ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ ဘယ်လောက်တောင်အရေးကြီးတယ်ဆိုတာ
အထူးပြောစရာမလိုပါ။ ဧပြီ ၁၁ ရက်နေ့က တိုင်းရင်းသား
လူငယ်တွေနဲ့တွေ့ဆုံပွဲမှာ အမေစုဟာ တိုင်းပြည် ပညာရေးတိုးတက်ဖို့နဲ့
အင်္ဂလိပ်စာသင်ကြားမှုကို ကောင်းမွန်အောင်ပြင်ဆင်ဖို့ အရေးတကြီးလိုအပ်နေမှုကို
အချိန်ယူပြီး ထည့်ပြောသွားတာ သတိပြုမိကြမှာပါ။
ဒီမှာ လူငယ်တွေကို
စာမချဲ့ဘဲ အလေးအနက်တိုက်တွန်းလိုတာက အင်္ဂလိပ်စာနဲ့ပတ်သက်ရင်
အခွင့်အရေးပေါ်လာတာနဲ့ ကိုယ့်ဖက်က အဆင်သင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။
scholarship လျှောက်ခါနီးမှ အင်္ဂလိပ်စာ grammar ကို အခြေခံကနေပြန်တက်မယ်ဆိုတာတို့၊
အလုပ် interview ဖြေရခါနီးမှ speaking တစ်လ ပြေးတက်လိုက်မယ် ဆိုတာတို့၊
အင်္ဂလိပ်စာကို ကျောင်းမှာ မူလတန်းကနေ ဘွဲ့ရတဲ့အထိ ၁၄- ၅ နှစ် သင်ခဲ့ရပေမဲ့
အစကနေ အခြေခံကနေပြန်သင်တန်းတက်ချင်တာပါ ဆိုပြီး တက်လိုက်ရတဲ့ သင်တန်းတွေ။
eight parts of speech ကိုပဲ ဘယ်နှစ်ခါ ဘယ်နှစ်နှစ် ဘယ်နှစ်မိုး
ပြန်လေ့လာနေကြမှာလဲ....
ခဏခဏအခြေခံကနေပြန်စမနေကြပါနဲ့။
တော်ရုံအခြေခံရှိပြီးသားသူဟာ မိမိဖာသာ အိမ်မှာ အချိန်ဇယားဆွဲပြီး
နေ့စဉ်လေ့လာလို့ရပါတယ်။ စာအုပ်ကောင်းကောင်းကိုတော့ ရွေးပေါ့။
သင်တန်းတက်မှဖြစ်မယ်ဆိုလည်း ဆရာကောင်းကောင်းရွေး၊
တက်တက်ကြွကြွလိုက်လေ့လာပါ။ ပုံမှန်လုပ်ဖို့ ဇွဲရှိဖို့လိုပါတယ်။
"You cannot master a language overnight." ဆိုတာကို သတိချပ်ပါ။
ဘာသာစကားကျွမ်းကျင်အောင်လေ့လာတာဟာ ညတွင်းချင်းထလုပ်လို့
ပြီးသွားတာမျိုးမဟုတ်။
organic nature of a language: ဆိုတဲ့ idea
လေးကိုလည်း သဘောပေါက်ဖို့လိုတယ်။ language ဘာသာစကားတစ်ခုဟာ
အစိတ်အပိုင်းလေးတွေအများကြီးနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။ vocabulary, sentence
structures, idioms, phrasal verbs, grammar, အရေး အဖတ် နားထောင်ခြင်း
အပြောစွမ်းရည်၊ အသံထွက်....စသည့် အုတ်မြစ်တွေနဲ့ တည်ဆောက်ထားတဲ့
ဘာသာစကားတစ်ခုပါ။ အဲဒီအိမ်ကို ဆောက်ဖို့ရာ
အဲဒီပစ္စည်းတွေအားလုံးလိုအပ်တာပေါ့။ child language acquisition ကို
ပြန်စေ့ငုကြည့်ပါ။ ခလေးတစ်ယောက်ဟာ မွေးလာတာနဲ့ သူ့ပတ်ဝန်းကျင်မှာ ကြားရတဲ့
ဘာသာစကားမှာ language တစ်ခုမှာပါဝင်ဖွဲ့စည်းထားတာတွေ အားလုံးပါပါတယ်။ whole
language, authentic, organic language ဖြစ်တယ်။ ဒီနေ့ စနေနေ့မှာတော့
ဒီခလေးကို မိဘတွေက Adjectives တွေပဲရွေးပြီးပြောမယ်...နက်ဖြန်
တနင်္ဂနွေမှာတော့ Past perfect tense နဲ့ဝါကျတွေပဲပြောမယ်....အဲဒီလိုမျိုး
လက်တွေ့ဘဝမှာ child language acquisition မှာမရှိဘူးကိုး။ ကိုယ်
မြန်မာစကားကို ဘယ်လိုတတ်ခဲ့လဲ တွေးကြည့်ပါ။
ဒါ့ကြောင့် စတင်လေ့လာတဲ့
လူငယ်တွေကို grammar ပဲ လေ့လာမယ်ဆိုပြီး parts of speech တွေ tenses
တွေချည်းပဲ ခြောက်လ တစ်နှစ်လုပ်တာမျိုးတွေ....
phrasal verb တွေ အရေးကြီးလို့ဆိုပြီး phrasal verb ရာပေါင်းများစွာကိုပဲ နေ့စဉ်အလွတ်ကျက်တာမျိုးတွေ....မလုပ်စေချင်ပါ။
language တစ်ခုကို skills တွေအားလုံးတကယ်ကျွမ်းကျင်ချင်ရင်...
ဒီဘာသာစကားကို communicative purposes အတွက် အသုံးချချင်ရင်
စတင်လေ့လာကတည်းက မျှတအောင် လေ့လာတတ်ရမယ်။ balanced content, balanced
approach ကိုလိုက်နာစေချင်တယ်။
ဥပမာပေးရရင်... အင်္ဂလိပ်လို
ပုံပြင်အတိုလေးဖတ်မယ်၊ အဲဒီထဲက ဝေါဟာရ အသစ်တွေကို dictionary
ထဲမှာရှာမယ်၊မှတ်စုစာအုပ်ထဲမှာ ကူးမယ်၊ ဖတ်တဲ့ အကြောင်းအရာကို
ကျိုးကြောင်း ဆင်ချင်တွေးကြည့်မယ်၊ စာရေးသူပေးချင်တဲ့ message နဲ့ moral
lesson ဟာ ဘာလဲဆိုတာကို စဉ်းစားမယ်၊ စာကို အသံထွက်ပြီးထပ်ခါ ထပ်ခါဖတ်မယ်၊
ကိုယ်ကြိုက်တဲ့ လဲလှယ်အစားထိုးပြီးပြန်သုံးလို့ရမဲ့ recycle လုပ်လို့ရမဲ့
ဝါကျတွေ usages တွေကို မှတ်စုစာအုပ်ထဲ ကူးရေးမယ်....အဲဒီနည်းစနစ်ဟာ အိမ်မှာ
ဆရာလွတ် အင်္ဂလိပ်စာ လေ့လာချင်သူတွေ ကျင့်သုံးသင့်တဲ့ နည်းပါ။ ဒါဟာ
reading.....vocabulary.....thinking....speaking.....writing...အဲဒီလို
အစီအစဉ်နဲ့ all skills တွေအကုန်ပါအောင် တစ်ထိုင်တည်းနဲ့လေ့လာ
လေ့ကျင့်ပုံပါ။ အင်္ဂလိပ်စာ သင်ကြားရေးမှာ သုံးနေကြတဲ့ နာမည်ကြီး course book
တွေမှာ lessons တွေ units တွေကို အဲဒီလို စီစဉ်ရေးသားထားတာဖြစ်တယ်။ သင်တဲ့
ဆရာကလည်း အဲဒီ အစီအစဉ်အတိုင်း သင်ပြပေးမှာဖြစ်တယ်။ tried and tested
method ဖြစ်လို့ ကိုယ်တိုင်လည်း စိတ်ချယုံကြည်စွာ လိုက်နာနိုင်ပါတယ်။
အင်္ဂလိပ်စာကို skills အားလုံးကိုလေ့ကျင့်ရမှာပါ။ အထက်မှာ အကြံပြုခဲ့တဲ့
skills-integrated approach ကို ကျွန်တော်ကိုယ်တိုင်လည်း
စာသင်ကြားရေးမှာသုံးတယ်။ သူများတိုင်းပြည်တွေမှာတော့ five-skill-English
program ဆိုပြီးလုပ်နေကြပြီ။ traditionally ပြောကြတဲ့ listening, speaking,
reading, writing အပြင် thinking in English ဆိုပြီး critical thinking
skills တွေပါ course content မှာထည့်သွင်းရေးသားပြီး language skills
၅ခုကို သင်ကြားပေးနေကြတာ ဆယ်စုနှစ်တစ်ခုလောက်ရှိသွားပြီ။ ကျွန်တော်
Nottingham University မှာ Ph.D. အတွက် ကျမ်းပြုစဉ်က ကျွန်တော့ရဲ့ thesis
supervisor Professor Ronald Carter ရေးသားထားတဲ့ Five Skills English
ဆိုတဲ့ စာအုပ်သက်သေရှိပါတယ်။
ကျွန်တော် ဒီမှာ အရင်တင်ခဲ့တဲ့
ဆောင်းပါးတွေမှာလည်း "စု တု ပြု" နည်းနဲ့ အင်္ဂလိပ်စာ လေ့လာဖို့
တိုက်တွန်းခဲ့တာတွေ၊ vocabulary, idioms and expressions, sentence
structures နဲ့ အင်္ဂလိပ်စာ အရေးနဲ့ အပြော လေ့လာပုံတွေ၊ မှတ်စုစာအုပ်ထဲမှာ
ကူးရေးပြီး လေ့လာတဲ့ အကျင့်ကောင်းမွေးမြူဖို့တွေ၊ မြန်မာလိုတွေးသမျှ
အင်္ဂလိပ်လို ပြန်ရေးချကြည့်ပြီး လေ့လာနည်းတွေ .... စသည်ဖြင့်
အကြောင်းအရာမျိုးစုံကို ဥပမာတွေနဲ့ တော်တော်လေးရေးပေးထားပါတယ်။ အဲဒီ post
အဟောင်းလေးတွေကို ကျွန်တော့ရဲ့ wall မှာဝင်ပြီး စိတ်ဝင်စားရင်
ဖတ်ကြည့်ကြပါ။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက... တကယ်
အမြန်တတ်ချင်ရင် ကိုယ့်ဖက်ကလည်း စာကိုလိုချင်တဲ့လောဘနဲ့
ရူးသွပ်ဖို့လိုပါတယ်။ နေ့စဉ်ပုံမှန် အိမ်မှာ အင်္ဂလိပ်စာပတ်ဝန်းကျင်လေးကို
မိမိအတွက် ဖန်တီးယူပါ။ အင်္ဂလိပ်စာ စာအုပ်များဖတ်ပါ၊ TV အင်္ဂလိပ်သတင်း
ကြည့်ပါ၊ အင်္ဂလိပ်အသံထွက် ရုပ်ရှင်ကြည့်၊ အင်္ဂလိပ်သီချင်းတွေ နားထောင်ပြီး
လိုက်ဆို၊ တကယ့်လက်တွေ့ဘဝမှာလည်း အင်္ဂလိပ်စာကို အသုံးချဖို့
အခွင့်အရေးရှာယူပါ။ လက်တွေ့အသုံးချဖို့ မရှက်ပါနဲ့။ grammar မှားမှာ
အသံထွက်မှားမှာကို မစိုးရိမ်ပါနဲ့။ ပုံမှန် ဇွဲရှိရှိနဲ့ လေ့လာသူမှန်သမျှ
တိုးတက်မှုနဲ့ အကျိုးကျေးဇူးများစွာကိုခံစားကြရပါတယ်။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
No comments:
Post a Comment