Friday, February 5, 2016

Hard working-ပင်ပင်ပန်းပန်း လုပ်တတ်ခြင်းထက် Smart working- စမတ်ကျကျ လုပ်တတ်ရမယ်

အရှိန်အဟုန်နှင့် တိုးတက်ပြောင်းလဲနေတဲ့ တို့ခေတ်မှာ လုပ်ကိုင်တဲ့ ပုံစံတွေကလည်း ပြောင်းလဲလို့လာတယ်။ ဒါတွေကို နေရာ၊အဖွဲ့ အသီးသီးမှာ ခေါင်းဆောင်ဆိုသူတွေက ရှေ့ဆောင်လမ်းပြ နေရာတကျ ပုံဖေါ်ပေးရတာ ဖြစ်တယ်။
‪#‎Working_harder‬' is replaced with '‪#‎working_smarter‬” ပင်ပင်ပန်းပန်းလုပ်ကိုင်ရခြင်းမှ
စမတ်ကျကျလုပ်ကိုင်ခြင်း ပုံစံကို
ပြောင်းလဲခဲ့သည်ဟု ဖရက်ဒရစ်တေလာ က စီမံခန့်ခွဲမှုနှင့် စပ်လျှင်း၍ ပြောခဲ့ဖူးတယ်။
Muscle Power- "ခန္ဓာအား"နှင့်လုပ်ခြင်းမှ
Brain Power- "ဦးနှောက်အား"နှင့် လုပ်ခြင်း...ဆိုတဲ့
လုပ်ကိုင်ပုံစံကို ဦးစားပေး ပြောင်းလဲ လုပ်လာကြတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ စီမံခန့်ခွဲလုပ်ကိုင်မှု ပုံစံသည် စီးပွားရေးနယ်ပယ် တစ်ခုတည်း၌သာ မကတော့ဘဲ လူများစုပေါင်း လှုပ်ရှားကြသည့် နယ်ပယ်တိုင်း၌ ရောက်ရှိလာခဲ့၏။
ဥပမာ ဆေးရုံ၊ တက္ကသိုလ်၊ အနုပညာသုခုမ၊ နိင်ငံရေး၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့တိုင်းလိုက စီမံခန့်ခွဲမှုပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတယ်။
ပညာရှင်တို့သည် စီမံခန့်ခွဲလုပ်ကိုင်မှု ပုံစံကို အောက်ပါအတိုင်း သုံးသပ်ပြောဆိုကြ၏။
(၁) စီမံမှုပညာသည် လူတို့၏အကြောင်းပညာဖြစ်၏။ ထိုပညာကို စုစည်းပေါင်းစပ်ပြီး အလုပ်လုပ်လို့ဖြစ်အောင် လုပ်ပေးသည့် အတတ်, အင်းအားများကို ထိရောက်အောင် သုံးပြီး အားနည်းချက်များကို ပြေပျောက်စေသော အတတ်ဟုဆို၏။
(၂) စီမံခန့်ခွဲမှုအတတ်သည် လူအများကိုပေါင်းစည်းပြီး အလုပ်လုပ်တတ်အောင်သင်ပေးသော ပညာဖြစ်သောကြောင့် လူအများ၏ ဓလေ့ ယဉ်ကျေးမှု(Culture) ကိုလည်းနားလည်ရ၏။
(၃) အဖွဲ့အစည်းတိုင်းသည် ရည်ရွယ်ချက်ခြင်းတူအောင် တန်ဘိုးခြင်းတူအောင် မလွယ်လှသော်လည်း ပညာတတ်အများစုကို စုစည်းပြီး အဖွဲ့စည်းထဲ၌ နေရာချကာ အပေးအယူမျှမျှတတဖြင့် ရည်မှန်းချက်တစ်ခု ရောက်အောင်လေ့ကျင့် ပျိုးထောင်ယူရ၏။ ထိုကြောင့် အဖွဲ့စည်းတိုင်း၌ တူညီသောပန်းတိုင် တူညီသောအသံ တယညီသော တန်ဘိုးရှိဘို့ အထူးလိုအပ်၏။ ထိုသို့မရှိလျှင် ယင်းအဖွဲ့အစည်းသည် ဝရုန်းသုန်းကား ဗရမ်းဗတာနိုင်သော အဖွဲ့အစည်းဖြစ်ပေလိမ့်မည်။
(၄) လိုအပ်ချက် လိုအင်များ ပြောင်းလဲလာသည်နှင့်အမျှ လေ့ကျင့်ခြင်း သင်ကြားခြင်းကို အဆင့်တိုင်း၌ ထည့်သွင်းတည်ဆောက်ရမည်ဟူ၏။ ဘယ်သောအခါမှ မဆုံးနိုင်သော လေ့ကျင့်သင်ကြားမှုမျိုးလိုအပ်၏။
(၅) အဖွဲ့အစည်းအသီးသီးတို့၌ ကျွမ်းကျင်မှုမတူ ပညာရပ်ခြင်းမတူဘဲ လူသားတို့သည် ဆိုင်ရာဆိုင်ရာအလုပ်မျိုးစုံကို ပြုလုပ်နေကြရ၏။ ထို့ကြောင့် ဆက်သွယ်မှု (Communication) အပေါ်၌ အဖွဲ့အစည်းကို တည်ဆောက်ယူရ၏။ တစ်ဦးခြင်း တာဝန်ယူမှု (Responsibility), တာဝန်သိတတ်မှု (Accountability), အပေါ်၌လည်း တည်ဆောက်ယူရ၏။ အဖွဲ့၏ ရည်ရွယ်ချက် အောင်မြင်ဘို့ မိမိလိုအပ်ချက်ကို အခြားသူက ကူညီပေးခြင်း အခြားသူ၏လိုအပ်ချက်ကို မိမိက လုပ်ပေးခြင်းဖြင့် အပြန်အလှန် နားလည်မှုတည်ဆောက်ယူရ၏။
(၆) အမြတ်အစွန်းသည် လုပ်ငန်းတစ်ရပ်၏ ပေတံဖြစ်သော်လည်း ထိုပေတံတစ်ခုတည်းဖြင့် မလုံလောက်ပေ။ အဖွဲ့အစည်းသေမသွားစေရန် အဆက်မပြတ်လည်ပတ်နိုင်ရန် ယင်း၏ အခြေအနေ တီထွင်ဆန်းစစ်မှု လူအရင်းအမြစ် ဖွင့်ဖြိုးမှု စသော ရှိသင့်သည့် အရည်အသွေးများလည်း လိုအပ်၏။ အဖွဲ့အစည်းတိုင်း၌ ဆန်းစစ်သောပေတံကိုလည်း တပ်ဆင်ဖို့လိုအပ်၏။
အဖွဲ့စည်းတိုင်း၌ အောင်မြင်မှုရလာဒ်(Result) သည် outside (အပြင်ဘက်) မှာပင် ရှိ၏။
ဥပမာ
-စာသင်ကျောင်းတစ်ကျောင်း၏ ရလာဒ်သည် အလုပ်-လုပ်တတ်အောင် သင်ကြားတတ်မြောက်သွားသည့် ကျောင်းသားပင်ဖြစ်၏။
-ဆေးရုံ၏ရလာဒ်သည် ရောဂါပျောက်ကင်းသွားသော လူနာပင်ဖြစ်၏။ စီးပွားရေးလုပ်ငန်းတစ်ခု၏ ရလာဒ်သည် ကျေနပ်လောက်သည့် ဖောက်သည်များပင်ဖြစ်၏။
-ဘာသာရေးလုပ်ငန်း၏ ရလာဒ်သည် ဗဟိဒ္ဓခေါ်သည့် အန္တိမပန်းတိုင် နိဗ္ဗာန်, လွပ်မြောက်ချမ်းသာ ရမှုတို့ပင်ဖြစ်၏။
ထိုကဲ့သို့သော ရလာဒ်ကောင်းများကို ပြင်ပမှာပင် အဖွဲ့အစည်းနှင့် တာဝန်ရှိခေါင်းဆောင်ကောင်းများ ရှာဖွေကြရ၏။
ထို့ကြောင့် အဖွဲ့အစည်းတိုင်း၌ လုပ်ငန်းဆောင်တာများနှင့် အဆင်ပြေနိုင်သည့် စီမံခန့်ခွဲမှု နည်းသစ် စနစ်သစ်များ အမြဲလိုအပ်နေ၏။
လုပ်ငန်းဆောင်တာများ အောင်မြင်ရန် ဦးဆောင်သူများအနေနဲ့ အတွေးအခေါ် ပညာ ဗဟုသုတ အများကြီးရှိရန်လို၏။
ပညာဟူရာ၌
-အကြောင်းအကျိုးကို စိစစ်ခြင်း (Reasoning),
-သင့်တော်သော ဝေဖန်ဆန်းစစ်ခြင်း (proper critique),
-စူးစမ်းခြင်း (Investigation),
-စီမံကိန်းအတွက် သီတင်းအချက်အလက် စုဆောင်းခြင်း (Collection of Dat & Information),
-ပုံထုတ်ခြင်း (Designing),
-စီမံချက်ချခြင်း (Planing),
-ခန့်မှန်းတွက်ချက်ခြင်း (Estimation),
-တည်ဆောက်ခြင်း (Construction),
-လည်ပတ်ခြင်း (Running),
-လုပ်ငန်းကိစ္စအားလုံးကို အကျိုးသက်ရောက်မှု ရှိ-မရိ ပြန်လည်သုံးသပ်ခြင်း (Evaluation of result),
-အကျိုးသက်ရောက်မှုမရှိလျှင် စီမံကိန်းအသစ်ပြုလုပ်ခြင်း (Re-planing),
-ပြန်လည်လေ့လာသုံးသပ်ခြင်း (Re-observation),
-လုပ်ငန်းကိစ္စအသစ်တဖန် ပြုလုပ်ခြင်း (Re-construction),
စသည်တို့ ပါဝင်၏။
ထို့ကြောင့် ခေါင်းဆောင်ကောင်းများအနေဖြင့် အချက်အလက် အဖြစ်အပျက်များကို အကြောင်းအရာအားလျှော်စွာ စနစ်တကျ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားကြရမည်ဖြစ်၏။
လုပ်ငန်းပြင်ပ အပြောင်းအလဲများကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ဖို့လို၏။
ဦးဆောင်သူခေါင်းဆောင်ကောင်းတစ်ယောက်သည် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဘယ်သောအခါမှ ဘော်လီဘော ပုတ်သလို မပြုလုပ်သင့်ပေ။
တာဝန်ယူတတ်ခြင်း (Accountabality), သည် ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်း တစ်ရပ်ပင်ဖြစ်၏။
သို့အတွက် ယနေ့ကာလ အပြိုင်ခေတ်ကြီး၌ ခေါင်းဆောင်ကောင်းတို့သည် တစ်ကမ္ဘာလုံး အတိုင်းတာနှင့် ထည့်သွင်းစဉ်းစားတတ်ဘို့ အထူးလိုအပ်၏။
ခေါင်းဆောင်သူသည် မိမိကိုယ်ကို ရိုးသားဖြောင့်မတ်ရမည့်အပြင် အခြားသူတို့အပေါ်၌လည်း ရိုးသားဖြောင့်မတ်ဘို့လို၏။
ရိုးသားမှုဖြင့် ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်သလို အခြားသူများအတွက်လည်း အတုယူအားကျ စံပြ ဖြစ်ဖို့ အရေးကြီးတယ်။
အချုပ်အားဖြင့် Smart working- စမတ်ကျကျလုပ်တတ်အောင် ကြိုးစားပါ။ Brain power- ဦးနှောက်အား သုံး၍ လုပ်တတ်ပါစေ။ Moral power- ကျင့်ဝတ်များ မဖေါက်ဖြားစေနဲ့။ ဒီဘက်ခေတ် Technical power- IT အားကိုလည်း အလေးထားပါ။ ဒါတွေဟာ ခေါင်းဆောင်ရော နောက်လိုက်ပါ လူသားတွေအတွက် အရေးပါတဲ့ အချက်တွေ ဖြစ်တယ်။
စံပြခေါင်းဆောင်များ လမ်းစဉ်ဖြစ်တဲ့ "ရေမကြည် မြက်မနု" သေးတဲ့
မိမိတို့ ဒေသ၊ နိုင်ငံကို "ရေကြည်လာအောင် မြက်နုလာအောင်"
လုပ်ပေးတာသည် ဒေသတစ်ခု၊ နိုင်ငံတစ်ခု၏
"စံပြခေါင်းဆောင်"ဖြစ်ထိုက်သူများ၏ အထူးစပါယ်ရှယ် အခွင့်အလမ်း သို့ တာဝန်တစ်ခု ဖြစ်သည်။

No comments:

Post a Comment