ကသိုလ်ကို တက်မလား၊
B. အသက်မွေးဝမ်းကျောင်းမှာ ကားပြင်သင်တန်းတက်မလား၊
C. တကယ်လို့ တစ်ခုမှ မကြိုက်ဘူးဆိုရင် သားရဲ့ဆန္ဒ၊ ရွေးချယ်မှုကို မေမေအလေးထားပါတယ်။
ကျွန်တော် B ကိုရွေးလိုက်တယ်။
"သားသိတယ် မေမေ.. သား အကောင်းဆုံးတက္ကသိုလ်ရဖို့
မေမေ့နည်း၊ မေမေ့ဟန်နဲ့ လူတွေကိုချည်းကပ်တော့မယ်ဆိုတာ သားသိတယ်။
မေမေကို နောက်ထပ်စိတ်ပျက်အောင် သား မလုပ်တော့ပါဘူး မေမေ"
"သားကလည်း မေမေ့ကိုအထင်သေးတာပဲ။ အတတ်ပညာကျောင်းသွားတာက သားရဲ့အစွမ်းကို
အကြီးချဲ့ပေးလိုက်တာ၊ တက္ကသိုလ်သွားတာက သားရဲ့အားနည်းချက်ကို
ကုသပြင်ဆင်ပေးတာ၊ မေမေလည်း ဆရာမတစ်ဦးပဲ ... ဒါတွေကို အကွက်မြင်ပါတယ်
သားရယ်"
မေမေက ကျွန်တော့်ခေါင်းကို ပွတ်သပ်ပြီးဆိုတယ်။
ဒီလိုနဲ့ အတတ်ပညာကျောင်းကို ကျွန်တော်တက်ပြီး ကားပြင်သင်ခဲ့တယ်။
ကျောင်းဝင်းထဲက ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့စကားကို နားထောင်ပြီး
ကားအပြင်ကောင်းသူတစ်ဦးဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ကျောင်းက
မိသားစုအိမ်ရာမှာ
မေမေနဲ့ကျွန်တော်နေတယ်။ ဒီအိမ်ရာထဲက ဆရာ၊
ဆရာမမိသားစုတွေရဲ့ သားသမီးတွေက နိုင်ငံခြားထွက် ကျောင်းဆက်တက်သူ၊
မာစတာဆက်ဖြေသူနဲ့ အညံ့ဆုံးဆိုသူကတောင် ဘွဲ့တစ်ခုရထားသူတွေဖြစ်တယ်။
ကျွန်တော်တစ်ယောက်ပဲ ဒီဝင်းထဲမှာ ငယ်ရာကနေ ကြီးလာတဲ့အထိ တခြားလူနဲ့မတူ
ဆန့်ကျင်ပုန်ကန်သူဖြစ်ခဲ့တယ်။
ဒီအတွက် မေမေ မရှောင်ပုန်းခဲ့ဘူး။
လူတွေကို မကွယ်ဝှက်ခဲ့ဘူး။ မလိမ္မာတဲ့သားတစ်ယောက်ကြောင့် လူတွေကို
ရင်မဆိုင်ရဲတာမျိုး မဖြစ်ခဲ့ဘူး။ ဒါတင်မက ဘယ်သူ့အိမ်က ကားပျက်ရင်
ကျွန်တော့်ကိုခေါ်ပြီး အကူအညီပေးခိုင်းသေးတယ်။ ကျွန်တော်ကားပြင်နေတာကို
ဘေးမှာရပ်ကြည့်ပြီး ဝမ်းသာကျေနပ်တဲ့အပြုံးနဲ့ မေမေရပ်ကြည့်နေတတ်တယ်။ သားကို
ကားပြင်ဆရာလို့မမြင်ဘဲ ဒုံးပျံပြင်ဆရာလို မြင်ခဲ့ပုံရတယ်။
ကျွန်တော့်ဘဝ အကောင်းဘက်ကို တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။
သင်တန်းကျောင်းကကျောင်းမပြီးခင် "ကားပြင်ပါရမီရှင်"အဖြစ်
ကျွန်တော်နာမည်တွင်ခဲ့တယ်။ ကားရဲ့ရောဂါပေါင်းစုံကို "ကုသ"သူဖြစ်ခဲ့တယ်။
ကျောင်းပြီးတော့ ကျွန်တော်ဝပ်ရှော့တစ်ဆိုင်ထောင်ခဲ့တယ်။ နာမည်ကြီး
အဖိုးတန်ကားတွေကိုပဲ ဝန်ဆောင်မှုပေးခဲ့တယ်ဆိုပေမယ့် ကျွန်တော်ဆိုင်မှာ
အလုပ်နဲ့လက်မပြတ် ကားတွေစည်ကားခဲ့တယ်။ ကျွန်တော့်ကိုယ်ပေါ်မှာ
ဓာတ်ဆီနံ့တွေနဲ့ နံစော်နေတယ်ဆိုပေမယ့် ဘဝအတွက် ကျွန်တော်ခါးညွှတ် ရိုကျိုး
တောင်းစားစရာမလိုခဲ့ဘူး။
တစ်နေ့မှာ ကျွန်တော်စာအုပ်တစ်အုပ်ဖတ်ရင်း စာထဲကနေ ပေါ်တူဂီစကားပုံတစ်ခုကို သွားတွေ့တယ်။
"ဘုရားသခင်က ငှက်ညံ့ငှက်ဖျင်းတစ်ကောင်အတွက် သစ်ကိုင်းနိမ့်တစ်ကိုင်း ပြင်ဆင်ပေးထားပါတယ်"တဲ့။
ဟုတ်ပါတယ်... ကျွန်တော်က အဲဒီငှက်ညံ့ငှက်ဖျင်းတစ်ကောင်ပါ။ ဒါပေမဲ့
ကျွန်တော့်အတွက် သစ်ကိုင်းနိမ့်တစ်ကိုင်း ပေးပို့လာသူက
ဘုရားသခင်မဟုတ်ခဲ့ပါဘူး။ ကျွန်တော့်မေမေပဲဖြစ်ပါတယ်.......
××××××
မူရင်းလင့် ----
http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20120218/216949.html
No comments:
Post a Comment