Wednesday, October 18, 2017

အောင်မြင်မှုဆိုတာ အမှတ်စက်လေးကို နောက်ပြန်ဆက်ပြီး ပုံဖော်ကြည့်ရတာ

“ပြဿနာ ၂ – မိမိကိုယ်မိမိ မသိရှိခြင်း”
ဒီပြဿနာကတော့ ကျွန်တော်တို့လူငယ်တော်တော်များများမှာ ရှိနေတတ်တဲ့ ကိစ္စတစ်ခုပါ။ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ ဘ၀မှာ လူရာဝင်တော့မဲ့ပုံမျိုး ကလေးဘ၀ကတည်းက ပျိုးထောင်ခံခဲ့ရတယ်။ ဘယ်ကလေးမေးလိုက်မေးလိုက် ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်၊ ဒါပဲ။ တကယ်ဝါသနာပါတဲ့လူလည်း ရှိသလို၊ အိမ်ကလုပ်ခိုင်းလို့စိတ်မပါဘဲ လုပ်ရတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ဒီပုံစံခွက်ထဲမှာပဲ ကြီးပြင်းလာရတဲ့အခါကျတော့ လူငယ်တွေဟာ ကိုယ့်ကိုကိုယ် ဘာဝါသနာပါမှန်း မသိကြတော့ဘူး။ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံအခြေအနေကလည်း အလုံပိတ်၊ တက္ကသိုလ်တော်တော်များများက မြို့ပြင်ထုတ်ထားခံရတယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်း ရှားပါးတယ်။ ကိုယ့်ဝါသနာပါတာကို သိလို့ လုပ်ချင်ရင်တောင် ထမင်းငတ်မှာကြောက်နေရတာနဲ့ပဲ မစွန့်စားရဲခဲ့ကြဘူး။ ဒါကြောင့် ဆယ်တန်းအောင်ပြီး အမှတ်လည်းသိပ်မကောင်းရင် အဝေးသင်ဆက်တက်၊ အချိန်တန် ဘွဲ့တစ်ခုရ၊ ပြီးတော့ ရထားတဲ့ဘွဲ့နဲ့ ဘာမှမဆိုင်တဲ့ အလုပ်တစ်ခုဝင်လုပ်၊ ဒါ လူငယ်တော်တော်များများမှာ ရှိနေတဲ့ အနေအထားတစ်ရပ်ဖြစ်ပါတယ်။
အဲဒီလိုလူငယ်တွေအတွက် အများသိပြီးသားလူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်
စတိဗ်ဂျော့စ်ပါ
သူ့အမေ သူ့ကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ အဖေဖြစ်သူက လက်မထပ်နိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအခါကလည်း Single mother အဖြစ် ကလေးတစ်ယောက်ကို ပျိုးထောင်ဖို့ရာ မဖြစ်နိုင်တာကြောင့် သူ့အမေဟာ စတိဗ်ဂျော့စ် ဖြစ်လာမဲ့ ကလေးလေးကိုမွေးပြီး ကလေးမရနိုင်တဲ့ စုံတွဲတစ်တွဲဆီ မွေးစားဖို့ အပ်ခဲ့ရပါတယ်။
ဒီလိုနဲ့ အရွယ်ရောက်လာတော့ သူဟာ ရိဒ်ကောလိပ်မှာ ပညာသင်ခွင့်ရခဲ့ပါတယ်။ အဲဒီကျောင်းက ကျောင်းစရိတ်လည်း ကြီးတာမို့ သူ့မွေးစားမိဘတွေကိုလည်း ၀န်မပိစေချင်တော့တဲ့ စတိဗ်က ကျောင်းထွက်လိုက်ပါတယ်။ အဲဒီနောက် သူ စိတ်ဝင်စားတဲ့သင်တန်းတွေ လိုက်တက်တယ်၊ အဲဒီထဲက တစ်ခုကတော့ နောင်တစ်ချိန် သူ မက္ကင်းတော့ရှ်ကွန်ပျူတာ ဖန်တီးတဲ့အခါမှာ အကြီးအကျယ် အသုံးဝင်လာခဲ့တဲ့ Calligraphy သင်တန်းပဲ ဖြစ်ပါတယ်။
အဲဒါကို အခြေခံပြီး သူက နာမည်ကျော် စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။
“You can’t connect the dots looking forward; you can only connect them looking backwards. So you have to trust that the dots will somehow connect in your future.”
ဘ၀ဆိုတာ အမှတ်စက်လေးတွေကို ဆက်ပြီး ပုံဖော်ရတာပါ၊ ဒါပေမဲ့ ရှေ့ကိုလှမ်းမျှော်ပြီး ဆက်လို့မရဘူး၊ နောက်ပြန်လှည့်ကြည့်ပြီးသာ ဆက်လို့ရပါတယ်။ ဒါကြောင့် ဒီအမှတ်စက်လေးတွေဟာ ဘယ်တော့မှ အလဟဿ ဖြစ်မသွားဘဲ တစ်နည်းနည်းနဲ့ မင်း အနာဂတ်မှာ ပါဝင်နေမယ်ဆိုတာကို ယုံကြည်ထားပါ တဲ့။
သူ အဲဒီသင်တန်းတက်နေစဉ်မှာတော့ ဒါဟာ တစ်ချိန်ကျ အသုံးဝင်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်ခဲ့တာ မဟုတ်ဘူး။ နောင်တစ်ချိန် သူအောင်မြင်လာလို့ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှသာ ဒီသင်တန်းတက်ခဲ့မိတာလေးက သူ့အောင်မြင်မှုအတွက် သိပ်ကိုအရေးပါနေတာကို တွေ့လိုက်ရတာ ဖြစ်ပါတယ်။
သူ့အဖြစ်အပျက်လေးက ကိုယ်လျှောက်ချင်တဲ့လမ်းကို ရှာမတွေ့သေးတဲ့ လူငယ်တွေအတွက် အတုယူစရာ ကောင်းပါတယ်။ ဘာလုပ်ချင်မှန်း မသိဘူး၊ အနာဂတ်ကေ၀၀ါးနေတယ်၊ လမ်းပျောက်နေတယ်၊ ဒီလိုမျိုးတွေ ထိုင်ညည်းညူနေမဲ့အစား ကြိုးစားပြီး ဆက်လျှောက်ကြည့်လိုက်တာက ကိုယ်တကယ်လျှောက်ချင်တဲ့လမ်းကို တွေ့နိုင်ချေပိုများတာပေါ့။ ပြောရရင် စိတ်ပျက်မနေဘဲ၊ အပြစ်တွေထိုင်တင်မနေဘဲ များများဖတ် များများလုပ် များများလေ့လာ များများသင်ယူကြရပါမယ်။
ဘ၀ဆိုတာ အမှတ်စက်လေးတွေကို နောက်ပြန်ဆက်ပြီး ပုံဖော်ယူရတာဆိုတော့ ဆက်စရာ အမှတ်စက်လေးတွေ များလေလေ၊ ပုံဖော်လို့ ရလာတဲ့ ဘ၀ကလည်း လှပလေလေပဲပေါ့။
ဒါပေမဲ့ တစ်ခုတော့ သတိထားစေချင်ပါတယ်၊ စတိဗ်ဂျော့စ်ဟာ အဲဒီသင်တန်းကို ပြီးဆုံးကြောင်းလက်မှတ်ရရုံ တက်ခဲ့တာ မဟုတ်ပါဘူး။
သင်တန်းတွေတက်ပြီး Certificate တွေ ရလာတိုင်း အမှတ်စက်ဖြစ်တာ မဟုတ်ပါဘူး။ အဲဒီပညာကို တကယ်တတ်လာဖို့ လိုပါတယ်။
အလုပ်တွေအများကြီး၊ ကုမ္ပဏီပေါင်းမြောက်များစွာမှာ လုပ်ဖူးတိုင်း အမှတ်စက်ဖြစ်မလာပါဘူး။ အလုပ်မှာ ကြိုးကြိုးစားစား လုပ်ခဲ့မှ၊ သင်ယူခဲ့မှ ဖြစ်မှာပါ။
ကြုံခဲ့ရတဲ့ ရှုံးနိမ့်မှုတိုင်း အမှတ်စက် ဖြစ်မလာပါဘူး၊ အရှုံးကနေ သင်ခန်းစာယူတတ်မှ အမှတ်စက်တစ်စက် ဖြစ်လာမှာပါ။
ဒါကြောင့် လူငယ်တွေကို သိစေချင်တဲ့ မက်ဆေ့ခ်ျနံပါတ် (၂)ကတော့
အောင်မြင်မှုဆိုတာ အမှတ်စက်လေးကို နောက်ပြန်ဆက်ပြီး ပုံဖော်ကြည့်ရတာ ဖြစ်ပါတယ်။ များများဆက်စရာ ရှိလေလေ၊ ပုံပေါ်လာတဲ့ အောင်မြင်မှုက ခမ်းနားလေလေပါပဲ။ ဒါကြောင့် အနာဂတ်ေ၀၀ါးနေတယ် တွေဘာတွေ ညည်းမနေပါနဲ့၊ လက်ရှိအခြေအနေကိုသာ အကောင်းဆုံးဖြတ်သန်းပြီး အမှတ်စက်များများစုပါ။ အဲဒီအမှတ်စက်လေးတွေ တစ်ခုနဲ့တစ်ခု ဆက်စပ်မိသွားတဲ့အခါကျရင် အောင်မြင်တဲ့ဘ၀တစ်ခု ပုံပေါ်လာပါလိမ့်မယ်။
လက်ရှိလုပ်နေတဲ့အလုပ်၊ တက်နေတဲ့သင်တန်း၊ ဖတ်လိုက်သမျှ စာအုပ်၊ စတာတွေအားလုံးဟာ ကိုယ့်အတွက် နောင်တစ်ချိန် ပြန်ဆက်ကြည့်စရာ အမှတ်စက်လေးတွေ ဖြစ်နေဖို့ ကြိုးစားကြစေချင်ပါတယ်။

No comments:

Post a Comment