Friday, February 5, 2016

ဘုရားပေးသော ကော်ဖီတခွက်...

တစ်နေ့ တော့ လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်နေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်စုဟာ သူတို့ရဲ့
ပါမောက္ခဟောင်းဆီကို အလည်သွားကြတယ်။ စကားတွေအများကြီးပြောနေရင်းနဲ့ 
သူတို့ ရဲ့ စကားက လုပ်ငန်းခွင်က စိတ်ဖိစီးမှုအကြောင်းတွေ
ဘ၀အကြောင်းတွေ ဆီကို ရောက်သွားတယ်။

ပါမောက္ခကြီးကလည်း သူ့ တပည့်တွေကို ကော်ဖီနဲ့ ဧည့်ဝတ်ပြုဖို့ အတွက် မီးဖိုချောင်ကို
ဝင်သွားတယ်။ ပါမောက္ခကြီး မီးဖိုချောင်ကနေ ပြန်ထွက်လာတဲ့အခါမှာတော့
ကော်ဖီအိုးကြီးတစ်အိုးနဲ့  သောက်စရာခွက်တွေကိုယူလာတယ်။
ကြွေခွက်၊ ဖန်ခွက်၊ ပလတ်စတစ်ခွက်၊ သလင်းခွက်၊ တန်ဖိုးကြီးခွက်၊ ရိုးရိုးခွက်၊ ရှေးဟောင်းခွက် စသဖြင့် ခွက်အစုံယူလာပြီးတော့ ကော်ဖီယူသောက်ကြဖို့ ဧည့်ဝတ်ပြုတယ်။
ပါမောက္ခကြီးက သူ့ ရဲ့  တပည့်ဟောင်းတွေရဲ့ လက်ထဲကို ကော်ဖီခွက်ရောက်သွားတာနဲ့ 
မင်းတို့ တွေသတိထားမိလား၊ ခွက်အကောင်းစားတွေ၊ တန်ဖိုးကြီးခွက်တွေကိုပဲ
ယူကြပြီး တန်ဖိုးနည်းတဲ့ ရိုးရိုးခွက်တွေကတော့  ကျန်ခဲ့တာကိုလေ။ ကိုယ့်အတွက်ကိုပဲ
အကောင်းဆုံးကို လိုချင်တဲ့သဘာဝက  မင်းတို့ တွေရဲ့  ပြဿနာနဲ့ စိတ်ဖိစည်းမှုရဲ့  ဇစ်မြစ်ပဲ။
ဒီခွက်တွေက မင်းတို့ သောက်နေတဲ့ကော်ဖီကို ပိုပြီးကောင်းအောင်လုပ်ပေးနေတာ
မဟုတ်ဘူးဆိုတာကို သေချာမှတ်ထားပါ။
ဒီတန်ဖိုးကြီးတဲ့ ခွက်တွေက ကိုယ်ဘာကို သောက်နေလဲဆိုတာကိုတောင်
ပိုပြီးမေ့လျော့စေတယ်။ မင်းတို့ တွေအတွက် လိုအပ်တာက ကော်ဖီပါ။ ခွက်တွေမဟုတ်ပါဘူး။
ဒါပေမယ့် မင်းတို့ တွေက အကောင်းဆုံးသော ခွက်ကိုမှ ရွေးချယ်ခဲ့ကြတယ်။ ပြီးတော့ သူများက ဘာခွက်နဲ့ များသောက်နေမလဲဆိုပြီးတော့ လိုက်ကြည့်နေကြတယ်။
မင်းတို့ တွေတွေးကြည့်လိုက်ပါ။ ဘ၀ဆိုတာ ကော်ဖီတစ်ခွက်လိုပါပဲ။ မင်းတို့ ရဲ့
အလုပ်အကိုင်တွေ၊ ပတ်ဝန်းကျင်တွေ၊ ငွေတွေ၊ ရာထူးတွေက ခွက်တွေပဲ။
အဲဒီအရာတွေက ဒီဘ၀ကို ပံ့ပိုးပေးတာတွေပဲ။
ဒါပေမယ့် ဘယ်ခွက်နဲ့ သောက်နေတာက  မင်းတို့  ဘ၀ရဲ့ အနှစ်သာရကို ပြောင်းလဲပေးနိုင်တာမဟုတ်ပါဘူး။
တစ်ခါတစ်လေမှာ ကော်ဖီခွက်ကိုပဲ အာရုံစိုက်နေတဲ့အတွက် ငါတို့ တွေဟာ ဘုရားပေးတဲ့ကော်ဖီအရသာကို ခံစားဖို့  အတွက် မေ့လျော့နေတတ်တယ်။
ဘုရားပေးတာက ကော်ဖီပါ။ ခွက်တွေကိုမဟုတ်ပါဘူး။
ကဲ ကော်ဖီအရသာကို ခံစားလိုက်ကြပါစို့ ။
အပျော်ရွှင်ဆုံးလူတွေဆီမှာ အကောင်းဆုံးတွေချည်းပဲ ရှိနေတာမဟုတ်ပါဘူး။ ရှိတဲ့အရာအားလုံးကို အကောင်းဆုံးလုပ်ဆောင်နေခြင်းသာဖြစ်တယ်။
ရိုးရိုးလေးအသက်ရှင်ပါ။ ရက်ရောတဲ့ မေတ္တာစိတ်ထားပါ။ လေးလေးနက်နက် ဂရုထားပါ။ ချိုချိုသာသာ ပြောဆိုဆက်ဆံပါ။ ကျန်တဲ့ဘ၀တခုလုံးကိုတော့
ဘုရားရှင်လက်ထဲကို အပ်နှံပါ။

အင်တာနက်စာမျက်နှာက GOD’s Coffee ကိုဖတ်ပြီးတဲ့ အခါမှာ စိတ်ကို အရမ်းထိတွေ့ 
မိတဲ့ အတွက် ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပါတယ်။

No comments:

Post a Comment