လူငယ်တော်တော်များများမှာ တွေ့ရတတ်တဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ လက်ရှိအလုပ်မှာ မပျော်ရွှင်နေကြတာပါပဲ။
ဒါကလည်း ပညာရေးကအားနည်း၊ ကိုယ့်အိပ်မက်ကိုယ်မသိ၊ ကိုယ့်ဝါသနာကိုယ်မသိဘဲ
အဆင်ပြေရာအလုပ်တစ်ခုကို ၀င်လုပ်နေကြရတဲ့ အနေအထားရဲ့ နောက်ဆက်တွဲလို့ပဲ
ဆိုရပါမယ်။ အဲဒီလိုမပျော်မရွှင် ဖြစ်နေကြတဲ့အခါ သူကိုယ်တိုင်လည်း
မတိုးတက်ဘူး၊ သူလုပ်နေတဲ့ အဖွဲ့အစည်း၊ နောက်ဆုံး သူနေထိုင်တဲ့နိုင်ငံပါ
မတိုးတက်တော့ပါဘူး။
အဲဒီလိုလူငယ်တွေအတွက် အတုယူထိုက်တဲ့ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးအကြောင်း ပြောပြပါရစေ
ကမ္ဘာကျော် သံမဏိသူဌေးကြီး အန်ဒရူးကာနက်ဂျီ (၁၈၃၅-၁၉၁၉) ဖြစ်ပါတယ်။
သူဟာ အင်မတန်ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွါးလာခဲ့တယ်။ ဆယ်ကျော်သက်ဘ၀မှာ
ကြေးနန်းစာပို့သမားလေးအဖြစ် အလုပ်စလုပ်ခဲ့တယ်။ အဲဒီကောင်လေးက သူ့အလုပ်ကို
အင်မတန် အလေးထားတယ်၊ ကြေးနန်းစာတွေကို သက်ဆိုင်တဲ့သူလက်ထဲ
အမြန်ဆုံးရောက်ဖို့ ကြိုးစားတယ်၊ သူကြေးနန်းစာဝေရမဲ့ အိမ်တစ်အိမ်ချင်းစီကို
အမည်နာမ၊ အိမ်ရှင်ရဲ့ရုပ်၊ စသဖြင့် တွဲသိနေအောင် မှတ်ထားတယ်။
သူပေးပို့ရမဲ့ ကြေးနန်းစာတွေ အမြန်ဆုံး လိုက်ဝေပြီးပြီဆိုတာနဲ့
ရတဲ့အချိန်လေးတွေမှာ ကြေးနန်းရိုက်နည်းသင်တယ်။ အချိန်ပိုရင်ပိုသလိုလည်း
ကူလုပ်ပေးတယ်။ အဲဒီအခါမှာ သူ့ကြိုးစားမှုကို မြင်တဲ့ အထက်လူကြီးတွေက သူ့ကို
အော်ပရေတာအဖြစ် ခန့်လိုက်တယ်။
အဲဒီနောက်မှာလည်း ကြိုးကြိုးစားစား လုပ်နိုင်ခဲ့တဲ့အခါမှာ
သိပ်မကြာတဲ့ကာလမှာပဲ မီးရထားကုမ္ပဏီတစ်ခုရဲ့ ကြေးနန်းစာရေးဖြစ်လာခဲ့တယ်။
စာရေးဘ၀မှာလည်း ဒီလိုပဲ၊ သူ့အလုပ်သူတာဝန်ကျေရုံတင် မဟုတ်ဘူး၊
အချိန်ရရင်ရသလို လေ့လာတယ်၊ စာဖတ်တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့အထက်အရာရှိတွေ တစ်ယောက်မှ မရှိတဲ့အချိန်၊
ရထားအ၀င်အထွက်အစီအစဉ်တွေ ချိတ်ဆက်မှုလွဲမှားပြီး ဘယ်ရထားမှ ၀င်မရထွက်မရ
ဖြစ်နေခဲ့တယ်။ ဒါတွေကို ဘယ်လိုစီစဉ်ပေးရသလဲ လေ့လာထားတဲ့ အင်ဒရူးကာနက်ဂျီက
ဝင်ပြီး စီစဉ်ညွှန်ကြားလိုက်တဲ့အခါမှာ လမ်းကြောတွေအကုန်ရှင်းသွားပြီး
ရထားတွေလည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့တော့တယ်။ အဲဒါကို
ကုမ္ပဏီလူကြီးတွေ သိသွားတော့ သူ့ကို အရာရှိအဆင့်ကို တိုးပေးခဲ့တော့တယ်။
အဲဒီလိုအလုပ်ကြိုးစားပြီး လေ့လာအားကောင်းတဲ့ ဒီလူငယ်လေးဟာ
နောင်တစ်ချိန်မှာ ကမ္ဘာကျော်သံမဏိသူဌေးကြီး ဖြစ်လာခဲ့တာကတော့
အထူးပြောစရာလိုတော့မယ် မထင်ပါဘူး။
သူ ဘာကြောင့် အောင်မြင်ခဲ့သလဲဆိုတာကို ပြန်ကြည့်တဲ့အခါမှာ
ထင်ထင်ရှားရှားတွေ့ရတဲ့အချက်တွေကတော့ အလုပ်ကြိုးစားတာရယ်၊ ကိုယ့်အလုပ်နဲ့
နီးစပ်ပတ်သက်တဲ့ တခြားလုပ်ငန်းပိုင်းတွေကိုပါ သိအောင်တတ်အောင်
လေ့လာခဲ့တာတွေပဲ ဖြစ်ပါတယ်။
သူကိုယ်တိုင်လည်း ပြောခဲ့ပါတယ်
Do your duty and a little more, and the future will take care of itself
တာဝန်ကို ကျေပွန်အောင်လုပ်၊ နည်းနည်းထပ်လေ့လာ၊ ဒါဆို အနာဂတ်က သူ့အလိုလို ဖြစ်လာလိမ့်မယ် တဲ့။
သူနဲ့ပုံစံတူ နောက်ထပ်ပညာရှင်တစ်ယောက် ရှိပါသေးတယ်။ သူကတော့ မြန်မာပြည်ကပါ။
ကျွန်တော် ဟောပြောပွဲတွေမှာ မေးကြည့်ပါတယ်၊ ဒီထဲက လူငယ်တွေထဲမှာ
မိုးလေ၀သဌာနမှာ အလုပ်လုပ်ချင်တဲ့သူ ရှိလား ဆိုတော့ လက်ထောင်တဲ့သူ
မရှိသလောက်ပါပဲ။ ဒါတောင် ဒီခေတ်ဟာ မိုးလေ၀သခန့်မှန်းချက်တစ်ခု ဘယ်လောက်ထိ
အရေးပါသလဲဆိုတာ ကောင်းကောင်းသိနေကြပြီဖြစ်တဲ့ အချိန်ပါ။ ဘာကြောင့်
လက်မထောင်လဲဆိုရင် ၀ါသနာမပါတာလည်း ဖြစ်ရင်ဖြစ်မယ်၊
တက်လမ်းလည်းမရှိဘူးထင်တာလည်း ဖြစ်ရင်ဖြစ်မယ်။
ဒါပေမဲ့ အဲဒီလိုပဲ ၀ါသနာလည်းမပါ၊ တက်လမ်းရှိတယ်ထင်လို့လည်းမဟုတ်၊
ကုန်ကုန်ပြောရရင် မိုးလေ၀သဆိုတာတောင် ဘာမှန်းမသိခဲ့ဘဲ ဘ၀ရပ်တည်ဖို့အတွက်
အလုပ်ရရင်ပြီးရော ၀င်လုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ကတော့ ခုချိန်မှာ
အများလေးစားရတဲ့ ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။
ဟုတ်ပါတယ်၊ ဆရာကြီး ဒေါက်တာထွန်းလွင်ပါ။
ငယ်ငယ်ကတည်းက ပညာသိပ်တော်ပြီး ရည်မှန်းချက်ကြီးတဲ့ ဆရာကြီး
ဆယ်တန်းအောင်ပြီးတဲ့ချိန်မှာ မိသားစုက အရမ်းကြပ်တည်းနေခဲ့တယ်၊ အဖေကလည်း
နောက်အိမ်ထောင်ပြုသွားတော့ ကျောင်းဆက်တက်ဖို့ဆိုတာ သိပ်မလွယ်တော့ဘူး။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာပဲ မိုးလေ၀သဌာနက အလုပ်ခေါ်တော့
ဝင်လျှောက်ခဲ့တယ်။ အဓိကက သူအလုပ်တခုခုလုပ်ဖို့ လိုနေတာရယ်၊
ကျောင်းဆက်တက်ချင်တာရယ်ကြောင့်ပါ။
ဒါပေမဲ့ သူက အလုပ်မှာ မပျော်ဘူးဆိုပြီး ညည်းမနေဘူး၊ ကြိုးစားတယ်၊
သူ့အထက်လူကြီးတွေကဆို “မောင်ထွန်းလွင်ဟာ သူရောက်တဲ့နေရာမှာ
အသင့်တော်ဆုံးပဲ၊ သူရောက်နေတဲ့နေရာဟာ သူ့အတွက် အရေးကြီးဆုံးပဲ” လို့တောင်
ပြောယူခဲ့ရတဲ့အထိ။ တစ်ဖက်ကလည်း အလုပ်ဘယ်လောက်ပင်ပန်းပင်ပန်း
ပညာဆက်လေ့လာတယ်၊ စာဖတ်တယ်၊ ဒီလိုနဲ့ မိုးလေ၀သအလုပ်ဟာ အင်မတန်အရေးကြီးမှန်း
မြင်လာတယ်၊ ပိုလည်းစိတ်ဝင်စားလာတယ်။ ဆရာကြီးကိုယ်တိုင် အရမ်းသဘောကျခဲ့တဲ့
‘နောက်ချေးပေါက်က ကြာပေါက်တယ်’ ဆိုတဲ့ စကားလို နွမ်းပါးလှတဲ့
မိသားစုတစ်ခုကနေ မွေးဖွါးခဲ့ပေမဲ့ အင်မတန်ဂုဏ်ယူစရာကောင်းတဲ့
ပညာရှင်တစ်ယောက်အဖြစ် ခုချိန်မှာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အလုပ်တစ်ခုမှာ အောင်မြင်ဖို့ဆိုတာ အဲဒီအလုပ်ကို တကယ်ချစ်ခင်စုံမက်ဖို့
လိုသတဲ့။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မချစ်မနှစ်သက်ဘဲ လက်ထပ်ခဲ့ပြီးမှ
အရမ်းချစ်သွားကြတဲ့ အိမ်ထောင်ဖက်တွေလိုပဲပေါ့၊ ၀ါသနာပါလို့
ရွေးချယ်ခဲ့တာတော့ မဟုတ်ပေမဲ့ ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ အရေးပါမှုကို
သဘောပေါက်သွားတဲ့အချိန်မှာ ချစ်မိသွားပါလိမ့်မယ်။ ဒီအတွက်
အကောင်းဆုံးသက်သေကတော့ အင်ဒရူးကာနက်ဂျီနဲ့ ဆရာကြီးဦးထွန်းလွင်တို့ပဲ
ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေကို သိစေချင်တဲ့ မက်ဆေ့ခ်ျနံပါတ်(၃)ကတော့
ကိုယ့်ပညာရေး အားနည်းချင်နည်းခဲ့မယ်၊ လက်ရှိမှာ
ကိုယ်ဝါသနာမပါတဲ့အလုပ်တစ်ခုကို လုပ်ချင်လုပ်နေရမယ်၊ စိတ်မပျက်ပါနဲ့။
အပြစ်တင်၊ ညည်းညူရုံနဲ့ အောင်မြင်သွားကြတဲ့လူတွေ တစ်ယောက်မှ မရှိပါဘူး။ ဘ၀က
ပေးလာတဲ့အခြေအနေပေါ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အင်ဒရူးကာနက်ဂျီရဲ့ စကားကိုပဲ ထပ်ပြောလိုက်ပါရစေ
အလုပ်ကို တာဝန်ကျေပွန်အောင် လုပ်ပါ၊ ပြီးတော့ ထပ်လေ့လာပါ၊ အနာဂတ်က ကိုယ့်အတွက် အလိုလို ဖြစ်လာပါလိမ့်မယ်။
Ref: သူတို့ ဒီနေရာကို ဘယ်လိုရောက်လာကြသလဲ
No comments:
Post a Comment