Monday, October 30, 2017

" ဒီအချက် (7) ချက်ကို အတတ်နိုင်ဆုံးလိုက်နာပြီး ဖုန်းကင်မရာနဲ့ ဓာတ်ပုံလေးတွေ ရိုက်ကြရအောင် "

ယခုနောက်ပိုင်း Smartphone တော်တော်များများမှာ ကင်မရာပိုင်းအဆင့်မြှင့်တင်မှုများရှိလာတာကြောင့် ဖုန်းအသုံးပြုသူတွေဟာ မိမိတို့ရိုက်ကူးမှတ်တမ်းတင်လိုတဲ့ အရာတွေရှိလာခဲ့ရင် အလွယ်တကူဖုန်းလေးထုတ်ပြီး ဓာတ်ပုံတွေ ရိုက်ကူးလိုက်ရုံပါပဲ။ ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးခြင်းကို ၀ါသနာပါသူတော်တော်များများ ရှိလာခဲ့ပြီဖြစ်ကာ Social Media ပေါ်မှာ Group လေးတွေလုပ်ပြီး မိမိတို့ရဲ့ Smartphone Photography ကို မျှဝေပေးတာမျိုးတွေ ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် Smartphone ဖြင့် ဓာတ်ပုံရိုက်ကူးတဲ့သူတွေထဲမှာ ပညာရှင်တွေမဟုတ်တဲ့ ၀ါသနာရှင်တွေအတွက်၊ မသိရှိသေးသူများအတွက် အခြေခံအားဖြင့် သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါရစေ။
(1) မိမိဖုန်းကင်မရာရဲ့ Setting တွေကို သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။
>>>>>>>>
Auto နဲ့ပဲ ရိုက်ကူးမယ်ဆိုရင်တော့ setting တွေအကြောင်း အများကြီးသိထားဖို့ မလိုအပ်ဘူး ပြောနိုင်ပါတယ်။ ဒါပေမယ့် အနုပညာမြောက်တဲ့ ဓာတ်ပုံကို ဖန်တီးချင်တယ်ဆိုရင်တော့ Auto mode ကိုပဲ အားကိုးနေလို့ မရပါဘူး။ Manual mode ကိုသုံးတတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖုန်းကင်မရာရဲ့ ISO, exposure, white balance, shutter speed စတာတွေကို သိထားဖို့ လိုပါတယ်။ နောက်ပြီးတော့ ဖုန်းထဲမှာပါရှိတဲ့ Mode အမျိုးမျိုးနဲ့လည်း စမ်းသပ်ရိုက်ကူးကြည့်သင့်ပါတယ်။
(2) Resolution ကို အမြင့်ဆုံးထားဖို့နဲ့ File Size ကြီးနေဖို့ကလည်း အရေးကြီးတယ်နော်။
>>>>>>>>
ဓာတ်ပုံရိုက်ကူးတဲ့အချိန်မှာ ကင်မရာ resolution ကောင်းတယ် ဘယ်လောက်ပဲပြောပြော သိမ်းဆည်းတဲ့ File ရဲ့ resolution ကိုလည်း အမြင့်ဆုံးမှာထားဖို့ လိုအပ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်တော့ File Size ကို large မှာထားဖို့လည်း လိုအပ်ပါတယ်။ တချို့တွေက ဖုန်းရဲ့ space ကို အများကြီးမသုံးချင်ဘူးဆိုတဲ့စိတ်နဲ့ ရိုက်ပြီးသားဓာတ်ပုံတွေကို File Size သေးသေးနဲ့ပဲ သိမ်းဆည်းကြပါတယ်။ သိမ်းဆည်းတဲ့ File Size က သေးနေပြန်ရင်လည်း ဓာတ်ပုံအရည်အသွေးက လိုအပ်သလောက် အပြည့်အ၀ ကောင်းမွန်မှာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင်တော့ File Size ကို large နဲ့ပဲထားရိုက်ဖို့ လိုအပ်ပါတယ်။
(3) Composition မမှန်ကန်ခဲ့ရင် ဓာတ်ပုံကောင်းများ မရရှိနိုင်။
>>>>>>>>
Composition မမှန်ကန်ခဲ့ရင် ဓာတ်ပုံကောင်းတွေ မရရှိနိုင်ပါဘူး။ ဒီနေရာမှာ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အလွယ်တကူပဲ ကိုယ်က ဓာတ်ပုံရိုက်လိုက်ပေမယ့် ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံမှာ Frame စောင်းနေတာမျိုး၊ လက်ပြတ်၊ ခြေပြတ်၊ ခေါင်းပြတ် စတဲ့ ပါသင့်ပါထိုက်တာ မပါ၊ မပါသင့်မပါထိုက်တာတွေ ပါဝင်နေတဲ့ ဓာတ်ပုံမျိုးတွေပါ။ လွယ်လွယ်ပြောရမယ်ဆိုရင်တော့ မိမိပြချင်တဲ့ Subject ကို မပေါ်လွင်စေတဲ့၊ Subject ကို အားနည်းစေမယ့် ပုံစံမျိုးတွေပေါ့။ အပျော်တမ်းပဲရိုက်တယ်ဆိုပေမယ့် ဓာတ်ပုံတစ်ပုံမှာရှိနေရမယ့် အဓိကစည်းမျဉ်းတွေကိုတော့ သိထားသင့်ပါတယ်။ ဥပမာအားဖြင့် အနီးကပ်အလှပုံပဲရိုက်ရိုက်၊ ရှုခင်းပုံပဲရိုက်ရိုက်၊ သက်မဲ့ပစ္စည်းတွေကိုပဲရိုက်ရိုက် အဓိကအကြောင်းအရာရဲ့ ရှိသင့်တဲ့နေရာအထားအသိုတွေကို လိုက်နာသင့်ပါတယ်။ ဥပမာအားဖြင့် rules of third, the golden ratio စတဲ့ အခြေခံစည်းမျဉ်းတွေအတိုင်း လိုက်နာရိုက်ကူးရမှာ ဖြစ်ပါတယ်။
(4) မည်သည့်အခြေအနေမျိုးမှာမဆို Digital Zoom ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးပါ။
>>>>>>>>
ကိုယ်ရိုက်ချင်တဲ့ Subject ကို အနီးကပ်ပုံစံလိုချင်တယ်ဆိုရင် တတ်နိုင်သမျှ အနီးကပ်ရိုက်နိုင်ဖို့ ကြိုးစားပါ။ မလိုအပ်ဘဲ digital zoom ကို အသုံးမပြုပါနဲ့။ digital zoom ကို အသုံးပြုခြင်းကြောင့် မလိုအပ်တဲ့ noise တွေ၊ distortion တွေကို ရရှိသွားတတ်ပါတယ်။ အချက် 2 မှာ ပြောခဲ့သလို ဖိုင်ကိုလည်း resolution မြင့်တဲ့နေရာမှာ ထားမယ်ဆိုရင် လိုအပ်လို့ cropping လုပ်ရင်လည်း ကောင်းမွန်တဲ့ ပုံတစ်ပုံအဖြစ် ကျန်ရှိနေဦးမှာပါ။ ဒါကြောင့် တတ်နိုင်သမျှ subject အနားကပ်ပြီး တည်ငြိမ်တဲ့ focus ရအောင် ရိုက်ယူပါ။
(5) သဘာဝအလင်းရောင်ကပဲ ဖုန်းနဲ့ရိုက်တဲ့ ဓာတ်ပုံတွေကို အဆင်အပြေဆုံး ဖြစ်စေပါလိမ့်မယ်။
>>>>>>>>
ဓာတ်ပုံတစ်ပုံမှာ အရောင်တွေ၊ အနေအထားတွေအပြင် နောက်ထပ်အရေးကြီးတဲ့ အချက်ကလည်း အလင်း၊ အမှောင် ချိန်ညှိယူခြင်း ဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ subject ကို အလင်းရောင်ပြေပြေလေးရှိတဲ့ နေရာမှာထားပြီးရိုက်ဖို့ ကြိုးစားရပါမယ်။ Outdoor ပဲဖြစ်ဖြစ်၊ Indoor ပဲဖြစ်ဖြစ် တတ်နိုင်သမျှ သဘာဝအလင်းရောင်နဲ့ပဲရိုက်ဖို့ ကြိုးစားသင့်ပါတယ်။ Auto mode နဲ့ရိုက်ထားတဲ့ ပုံပေမယ့်လည်း အလင်းအမှောင်ကျရောက်မှု မှန်ကန်နေရင် အင်မတန်လှပတဲ့ ပုံကောင်းတစ်ပုံ ဖြစ်လာပါလိမ့်မယ်။ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တဲ့ Light Source ရှိနေတဲ့ဘက်မှာ တတ်နိုင်သမျှ Subject က ကျောပေးတဲ့ပုံစံမျိုးမဖြစ်နေတာ အကောင်းဆုံးပါ။ ဥပမာပေးရရင် - နေထိုးတဲ့ဘက်မှာ လူက နောက်ကျောပေးပြီး ရှိနေတာမျိုးဖြစ်ခဲ့ရင် အလင်းက နောက်ကျောမှာ ကျနေတာကြောင့် ရှေ့တည့်တည့်ကနေ ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာ လူရဲ့မျက်နှာနဲ့ အရှေ့ဘက်အစိတ်အပိုင်းတွေမှာ အလင်းအားမပြည့်ဝမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ Light Source ရှိတဲ့ဘက်နဲ့ Subject က မျက်နှာချင်းဆိုင်ဖြစ်နေတာ အကောင်းဆုံးပါ။
(6) တတ်နိုင်သမျှ flash ကို ရှောင်ပါ။
>>>>>>>>
အလင်းရောင်အားကောင်းတဲ့ နေရာမှာပဲဖြစ်ဖြစ်၊ အလင်းရောင်အားနည်းတဲ့ နေရာမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ flash ကို ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ များသောအားဖြင့် ဖုန်းကင်မရာမှာပါတဲ့ flash တွေက ပုံကို အနည်းနဲ့အများ ထိခိုက်စေလေ့ရှိလို့ပါပဲ။ အထူးသဖြင့် low light photography တွေမှာဆိုရင် သိထားသင့်ပါတယ်။ flash ဖွင့်မယ့်အစား ကိုယ့်ကင်မရာရဲ့ exposure, ISO တွေကိုပဲ ကြိုးစားပြီး ချိန်ညှိသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း night photography app တွေရဲ့ အကူအညီကို ယူသင့်ပါတယ်။
(7) သေသေသပ်သပ်ပိုဖြစ်သွားအောင် Edit လေးတော့ လုပ်သင့်ပါတယ်။
>>>>>>>>
သေသေသပ်သပ်ပိုဖြစ်သွားအောင် Edit လေးတော့ လုပ်သင့်ပါတယ်။ အလင်းနည်းရင် အလင်းတင်မယ်။ Contrast, Saturation, Ambiance, Highlights, Shadow, White Balance စတာတွေကို ချိန်ညှိသင့်ပါတယ်။ Edit လုပ်တယ်ဆိုတာ သေသပ်လှပသွားအောင် လုပ်တာပါပဲ။ ကိုယ်က အင်မတန်မှကို ကျွမ်းကျင်နေလို့ ပုံကောင်းတစ်ပုံ ရိုက်ယူမိပြီးပြီဆိုရင်တောင်မှ Edit လုပ်လိုက်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ပုံတစ်ပုံ ဖြစ်လာနိုင်ပါတယ်။ ပုံကို cropping လုပ်စရာ မလိုဘူးဆိုရင်တောင် အလင်းအမှောင်ချိန်ညှိတာ၊ color ညှိတာမျိုးလုပ်လိုက်လို့ ပိုပြီးအရသာကောင်းသွားတာ၊ ဆန်းသစ်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ မိမိဖုန်းထဲက Edit Setting နဲ့ မလုံလောက်ဘူးထင်ရင် အများစုအသုံးပြုနေကြတဲ့ Snapseed လို Photo Editing App ကို အသုံးပြုသင့်ပါတယ်။
#cd vivo

No comments:

Post a Comment