Wednesday, October 18, 2017

အကောင်းမြင် – အဆိုးမြင်

အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်းနဲ့ ပတ်သက်ရင် ဖန်ခွက်ဥပမာကို တော်တော်များများ သိကြမှာပါ။
ဖန်ခွက်ထဲ ရေတစ်ဝက်ထည့်ထားတယ်။
ဘယ်လိုမြင်လဲ။
အကောင်းမြင်တတ်တဲ့သူက ရေတစ်ဝက်တောင် ရှိတာပဲ။
အဆိုးမြင်တတ်တဲ့သူက ထင်မယ်၊ ဟာ ရေတစ်ဝက်တောင် လျော့နေပါလား။
စိတ်ချမ်းသာမှုရှုထောင့်အရ ကြည့်မယ်ဆိုရင် အကောင်းမြင်တတ်သူက ဘ၀မှာ ပျော်ရွှင်ရပါလိမ့်မယ်။ ဒါပေမယ့် တိုးတက်ရေးရှုထောင့်က ကြည့်ရင်တော့ တစ်ဝက်တောင်ရှိတာ လို့မြင်ထားတဲ့အတွက် ကျန်တစ်ဝက် ပြည့်ဖို့ သူကြိုးစားချင်မှ ကြိုးစားမယ်။
တစ်ဝက်ပဲရှိသေးတယ်၊ တစ်ဝက်တောင် လျော့နေတယ်လို့ တွေးတဲ့သူကတော့ စိတ်ပူလောင်နေမှာ အမှန်ဖြစ်ပေမယ့် နောက်တစ်ဝက် ပြည့်ဖို့ကိုတော့ မဖြစ်မနေ ကြိုးစားမှာ သေချာပါတယ်။
လက်ရှိအစိုးရနဲ့ပတ်သက်ရင်လည်း ပြည်သူတွေကြားထဲမှာ အုပ်စုနှစ်စု ကွဲနေပါတယ်။ လုပ်နေရှာတာပဲလေ ဆိုပြီး အကောင်းမြင်တဲ့အုပ်စုနဲ့ တစ်နှစ်တောင် ရှိနေပြီ မထူးသေးဘူးလား ဆိုပြီး အဆိုးမြင်တဲ့အုပ်စု။
ကမ္ဘာပေါ်က အချိန်တိုအတွင်း တိုးတက်လာတဲ့ နိုင်ငံအများစုကို ကြည့်လိုက်ရင်တော့ တိုးတက်ရေးနဲ့ ပတ်သက်ပြီး “ရပါတယ်၊ တစ်ဝက်တောင် ရှိသေးတာပဲ” လို့ တွေးခဲ့တဲ့နိုင်ငံ မတွေ့ဖူးသေးပါဘူး။ သူတို့အားလုံးဟာ ငါတို့မလုပ်လို့ မဖြစ်တော့ဘူး ဆိုတဲ့ Sense of urgency အပြည့်နဲ့ ကြိုးစားခဲ့ကြတာကို သတိထားမိမယ် ထင်ပါတယ်။
ဒီတော့ မေးခွန်းက အကောင်းမြင်တိုင်း ကောင်းတာလား၊ အမြဲအကောင်းမြင်နေရမှာလား၊ ဒါမှမဟုတ် အမြဲအဆိုးမြင်ရမှာလား၊ ဘာလုပ်ရမှာလဲ။
ဒီမေးခွန်းအတွက် အရင်ဆုံးပြောချင်တာက
အကောင်းမြင်စိတ်ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ ဆိုတာပါပဲ။
၁။ အကောင်းမြင်တတ်တဲ့သူဟာ အခက်အခဲတစ်ခု ကြုံလာရင် ဒါ ငါတိုးတက်ဖို့ အခွင့်အလမ်းပဲလို့ မြင်တယ်။
အဆိုးမြင်တတ်သူကတော့ အခွင့်အလမ်းတွေ့နေတာတောင် အခက်အခဲကိုပဲ မြင်ပြီး စိတ်ဓါတ်ကျတတ်တယ်။
ဖိနပ်ဥပမာလေး ဖတ်ဖူးမှာပါ။ ဘယ်သူမှ ဖိနပ်မစီးကြတဲ့ ကျွန်းတစ်ကျွန်းကို ဖိနပ်ကုမ္ပဏီက ၀န်ထမ်းနှစ်ယောက် ရောက်သွားတယ်။
တစ်ယောက်က ပြောတယ်၊ ငါတို့တော့ အောင်မြင်မှာ မဟုတ်ဘူး၊ ဒီမှာ ဘယ်သူမှမှ ဖိနပ်မစီးကြတာ တဲ့။
နောက်တစ်ယောက်က ဒီလိုပြောတယ်၊ ဖိနပ်အရံတစ်ထောင် ပို့လိုက်၊ ဒီမှာ ဘယ်သူမှ ဖိနပ်မစီးကြရသေးဘူး တဲ့။
၂။ အကောင်းမြင်တတ်သူဟာ ဘ၀မှာ ပျော်ရွှင်တယ်၊ ငြိမ်းချမ်းတယ်။ ကိုယ်မပြင်ဆင်နိုင်တော့တဲ့ အတိတ်ဖြစ်ရပ်တွေကို တွေးပူမနေဘူး၊ သင်ခန်းစာယူပြီးပဲ ရှေ့ဆက်ဖို့ ကြိုးစားတယ်၊၊
၃။ အကောင်းမြင်တတ်သူဟာ ရှုံးနိမ့်မှုတစ်ခု ကြုံလာရင် အကြောင်းရင်းကို ရှာတယ်၊ ပြီးရင် ရအောင် နောက်တစ်ခါ ပြန်လုပ်တယ်။
အဆိုးမြတ်တတ်သူကတော့ အကြောင်းပြချက်ကို ရှာတယ်။ ဒါတွေကြောင့် သူ့မှာ အဆင်မပြေဖြစ်နေရတာလေလို့ ညည်းညူရင်း၊ လက်ညှိုးထိုးရင်း အချိန်ကုန်သွားတယ်။
၎။ အကောင်းမြင်တတ်သူက လူတွေနဲ့ ပေါင်းသင်းတတ်တယ်။ ဘယ်လိုလူဆီကမဆို ကောင်းတဲ့အချက်လေးတွေ ရွေးကြည့်ပေးတတ်တော့ ဘယ်သူနဲ့မဆို အဆင်ပြေတယ်။ လူချစ်လူခင်ပေါတယ်။
အဆိုးမြင်တတ်သူကတော့ ကိုယ့်ကို ထမင်းဖိတ်ကျွေးတာတောင် ကျေးဇူးတစ်ခွန်းမတင်ဘဲ ဟင်းအပေါ့အငံကို အပြစ်တင်တတ်တဲ့ လူမျိုးပေါ့။
ဒီတော့ ဆိုရရင် အကောင်းမြင်စိတ်ရှိဖို့ဟာ ဘ၀မှာ အင်မတန်အရေးကြီးတယ်။ အောင်မြင်မှုဆီ သွားရာလမ်းဟာ အစကတော့ ဖြောင့်ဖြောင့်ကြီး ထင်ခဲ့တာ။ တကယ်သွားကြည့်မှ အကွေ့အကောက်တွေနဲ့၊ မမျှော်လင့်ဘဲ ပေါ်လာတဲ့ ဆူးခလုတ်တွေနဲ့။ ဒီအခါ အကောင်းမြင်စိတ် မရှိဘဲ ပန်းတိုင်အရောက် ချီတက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ လမ်းတစ်ဝက်တင် ခြေကုန်လက်ပန်း ကျသွားလိမ့်မယ်။
ဒါပေမယ့် အမြဲတမ်း အကောင်းမြင်နေလို့ရော ရလားဆိုတော့ မရဘူး။ အဆိုးမြင်တတ်ဖို့လည်း လိုတယ်။
အထူးသဖြင့် အခြေအနေ(၄)မျိုးမှာ အဆိုးမြင်တတ်ဖို့ အရေးကြီးပါတယ်။
၁။ ၀မ်းနည်းပူဆွေးနေသူကို နှစ်သိမ့်ပေးတဲ့အခါ အကောင်းမြင်စိတ်နဲ့ မစတင်ပါနဲ့။
အသုဘသတင်း သွားမေးတယ်။ ဆုံးသွားတာ ကောင်းတာပေါ့ကွယ်၊ မဟုတ်ရင် ကုန်ကျစရိတ်တွေက များကများနဲ့၊ သေမယ့်သေ ခုလိုစောစောသေသွားတာ ကျန်ရစ်သူတွေအတွက် ကောင်းတာပေါ့ ဆို ဓါးမနဲ့ အလိုက်ခံနေရမယ်။
၂။ ကိုယ့်ရှေ့ရေးက မရေမရာ ဖြစ်နေတဲ့အခါ
ရှေ့မှာလည်း နိုင်ငံနဲ့ဥပမာပေးပြီးသွားပါပြီ။ ကိုယ်က ဘွဲ့ရပြီ၊ အသက်က ၂၀-၂၁၊ ဘာအလုပ်မှ မရှိသေးဘူး၊ ဘာလုပ်ရမှန်းလည်း မသိသေးဘူး ဆိုပါတော့။ အဲဒါကို ငါ ငယ်ပါသေးတယ်။ အချိန်တွေအများကြီး ကျန်သေးတယ် လုပ်နေလို့ မရပါဘူး။ နောက်မှာ အဝေးကြီး ပြတ်ကျန်နေခဲ့လိမ့်မယ်၊၊
၃။ ပေးဆပ်ရနိုင်ချေ ကြီးတဲ့အခါ
ကိုယ်က ကမ်းခြေရောက်နေတယ်။ အဲဒီအချိန်မှာ မုန်တိုင်းသတိပေးချက် ထွက်လာတယ် ဆိုပါတော့။ ၀င်လာရင်ဒုက္ခ လို့ အဆိုးမြင်ပြီးမှ တကယ်ဝင်မလာတာ ပြဿနာမရှိဘူး။ ငွေကြေးအနည်းငယ်လောက် ဆုံးရှုံးရုံပါ။ မ၀င်လောက်ပါဘူး အကောင်းမြင်နေတုန်း တကယ်ဝင်လာမှ ကိုယ့်အသက် ပေးလိုက်ရမှာ ဖြစ်ပါတယ်။
ဒီည ရန်သူတွေ လာမတိုက်လောက်ပါဘူး ဆိုပြီး ခပ်ပေါ့ပေါ့နေလိုက်ရင် တစ်တပ်လုံး ပြုတ်သွားနိုင်ပါတယ်။
ငါက မူးနေပေမယ့် မောင်းနိုင်ပါတယ်ကွ ဆိုတာကို ယုံမိလိုက်ရင် ကားအက်ဆီးဒင့်ထဲ ပါပြီး သေသွားနိုင်ပါတယ်။
၎။ စီမံခန့်ခွဲတဲ့အခါ
အဖွဲ့အစည်းကို ဦးဆောင်တဲ့အခါ၊ စီမံခန့်ခွဲတဲ့အခါ လူ အပေါ် မူတည်ထားလို့ မရပါဘူး။ လူဆိုတာ အချိန်မရွေး ဖောက်ပြန်တတ်တဲ့ သတ္တ၀ါမို့ သူတို့ကို မဟုတ်တာမလုပ်နိုင်အောင် စနစ်နဲ့ ထိန်းထားရပါတယ်။ ငါ့ရုံးကလူတွေ မနက်(၉)နာရီဆိုတာနဲ့ ရုံးရောက်ကြမှာပါ ဆိုပြီး အကောင်းမြင်နေရင်တော့ ခက်ကုန်ပါလိမ့်မယ်။ သူတို့ မလာနိုင်လောက်ဘူးလို့ မြင်ပြီး လိုအပ်တဲ့ အစီအမံတွေ လုပ်ထားရမှာ ဖြစ်ပါတယ်။ ငါတို့အစိုးရအဖွဲ့တွေ လာဘ်မစားပါဘူး ဆိုတာထက် ငါတို့လူတွေ လာဘ်မစားနိုင်အောင် ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ကိုယ့်စီမံခန့်ခွဲမှုတွေဟာ ရလဒ်မထွက်၊ ဖရိုဖရဲ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် အကောင်းမြင်သင့်လား၊ အဆိုးမြင်သင့်လားဆိုရင် ဒီအခြေအနေ (၄)ခုမှာတော့ အကောင်းမြင်စိတ်ကို ရှောင်ကြဉ်သင့်ပြီး ဘ၀ရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ အကောင်းမြင်စိတ်အပြည့်နဲ့ နေထိုင်ကြိုးစားနိုင်ကြဖို့ လိုတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်..။
Ref: Learned Optimism – Martin E. P. Seligman
ဒေါက်တာ ဖြိုးသီဟ

No comments:

Post a Comment