ဒါပေမယ့် ကလေးတွေ၊ လူငယ်တွေ စာဖတ်ဝါသနာပါသွားအောင်၊ စာတကယ်ဖတ်ဖြစ်အောင်ကျ စနစ်တကျလုပ်ပေးခဲတယ်..
ဒါဖြင့် စာဖတ်ဝါသနာပါအောင် ဘယ်ကနေစပြီး ဘယ်လိုအလေ့အကျင့် လုပ်ပေးသင့်လဲလို့ စဉ်းစားကြည့်ရအောင်...
"0-5yrs ကလေးတွေ ငယ်တုန်း (စာမဖတ်တတ်သေးချိန်)မှာ စာဖတ်ပြပါ.."
သူတို့စာမဖတ်တတ်သေးတဲ့အရွယ်မှာ အရုပ်တွေ၊ ပုံတွေ များများပါတဲ့ စာနည်းနည်းနဲ့ ပုံပြင်စာအုပ်လေးတွေ၊ ကာတွန်းစာအုပ်လေးတွေ ဖတ်ပြပါ.. အထူးသဖြင့် ညအိမ်ယာမဝင်ခင်မှာ အဖေ ဒါမှမဟုတ် အမေ ဖတ်ပြတာဟာ ကလေးတွေကို စာဖတ်ဝါသနာပါစေရုံတင် မဟုတ်ဘဲ ရေရှည်မှာ မိဘနဲ့သားသမီးကြား ပွင့်လင်းနွေးထွေးတဲ့ ဆက်ဆံရေးကိုပါ အထောက်အကူပြုပါတယ်...
"5-9 yrs ကလေးပုံပြင်စာအုပ်လေးတွေ ဝယ်ပေးပြီး သူတို့ကို ဖတ်ခိုင်းပါ.."
ကျောင်းနေစအရွယ်လေးတွေဆို စာစဖတ်တတ်လာပါပြီ.. စာလုံးပေါင်းလွယ်လွယ် စာနည်းနည်းနဲ့ အရုပ်များများ စာအုပ်တွေကို သူတို့ကိုယ်တိုင် ဖတ်ပြခိုင်းပါ.. သမီးရေ.. မေမေ့ကို ဖတ်ပြပါဦး.. ဆိုပြီး ဖတ်ပြခိုင်းပါ.. သူတို့ မဖတ်တတ်လောက်တဲ့ဟာတွေဆို ကိုယ်က ကူဖတ်ပြပါ..
ဖတ်ပြရင်းနဲ့ တချို့အခန်းလေးတွေဆို သားရေ.. ဆင်ကြီးက ဘယ်လိုအော်တုန်း. မေမေတို့ တိရိစ္ဆာန်ရုံသွားတုန်းက တွေ့ခဲ့တာလေ.. မှတ်မိလားဆိုတာမျိုးလေးတွေ စကားထောက်ပေးပြီး စာအုပ်နဲ့ အပြင်ဘဝကို ဆက်စပ်ပြပါ.. ပြီးရင် ဖတ်ပြပြီးတဲ့အခါ စိတ်ရောကိုယ်ပါ ချီးကျူးပါ.. ကလေးဟာ စာဖတ်ရတာကို ပျော်လာပါလိမ့်မယ်.. (ပြဿနာက မြန်မာလို ကလေးပုံပြင်စာအုပ် ရှာရခက်နိုင်ပါမယ်)
"9-13yrs စာများများနဲ့ ပုံပြင်စာအုပ်တွေ၊ ကာတွန်းတွေ ဖတ်ခိုင်းပါ.."
ပိုး အဲ့ဒီအရွယ်တုန်းကတော့ အိမ်က ရွှေသွေး၊ မိုးသောက်ပန်းနဲ့ ရတနာပန်းခင်းစာအုပ်တွေကို လစဉ်ဝယ်ပေးပါတယ်.. ဖတ်တတ်သလောက်လေး ကြိုးစားဖတ်သလို တခါတလေကျ အစ်ကိုတွေ အစ်မတွေ အိမ်ကိုလာတဲ့ဧည့်သည်တွေ တွေ့တဲ့လူကို စာအုပ်ထိုးပေးပြီး စာဖတ်ပြခိုင်းပါတယ်..
:D
အကောင်းဆုံးကတော့ ကလေးဂျာနယ်တွေ၊ ရွှေသွေးအဟောင်းတွေအပြင် မနှင်းဖြူနဲ့ လူပုလေးတို့လိုမျိုး ကလေးတွေ စိတ်ဝင်စားမယ့် နတ်သမီးပုံပြင်စာအုပ်လေးတွေ၊ လူထုဦးလှရေးတဲ့ ကျေးလက်ပုံပြင်လေးတွေ၊ တိုင်းရင်သားတွေရဲ့ ရိုးရာပုံပြင်စာအုပ်လေးတွေ (နမူနာ - ကချင်ပုံပြင်များ၊ ဂျပန်၊ တရုတ်၊ ရောမနတ်ဘုရားပုံပြင်များ) ကို စဖတ်ဖို့ ဝယ်ပေးပါ.. အဲ့ဒီစာအုပ်တွေဟာ ကလေးတွေအတွက် အခြေခံလူမှုဗဟုသုတကို ပေးပါတယ်..
ခုံတော်မောင်ကျဘမ်း၊ ဦးပေါ်ဦးဖြတ်ထုံးများ၊ စကားတောင်စားပုံပြင်များ၊ လှတောသား စကားပဒေသာ၊ ငလက်တို ငညို၊ ချီပါသားနဲ့ ပခန်းသား စာအုပ်တွေကလည်း ကလေးတွေကို မြန်မာစကားလုံးဝေါဟာရတွေ ကြွယ်ဝစေပါတယ်..
(ဒေါက်တာမတင်ဝင်းရဲ့ တခြားစာအုပ်တွေကို မကြိုက်လှပေမယ့် ရောမနတ်ဘုရားပုံပြင်များ၊ မေမေပြောသော ရှေးရှေးစကား၊ ရာဇဝင်ထဲက မိန်းမသား စာအုပ်တွေဟာ သမိုင်းကိုစိတ်ဝင်စားဖို့ ကောင်းကောင်းအစပျိုးပေးနိုင်တဲ့ ပုံပြင်တွေ ဖြစ်ပါတယ်..)
နောက်ပိုင်း အဲ့ဒီစာတွေနဲ့ အသားကျလာရင် ဇာတ်ကြီးဆယ်ဘွဲ့နဲ့ ဓမ္မပဒ္ဒစာအုပ်တွေ၊ ငါးရာ့ငါးဆယ်ပုံပြင်စာအုပ်လေးတွေပါ ဝယ်ပေး၊ ဖတ်ခိုင်းပြီး ကလေးတွေရဲ့ စာဖတ်ဝါသနာကို မြှင့်ပေးရင်းကနေ ဗုဒ္ဓဘာသာဟာ ဘယ်လိုဆိုတာမျိုး အခြေခံ စိတ်ဝင်စားမှု ရလာအောင်လည်း လုပ်ပေးလို့ ရပါသေးတယ်..
မိဘတွေဘက်က ကလေးတွေဖတ်ဖို့စာအုပ်တွေကို လစဉ် ပုံမှန် ဝယ်ပေးပါ.. စာအုပ်ဈေးပွဲတော်တွေရှိရင်လည်း ခေါ်သွားပြီး ဝယ်ပေးပါ.. စာအုပ်အငှားဆိုင်ရှိရင်လည်း စာအုပ်ငှားတဲ့အကျင့်လေး လုပ်ပေးပါ..
"14-19 yrs - အဲ့ဒီအရွယ်ထိ စာဖတ်ဝါသနာပါအောင် လုပ်ပေးနိုင်ခဲ့ရင် တစ်သက်လုံး စာမဖတ်မှာ မပူရတော့ပါဘူး။။"
စိတ်ကစားတဲ့ဆယ်ကျော်သက်အရွယ်လေးတွေကို အချစ်ဝတ္ထုမို့ မဖတ်ရဘူးလို့ တားလို့ မရပါဘူး.. ကိုယ့်တုန်းကလည်း လွန်းထားထားတို့ လမင်းမိုမိုတို့ မဟူရာ၊ မီိကိုဇူးဇင်တို့ တစ်အုပ်စ နှစ်အုပ်စ ဖတ်ခဲ့တာပါပဲ..
ကံကောင်းတာက ဖေဖေ့ကျေးဇူးပါ.. မကောင်းတာကို မလုပ်စေချင်ရင် တားနေမှာထက် ပိုကောင်းတဲ့ ရွေးစရာရှိအောင် လုပ်ပေးရမယ်ဆိုတဲ့ ဖေဖေဟာ အဲ့ဒီအချစ်ဝတ္ထုတွေ ဖတ်တာကို ဘာမှ မပြောပါဘူး. ဒါပေမယ့် တာရာမင်းဝေ၊ မင်းလူ၊ ဒဂုန်ရွှေမျှားနဲ့ ရွှေဥဒေါင်း စာအုပ်တွေ ဝယ်ပေးပြီး ဖတ်ကြည့်ခိုင်းပါတယ်..
၁၄၊ ၁၅နှစ်အရွယ်ဆိုတော့ စွန့်စားခန်းတွေ၊ လှို့ဝှက်ဆန်းကြယ်တွေကလည်း အင်မတန်မှ စိတ်ဝင်စား စပ်စုချင်တဲ့အရွယ်ဆိုတော့ သိုင်းဝတ္ထုတွေကို ထိုင်ရာမထ ထမင်းလွတ်ဟင်းလွတ် ဖတ်ပါတယ်.. ပြီးတော့ လှို့ဝှက်ဆန်းကြယ်နဲ့ ဂမ္ဘီရဆန်ဆန် စာအုပ်တွေ၊ အမဲလိုက်အတွေ့အကြုံစာအုပ်တွေ(ကိုပိုက်၊ ဖိုးကျော့) ဖတ်ဖြစ်ခဲ့ပါတယ်..
မင်းသိင်္ခစာအုပ်တွေကို ရှေ့ပိုင်းစာအုပ်တွေ သဘောကျပေမယ့် နောက်ပိုင်းစာအုပ်တွေကျ မကြိုက်တော့ပါဘူး.. မင်းမြတ်သူရကိုတော့ လုံးဝမကြိုက်တာပါ.. သူ့စာအုပ်အများစုက မင်းသိင်္ခစာအုပ်တွေကို ကူးချထားတယ်လို့ ခံစားရတဲ့အပြင် သူဇာတ်ကွက်တွေကို ဇွတ်အတင်း ပြာခိုင်းတယ်လို့ မှတ်ချက်ချမိပါတယ်..
များသောအားဖြင့် ဒဂုန်ရွှေမျှားစာအုပ်တွေက ဘာသာပြန်တွေ များပြီး ရွှေဥဒေါင်းစာအုပ်တွေက ကျောရိုးလောက်သာ ယူပြီး မြန်မာလို ပြန်မှီးပြီး ရေးတာတွေ များပါတယ်.. နမူနာဆို စုံထောက်ကြီးဦးစံရှားပေါ့.. သူရေးတဲ့ ဝတ္ထုတိုတွေ၊ ဝတ္ထုရှည်တွေထဲမှာ စုံထောက်ဝတ္ထုအပြင် စွဲစွဲလမ်းလမ်းဖတ်ခဲ့ရတာတော့ ရူပကလျာဏီ၊ ရူပနန္ဒီ ဆိုတဲ့ စာအုပ်ပါပဲ.. အဲဒီဝတ္ထုကို ဒဂုန်ရွှေမျှားကတော့ ရှီနဲ့ ရှီပြန်လာပြီဆိုပြီး တိုက်ရိုက်ဘာသာပြန် စာအုပ်ထွက်ပါတယ်..
အဲ့ဒီမှာတင် ခုနက တစ်လတစ်အုပ်ထွက်တဲ့ Best Seller အချစ်ဝတ္ထုဆရာမများရဲ့ စာအုပ်တွေကို ယောင်လို့တောင် ကိုင်မကြည့်တော့ပါဘူး.. တာရာမင်းဝေရဲ့ အရှေ့မြို့ရိုးမှာ မိုးရေစက်များကို အခေါက်ခေါက်ဖတ်သလို မီးတောက်ရမ်သမ်လိုကဗျာမျိုးကိုသာ အလွတ်ရတဲ့ထိ စွဲလမ်းတော့တာပါပဲ.. (မင်းခိုက်စိုးစံတော့ တစ်အုပ်စ နှစ်အုပ်စကလွဲလို့ မကြိုက်လှ) ဆရာမင်းလူရဲ့ ပန်းကျောင်း၊ ရေတမာ၊ အောင်ဘာလေတို့ကိုလည်း အစွဲကြီး စွဲရတော့တာပါပဲ..
အဲ့ဒီကနေမှ အမျိုးသမီးစာရေးဆရာမတွေဖြစ်တဲ့ မစန္ဒာ၊ ခင်နှင်းယု၊ ဂျာနယ်ကျော် မမလေး၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မသီတာ (စမ်းချောင်း) ခင်ခင်ထူးတို့ စာအုပ်တွေဟာ လက်က မချတမ်း ဖြစ်လာပါတယ်..
ကြည်အေးနဲ့ ဂျူးကိုတော့ ဆယ်တန်းလောက်မှ စဖတ်ဖူးပါတယ်.. သူမ၊ ရင်နင့်အောင် မွှေး၊ အရိပ်၊ ဗညားရှိန်း၊ သွေး၊ ငယ်သူမို့ မသိပါ၊ ငြိုးမာန်ဖွဲ့သူရယ်တို့ဟာ ဘယ်အချိန်လာမေးမေး ဇာတ်ကြောင်းတွေဟာ ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်တဲ့ အထိပါပဲ..
ဂျူးကို ခနဲ့တဲ့သူတွေကို ပြောချင်တာတော့ ဂျူးကို ဝေဖန်ချင်ရင် သူရေးတဲ့စာအုပ်တွေ အကုန်ဖတ်ကြည့်ပြီးမှ ဝေဖန်စေချင်ပါတယ်.. အထူးသဖြင့် ကျွန်မ၏ သစ်ပင်၊ ကြယ်ကြွေတို့ရဲ့ အတောင်ပျံ၊ လရဲ့အောက်ဘက်မိုင်အဝေးမှာ၊ ကျေမွသွားသော တိမ်တိုက်များအကြောင်း စာအုပ်တွေ အကုန်မဖတ်ဖူးရင် လူပြိန်းကြိုက် troller အဆင့်လို့ပဲ သတ်မှတ်ရပါ့မယ်..
နောက်ပိုင်းတော့ ဆရာမြသန်းတင့်၊ မောင်မိုးသူ၊ မောင်ပေါ်ထွန်း၊ နတ်နွယ်တို့ ရေးတဲ့၊ ဘာသာပြန်တဲ့ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဝတ္တုရှည်ကြီးတွေဟာ တနေ့တခြားလူကို ပိုဖမ်းစားနိုင်ခဲ့ပါတယ်.. အဖြူရောင်သစ္စာပန်းတစ်ပွင့်၊ ဇစ်မြစ်၊ ရဲတိုက်၊ ပါပီလွန်၊ လေရူးသုန်သုန်၊ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ.. နွေကျောင်းပိတ်ဟာ ဘယ်လိုကုန်မှန်း မသိ ကုန်ခဲ့ရတာပါ.. (ကဗျာစာအုပ်တွေတော့ အိမ်ကလည်း သိပ်မဖတ်ကြတော့ ပိုးက ကဗျာနဲ့တော့ နည်းနည်းဝေးပါတယ်.. ခုမှ ကဗျာစာအုပ်တွေ စဖတ်နေရတုန်းပါ)
အသက်ငယ်တုန်းမှာ စာဖတ်ဝါသနာပါအောင် လုပ်ပေးနိုင်ခဲ့ရင် အသက်ကြီးတဲ့အခါ စာမဖတ်မှာ မပူရတော့ပါဘူး.. အသွေးထဲ အသားထဲကကို စာမဖတ်ရရင် မနေနိုင်တဲ့အထိဖြစ်ပြီး စာဖတ်လာပါလိမ့်မယ်..
ခုမှစာဖတ်ဝါသနာအစပျိုးမယ့်လူငယ်တွေကတော့ စာဖတ်ဝါသနာမရင့်ခင်မှာ ဖတ်ရလွယ်တဲ့ ပေါ့ပေါ့ပါးပါး မင်းခိုက်စိုးစံတို့ ဘာတို့ စာအုပ်တွေကနေစပြီး တဖြေးဖြေးနဲ့ ဂန္တဝင်ဝတ္ထုတွေကို ပြောင်းပြီး ဖတ်ရင် ပိုအဆင်ပြေပါ့မယ်.. ခုမှစာဖတ်ခါစ လူတွေအတွက် စစ်နဲ့ငြိမ်းချမ်းရေးလိုစာအုပ်စကိုင်ရင် စာဖတ်ဝါသနာအညှောင့်လေးခမျာ အပင်မပေါက်နိုင်ဘဲ ပျင်းစရာကြီးကွာရယ်လို့ဖြစ်ကုန်ပါ့မယ်..
စာအုပ်နာမည်တွေ၊ စာရေးဆရာနာမည်တွေပါ ထည်ေ့ပြာထားရတာက ဘယ်စာအုပ် ဝယ်ပေးရမှန်း မသိမှာစိုးလို့ သိသလောက် အမြည်းပေးတဲ့သဘောပါ.. အကြိုက်တူချင်မှ တူပါ့မယ်.. ပိုးရဲ့ စာအုပ်ရွေးနည်းပတော့ စာရေးဆရာတစ်ယောက်ယောက်ကို သဘောကျမိရင် သူရေးသမျှ ထွက်သမျှစာအုပ် အကုန်လိုက်ရှာပြီး အကုန်ဖတ်ပစ်တာပါပဲ.. ကြိုက်တဲ့စာအုပ်ကိုဆိုရင်တော့ အထပ်ထပ်အခါခါ ဖတ်ပါတယ်..
အကယ်၍များပေါ့လေ.. ကလေးက ထူးထူးခြားခြား စာအုပ်ပူဆာရင် ကိုယ်လည်း တတ်နိုင်နေရင် မငြင်းပါနဲ့.. ဝယ်ပေးပါ.. ဆုချစရာရှိရင် စာအုပ်ဝယ်ပြီး ဆုချပါ.. စာအုပ်လေးတွေကို ဝယ်တဲ့ရက်နဲ့ နာမည်လေး သေချာထိုးပေးပါ.. ဖြစ်နိုင်ရင် စာအုပ်စင်အပြင် စာကြည့်တိုက်သေးသေးလေးလို လုပ်ပေးပါ..
(ငယ်ငယ်က မပိုးဖြူသန့် အိမ်တွင်းစာကြည့်တိုက်ဆိုပြီး အမေက လုပ်ပေးထားတာ၊ စာအုပ်ရေ တစ်ထောင်လောက် ရှိတယ်.. နာဂစ်ဖြစ်တော့ အဲ့အခန်း ခေါင်မိုးစလန်တာ.. စာအုပ်တွေ အကုန်ကုန်လို့ ငိုလိုက်ရတာ.. အဲ့ကနေ စာအုပ်မစုဖြစ်တော့တာ ခုမှ ပြန်ပြီး စနစ်တကျ ပြန်စုနေရတယ်..)
လူကြီးတွေအနေနဲ့ကတော့ ကလေးတွေကို ဘာစာအုပ် မဖတ်ရဘူး ဖတ်ရမယ်ဆိုတာထက် ပိုကောင်းတဲ့စာအုပ်တွေ ဖတ်ခွင့်ရအောင်သာ လုပ်ပေးလိုက်ပါ.. စာဖတ်ခါစမှာ တွေ့ကရာ ဘာဖြစ်ဖြစ် ဖတ်ပေမယ့် နောက်ပိုင်းမှာ စာကောင်းပေမွန်တွေကို သူ့အသိနဲ့သူ ရွေးလာနိုင်တဲ့အထိ ရင့်ကျက်လာပါလိမ့်မယ်..
တစ်သက်လုံးမှာ မိဘက ဖဝါးထပ်ကြပ် လိုက်စောင့်ရှောက်ပေးနိုင်ဖို့ရာ မလွယ်ပေမယ့် စာအုပ်စာပေက အသိဥာဏ်နဲ့ အတွေးအခေါ်တွေဟာ အနည်းနဲ့အများဆိုသလို လူငယ်တွေရဲ့ဘဝကို စောင့်ရှောက်ပေးပါ့လိမ့်မယ်..
စာဖတ်ခြင်းကို အားပေးတဲ့ လူကြီးတွေ ဖြစ်ကြပါစေ..

No comments:
Post a Comment